လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး နည်းလမ်းကောင်းများ  

 

တင်ထက်ထက်ဇော်

 

ပူပြင်းခြောက်သွေ့သော နွေရောက်ပြီဖြစ်ရာ ယခင်ထက်ပို၍ ပန်ကာ၊ အဲကွန်းများ အသုံးပြုလာ ကြသည့်အတွက် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲ ရေးနည်းလမ်းကောင်းများကို ရေးသားအကြံပြုလိုပါသည်။

မြန်မာနိုင်ငံတွင် ကောက်ခံနေသော လျှပ်စစ်ဓာတ်အားသုံးစွဲခသည် အခြားနိုင်ငံများနှင့်ယှဉ်လျှင် များစွာ သက်သာမှုရှိပါသည်။ ပြည်သူများအနေဖြင့် ဈေးနှုန်းချိုသာသော လျှပ်စစ်ဓာတ်အားကို ရရှိသုံးစွဲ နေရသဖြင့် လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲရန် သတိမမူခြင်းဖြစ်သည်။ လေ့လာကြည့်ရာ၌ ပျမ်းမျှ လူ ၁၀ ဦးလျှင် ခုနစ်ဦးနှုန်းခန့် လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲရန် မေ့လျော့နေကြသည် (ဝါ) ချွေတာ သုံးစွဲရမည့်အသိ     လွန်စွာအားနည်းကြသည်။ လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲခြင်းဖြင့် မိမိတို့မိသားစုအတွက် မီတာခ ကျသင့်ငွေ လျော့နည်းမည်ဖြစ်ပြီး  အသုံးစရိတ်ချွေတာရာလည်း  ရောက်ပါသည်။

နိုင်ငံတော်ဓာတ်အားစနစ်မှ     လျှပ်စစ် ဓာတ်အားရရှိသုံးစွဲနေသည်မှာ နိုင်ငံလူဦးရေ၏ ၆၁ ရာခိုင်နှုန်းခန့်ရှိသည်။ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲ နေသော  အိမ်ထောင်စုတစ်စုချင်းစီက  လျှပ်စစ် ဓာတ်အားကို အကျိုးရှိရှိ စနစ်တကျ ချွေချွေတာတာ သုံးစွဲတတ်မည်ဆိုပါက သုံးစွဲသူများအတွက် မီတာခများပေးချေရမှု လျော့နည်းသည့် လက်ငင်းအကျိုးကျေးဇူးကို ခံစားရနိုင်သကဲ့သို့ နိုင်ငံတော်ဓာတ်အား စနစ်အတွင်း ဝန်အားထိန်းညှိလျှော့ချရမည့် ပမာဏလည်း  လျော့နည်းသွားပေလိမ့်မည်။ ထိုအခါ လျှပ်စစ်မီးမရရှိသေးသော ပြည်သူများကို လျှပ်စစ် ဓာတ်အားတိုးချဲ့ဖြန့်ဖြူးပေးနိုင်သဖြင့် ပြည်သူတစ်ရပ်လုံး သာတူညီမျှခံစားရမည်ဖြစ်သည်။

 

လျှပ်စစ်မီတာချွေတာခြင်းအတွက် အရေးပါသော LED မီးသီး၊ မီးချောင်းများ

 

လျှပ်စစ်ဓာတ်အား ချွေတာရေးနည်းလမ်းများအနက် လက်ငင်းအကျိုးကျေးဇူးများပြားပြီး ထိရောက်မှုအရှိဆုံး နည်းမှာ ဓာတ်အားသုံးစွဲမှုများသော မီးသီး၊ မီးချောင်းများကို ဓာတ်အားသုံးစွဲမှုနည်းသော LED မီးသီး၊ မီးချောင်းများဖြင့် အစားထိုးအသုံးပြုခြင်းဖြစ်သည်။ နှိုင်းယှဉ်ကြည့်ရာ၌ လက်ရှိအသုံးပြုနေသော လေးပေ မီးချောင်းတစ်ချောင်း၏ ဓာတ်အားသုံးစွဲမှုမှာ ဝပ် ၄၀ ဖြစ်ပြီး လင်းအားတူ LED မီးချောင်း၏ ဓာတ်အားသုံးစွဲမှုမှာ ၁၆ ဝပ်သာရှိသည်။

