လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးဟောပြောပွဲများ ဖိတ်ခေါ်ပါက လာရောက်ဟောပြောပေးမည်

မန္တလေး ၂၄  ဩဂုတ် 


မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးဟောပြောပွဲများ ဖိတ်ခေါ်ပါက လာရောက်ဟောပြောပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းများ၊ ဌာနများက ဖိတ်ခေါ်ပါက လိုက်လံဟောပြောပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ အရေးပေါ် အသက်ကယ်ဆယ်နည်းများကို လက်တွေ့ သရုပ်ပြပေးမည်ဖြစ်ကြောင်း သိရသည်။


" လျှပ်စစ် သုံးစွဲတဲ့သူတွေက ပိုများလာပါပြီ။ လျှပ်စစ်အန္တရာယ်လည်း ပိုများလာပါတယ်။ ဒါကိုလျှော့ချဖို့ အဓိကအသိပညာပေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ လိုတယ်။ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေပေမဲ့ လျှပ်စစ်အန္တရာယ် ဖြစ်ပွားမှုတွေကတော့ ရှိနေပါသေးတယ် " ကော်ပိုရေးရှင်း အင်ဂျင်နီယာစီမံရေးရာဌာနမှ အင်ဂျင်နီယာမှူး ဦးအောင်ကျော်မိုးက ပြောသည်။


လျှပ်စစ်အန္တရာယ်ဖြစ်ပွားမှုအများဆုံးမှာ အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်းများကြောင့်ဖြစ်ပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် တက္ကသိုလ်များ၊ ကျောင်းများ၊ ဌာနဆိုင်ရာများမှတစ်ဆင့် အသိပညာများ ပျံ့နှံ့နိုင်စေရန်ရည်ရွယ်၍ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များအလိုက် လျှပ်စစ်အန္တရာယ် အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးလျက်ရှိကြောင်း အဆိုပါကော်ပိုရေးရှင်းမှ သိရသည်။


ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် တစ်နှစ်လုံးတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်လိုက်မှုဖြစ်စဉ်ပေါင်း ၄၆ မှုဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၄၁ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။


သူရိန်လင်း