သို့ဖြစ်ရာ နိုင်ငံတော်ဓာတ်အားစနစ်မှ ရရှိသုံးစွဲနေသော အိမ်ထောင်စု ၆ ဒသမ ၆ သန်းအနက် အိမ်ထောင်စုတစ်စုလျှင် ဝပ် ၄၀ လေးပေမီးချောင်း နှစ်ချောင်းအား LED မီးချောင်းဖြင့် အစားထိုးအသုံး ပြုမည်ဆိုပါက အိမ်ထောင်စုတစ်စုလျှင် ဝပ် ၄၀ သက်သာပါမည်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဓာတ်အားသုံးစွဲမှု ၃၁၆ ဒသမ ၈ မဂ္ဂါဝပ်သက်သာ သွားမည်ဖြစ်သောကြောင့် ဝန်အားထိန်းညှိလျှော့ချ ရမည့်ပမာဏ လျော့နည်းသွားပေလိမ့်မည်။ ထို့ပြင်လျှပ်စစ်မီတာမရရှိသေးသော ပြည်သူများအား လျှပ်စစ်မီတာများ တိုးချဲ့တပ်ဆင်နိုင်မည်ဖြစ်သည်။

ထို့ပြင် လက်ရှိလမ်းမီးအဖြစ် အသုံးပြုနေသော ဝပ် ၁၅၀၊ ဝပ် ၂၅၀ နှင့် ဝပ် ၄၀၀ ဆိုဒီယမ်မီးသီးများနှင့် ရိုးရိုးအိမ်သုံး ဝပ် ၄၀၊ ဝပ် ၆၀ နှင့် ဝပ် ၁၀၀ ရှိ မီးသီး၊ လေးပေမီးချောင်းများအား LED မီးသီး၊ မီးချောင်းများဖြင့် အစားထိုးလဲလှယ်အသုံးပြုပါက သက်တမ်းပိုမိုကြာရှည်ခံခြင်း၊ အလင်းအား ပိုမိုကောင်းမွန်ခြင်းနှင့် စွမ်းအင်သုံးစွဲမှု ထက်ဝက်ကျော်လျော့ကျသွားသောကြောင့် မီတာခကုန်ကျစရိတ် ထက်ဝက် (၅၀ ရာခိုင်နှုန်း) ကျော်ခန့် သက်သာသွား ခြင်း အစရှိသောကျေးဇူးများရရှိမည်ဖြစ်ပါသည်။

LED မီးသီး၊ မီးချောင်းများသည် စွမ်းအင်သုံးစွဲမှု သက်သာခြင်း၊ သက်တမ်းရှည်ကြာခြင်း၊ အဖွင့်အပိတ် အကြိမ်ရေများခြင်းအပေါ် ခံနိုင်ရည်ရှိခြင်း၊ ဗို့အားနိမ့်တွင်သုံးစွဲနိုင်ခြင်း၊ အလင်းအားကိုလိုသလို လျှော့ချအသုံးပြုနိုင်ခြင်း၊ အပူနှင့် ခရမ်းလွန်ရောင်ခြည်ထုတ်လွှတ်မှု မရှိခြင်းနှင့် အလင်းရောင်အေးမြခြင်း အစရှိသောအားသာချက်များ ရရှိမည်ဖြစ်သည်။ LED မီးသီး၊ မီးချောင်းများ၏ ကနဦးတပ်ဆင်စရိတ်မှာ ကြီးမားသော်လည်း စွမ်းအင်သုံးစွဲမှု ထက်ဝက်ကျော်ခန့် လျော့ကျသွားသောကြောင့် ဓာတ်အားခ (မီတာခ) ပေးဆောင်ရမှု မှာ ထက်ဝက်ကျော်ခန့် သက်သာသွားမည်ဖြစ်ကာ ရေရှည်အတွက် အကျိုးရှိလှပေသည်။

 

ကမ္ဘာအတွက်အချိန်

 

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့ (WWF) က စီစဉ်သည့် “Earth Hour - ကမ္ဘာအတွက် အချိန် လှုပ်ရှားမှုတွင် ၂၀၂၄ ခုနှစ် မတ်လ ၂၃ ရက် နေ့ ဒေသစံတော်ချိန် ည ၈ နာရီခွဲမှ ၉ နာရီခွဲအတွင်း သက်ဆိုင်ရာ နိုင်ငံအလိုက် ကမ္ဘာ့အထင်ကရ အဆောက်အအုံများ၊ မျှော်စင်များ၊ အထိမ်းအမှတ် အဆောက်အအုံများ၏ အပြင်ဘက်ရှိ အလှဆင်မီးများ၊ မလိုအပ်သည့်မီးများကိုပိတ်ကာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ ယင်းလှုပ်ရှားမှုသည် ရာသီဥတု ပြောင်းလဲလာမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အများပြည်သူတို့ သတိပြုမိစေရန် ရည်ရွယ်ရင်းဖြစ်ပါသည်။

ယင်းလှုပ်ရှားမှုကို ၂၀၀၇ ခုနှစ် မတ်လတွင် သြစတြေးလျနိုင်ငံ၌ စတင်ခဲ့ပြီး နှစ်စဉ်မတ်လ နောက်ဆုံးပတ် စနေနေ့တွင် ကျင်းပခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် အဆိုပါအခမ်းအနားကို ၂၀၁၆ ခုနှစ်က ပထမအဆုံးအကြိမ် ပါဝင်ဆင်နွှဲခဲ့သည်။ ၂၀၁၇ ခုနှစ်တွင်လည်း ရန်ကုန်မြို့တွင် အရေးတကြီး မလိုအပ်သည့် လျှပ်စစ်မီးများ မှိတ်ခဲ့ကြပြီး ရွှေတိဂုံ စေတီတော်တွင် ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်ခဲ့ကြသည်။

ယခုနှစ်လှုပ်ရှားမှုတွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ ပေါင်း ၁၉၀ ကျော်မှ လူပေါင်း သန်းချီပါဝင်ဆင်နွှဲခဲ့ကြသည်။ ပြင်သစ်နိုင်ငံရှိ အီဖယ်တာဝါ၊ သြစတြေးလျနိုင်ငံရှိ ဆစ်ဒနီအော်ပရာဟောက်စ်နှင့် ဆစ်ဒနီဆိပ်ကမ်းတံတား၊ ဂျပန်နိုင်ငံရှိ တိုကျိုတာဝါတို့သည် အပြင်ဘက်မီးကို မှိတ်၍ပါဝင်ဆင်နွှဲခဲ့ကြသည်။ ထို့ပြင် ကုလသမဂ္ဂ အဆောက်အအုံ၏ အထပ် ၄၀ ရှိ မီးများအားလုံးကိုလည်း မိနစ် ၆၀ ကြာ ပိတ်ထားခဲ့သည်။

 

လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး နည်းလမ်းကောင်းများ

 

နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးနည်းလမ်းများကို လိုက်နာဆောင်ရွက် ပေးကြပါရန် အသိပေးတိုက်တွန်းနှိုးဆော်လျက်ရှိသည်။ အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း ပြုမူကျင့်ကြံခြင်းဖြင့် လျှပ်စစ်မီတာယူနစ်များ လျော့ကျသွားကာ မိသားစုအတွင်း ငွေကုန်ကြေးကျ သက်သာသွားပြီး နိုင်ငံတော်အတွက်လည်း ဝန်ထုပ်ဝန်ပိုးလျော့ကျ စေမည်ဖြစ်ပါသည်။

 

လတ်တလောအသုံးမပြုသည့် လျှပ်စစ်ပစ္စည်းများ၏ ပလပ်ခေါင်းများကို ပလပ်ပေါက်များမှ ဖြုတ်ထားပါ။

ညအချိန် အိပ်နေချိန်တွင် လျှပ်စစ်မီးများ ပိတ်ထားခြင်းဖြင့် လျှပ်စစ်မီးကို နေ့စဉ်ချွေတာ သင့်ပါသည်။

တီဗွီ၊ ဗွီစီဒီစက်၊ play station၊ ကွန်ပျူတာနှင့် အခြားလျှပ်စစ်ပစ္စည်းများကို အသုံးမလိုတော့ပါက မီးခလုတ်များ ပိတ်ထားပါ။ အကယ်၍ ပလပ်တပ်ပြီး standby mode သို့မဟုတ် power ဖွင့်ထားခဲ့လျှင် မီးသုံးစွဲမှု ၁၀ ရာခိုင်နှုန်း သက်သာစေမည်ဖြစ်သည်။

ယနေ့ လူအများအပြားသုံးလေ့ရှိကြသော ဘုရားခန်းရှိ ဘုရားဆင်းတုတော် နောက်ခံမီးဆိုင်း၊ မီးလုံးများအစား LED sport lightများကို ပြောင်းလဲသုံးစွဲပါက လျှပ်စစ်မီတာခ ထက်ဝက်ကျော်မျှ သက်သာသွားပါမည်။

အိပ်ခန်းအတွက် အလင်းရောင်ပိုမိုရရှိစေရန် ခြေတံရှည်မီးတိုင် သို့မဟုတ် မီးအိမ်တို့ကို ပြောင်းလဲ အသုံးပြုသင့်သည်။ နံရံနှစ်ဖက်မှ အလင်းပြန်မှုရရှိပြီး အလင်းရောင် ပိုမိုကောင်းမွန်စွာရရှိစေရန် အခန်းနံရံ ထောင့်တွင်ထား၍ သုံးစွဲသင့်သည်။

အဝတ်လျှော်စက်ဖြင့် အဝတ်လျှော်ရာတွင်လည်း လျှော်ကန်၏ သုံးပုံနှစ်ပုံစာ အဝတ်ရှိမှသာ လျှော်သင့်ပါသည်။ လျှော်ဖွပ်ပြီးနောက် အခြောက်ခံစက်ထက် ရေညှစ်သည့်စက်ကို ပိုမိုဦးစားပေးသုံးသင့်ပါသည်။ အခြောက်ခံ စက်ကို အသုံးပြု၍ ခြောက်သွေ့စေခြင်းထက် သဘာဝနေရောင်ခြည်၊ သဘာဝလေထုနှင့် ခြောက်သွေ့စေခြင်းက မီတာခချွေတာရာ ရောက်သလို အဝတ်အထည်၏ အရည်အသွေးကျဆင်းမှုကိုလည်း သက်သာစေပါသည်။ ရေညှစ်စက်ထဲမှ အဝတ်များကို သေချာစွာခါပြီး လှန်းခြင်းဖြင့်လည်း ကြေမွမှုနည်းပြီး မီးပူတိုက်ရာမှာ သက်သာစေသည့်အတွက် လျှပ်စစ်စွမ်းအင် ချွေတာရာရောက်ပါသည်။

Aircon filterများကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးသင့်ပါသည်။ သို့မဟုတ်ပါက Aircon filter မှာ လေထုထဲမှ မသန့်ရှင်းသောဖုန်မှုန့်များ ပြည့်နေပြီး Aircon မှာ ပုံမှန်ထက်ပို၍ အလုပ်လုပ်ရသဖြင့် လျှပ်စစ်စွမ်းအင်ကို ပိုမို ကုန်ကျစေသည့်အပြင် မီတာကုန်သလောက် အကျိုးမရှိနိုင်ဘဲ အအေးဓာတ်လျော့ကျတတ်ပါသည်။

ရေခဲသေတ္တာထဲတွင် အစားအသောက်များ ပြည့်ကျပ်မနေစေရန် ဂရုပြုသင့်သည်။ ပြည့်ကျပ်စွာထည့်မိပါက ရေခဲသေတ္တာ လည်ပတ်မှု ကောင်းစွာမရရှိနိုင်တော့ဘဲ ပိုမိုအလုပ်လုပ်ရပြီး စွမ်းအင်ပိုကုန်စေပါသည်။ အပူငွေ့ရှိသောအစားအသောက်များကို ရေခဲသေတ္တာထဲသို့ ထည့်၍သိမ်းဆည်းမည်ဆိုပါက အပြင်မှာ အအေးခံပြီးမှ သိမ်းဆည်းသင့်သည်။ အချို့သောအရည်များကို အဖုံးပါသောဘူး၊ ခွက်တို့ဖြင့် ထည့်ခြင်းကလည်း အငွေ့ပြန်ခြင်း ကြောင့် ရေခဲသေတ္တာ အလုပ်များများလုပ်ရပြီး လျှပ်စစ်စွမ်းအင် ကုန်ကျစေခြင်းမှ ကာကွယ်ရာ ရောက်ပါသည်။

ကော်ဖီ၊ လက်ဖက်ရည်သောက်သုံးလို၍ ရေနွေး တည်သောအခါတွင် ရေကို လိုအပ်သောပမာဏထက် ပိုမ တည်သင့်ပေ။ ပမာဏများလေ လျှပ်စစ်စွမ်းအင်သုံးစွဲရန် ပိုလိုအပ်လေဖြစ်သောကြောင့် ၎င်းအချက်သည်လည်း စွမ်းအင်ချွေတာခြင်းအတွက် လိုအပ်ပါသည်။ သို့မှသာမိမိသုံးစွဲသောပစ္စည်းများ၏ အရည်အသွေးကို ကြာရှည်စွာထိန်းသိမ်းအသုံးပြုနိုင်ပြီး လျှပ်စစ် စွမ်းအင်ကိုလည်း ချွေတာရာ ရောက်မည်ဖြစ်ပါသည်။

မြက်ခင်းရေဖျန်းစနစ် ရေပန်းတို့ကို လိုအပ်သည်ထက် အချိန်ပိုသုံးခြင်းကို လျှော့ချပါ။

ရေပိုကုန်ရာမှ ရေစုပ်စက်/ ရေတင်စက်များကို အချိန်ကြာကြာသုံးရသဖြင့် လျှပ်စစ်မီတာခ ပိုမို ကုန်ကျစေနိုင်ပါသည်။

ယနေ့မြန်မာနိုင်ငံတွင် လူတန်းစေ့နီးပါး လက်ကိုင်ဖုန်းများကို သုံးစွဲနိုင်ပြီဖြစ်ရာ ဖုန်းများအားသွင်းရာ၌ ဘက်ထရီမီးအားပြည့်ပြီ ဖြစ်သော်လည်း ဆက်လက်အားသွင်းနေခြင်းက လျှပ်စစ်မီတာ ပိုကုန်သည့်အပြင် ဖုန်း၏ခံနိုင်ရည်အား ကျဆင်းတတ်ပါသည်။ အခန့်မသင့်ပါက ဖုန်းမီးလောင်ခြင်း၊ ထိုမှတစ်ဆင့် အိမ်မီးလောင်သည် အထိ မီးဘေးအန္တရာယ် ဖြစ်စေသော သာဓကများစွာရှိပါသည်။

 

မီတာခသက်သာစေမည့် အဲကွန်းဖွင့်နည်း

 

ရုပ်ဝတ္ထုပစ္စည်းများ ဆန်းသစ်လာသည်နှင့်အမျှ လူသားတို့၏ တောင်းတချက်များကလည်း မဆုံးနိုင်ဖြစ်နေကြသည်။ ကမ္ဘာကြီးပူနွေးလာသည့်အလျောက် အဲကွန်းလေအေးပေးစက်များက ရှေးခေတ်ကလို ဇိမ်ခံပစ္စည်းသက်သက် မဟုတ်တော့ဘဲ မရှိမဖြစ်အိမ်သုံးပစ္စည်းတစ်ခုအဖြစ် နေရာယူနေပါသည်။ အဲကွန်းထိန်းကိရိယာ (Aircon Remote Control) က အပူချိန်ကို အနိမ့်ဆုံးဖြစ်စေ သည့် ၁၆ သို့မဟုတ် ၁၈ ဒီဂရီတွင်ထားလျှင် ၂၅ ဒီဂရီမှာထားခြင်းထက် ပိုအေးသောလေများ ထွက်ရှိလာပါလိမ့်မည်။ ထိုအခါ အခန်းလည်း လျင်လျင်မြန်မြန် ပိုအေးလိမ့်မည်ဟု လူအများစုက ထင်တတ်ကြပါသည်။ ဤအတွေး လုံးဝမမှန်ပါ။ အမှန်စင်စစ် အဲကွန်းက ထွက်လာသည့်လေသည် Remote Control သုံး၍ မိမိချိန်ညှိထားသောအပူချိန်နှင့် မသက်ဆိုင်ဘဲ တစ်သမတ်တည်းသာဖြစ်ပါသည်။

ယနေ့ခေတ် သုံးနေကြသော Split Type Aircon များတွင် Indoor Unit နှင့် Outdoor Unit ဟူ၍ နှစ်ပိုင်းပါရှိသည်။ Indoor Unit ထဲရှိ Evaporator က အခန်းတွင်း လေထုထဲရှိ ရေငွေ့များကို ဖယ်ရှားပေးပါသည်။ Outdoor Unit ထဲရှိ Compressor နှင့် Condenser တို့က လေထဲက အပူကို ဖယ်ရှားပြီး လေကိုအေးမြအောင် လုပ်ပေးပါသည်။ ဥပမာ အိမ်အပြင်မှာ ၃၅ ဒီဂရီ ရှိနေချိန် အခန်းတွင်းမှာ အဲကွန်းကို ၂၅ ဒီဂရီ ချိန်ညှိထားပါက ၎င်း ၂၅ ဒီဂရီသို့ မရောက်မချင်း အဲကွန်း၏ Indoor Unit က အခန်းတွင်းရှိ လေထုကို စုပ်ယူလိုက်၊ Outdoor Unit က လေထဲက ရေငွေ့နှင့် အပူတို့ကို ဖယ်ရှားပြီး အေးမြသောလေကို အခန်းတွင်းသို့ ပြန်မှုတ်သွင်းလိုက်တစ်လှည့်စီ မှန်မှန်ပြုလုပ်ပေးခြင်းဖြင့် အခန်းတွင်းက အပူချိန်ကို တဖြည်းဖြည်း ကျဆင်းသွားကာ အေးမြလာစေပါသည်။

ဤနည်းဖြင့် အခန်းတွင်းအပူချိန် ကျဆင်းလာကာ သုံးစွဲသူသတ်မှတ်ထားသော အပူချိန်ကို ရောက်သည့်အခါ အဲကွန်းစနစ်က အလိုအလျောက် ခေတ္တရပ်ပေးပါသည်။ ထို့နောက် အခန်းတွင်း အပူချိန်က ၂၅ ဒီဂရီအထက် ပြန်မြင့်တက်လာသော အခါမှအဲကွန်းက အလုပ်ပြန်လုပ်ပေးပါသည်။ ၎င်းဖြစ်စဉ်ကို လေ့လာကြည့်ပါ။ အိမ်ပြင်ဘက်က ၃၅ ဒီဂရီအပူချိန်ကို ရှောင်သည့်အနေဖြင့် မိမိအိမ်တွင်းမှာ အေးမြလာစေရန် Aircon Remote Control တွင် ၂၅ ဒီဂရီထားသူနှင့် ၁၆ ဒီဂရီထားသူများတွင် ဓာတ်အားသုံးစွဲမှုချင်း မတူတော့ပေ။ အခန်းတွင်းအပူချိန်ကို ၁၆ ဒီဂရီအထိ ချထားခြင်းက အဲကွန်းလုပ်ဆောင်ချက်အတွက် ခက်ခဲသည့်အပြင် ၎င်းအနေအထားသို့ မရောက်မချင်း အဲကွန်းက မနားတမ်းအလုပ်လုပ်ရသဖြင့် လျှပ်စစ်မီတာခ အလွန်ကုန်ကျပါသည်။

ထို့ပြင် အဲကွန်းစက်အတွက် ဝန်ပိစေပြီး သုံးစွဲနိုင်သော သက်တမ်းတိုတောင်းစေ (ပျက်လွယ်) သည်။ ကျန်းမာရေးရှုထောင့်က ကြည့်လျှင်လည်း အခန်းအပူချိန် ၁၆ ဒီဂရီက အိမ်အပြင်ဘက် အပူချိန် ၃၅ ဒီဂရီနှင့် နှစ်ဆခန့်ကွာဟနေသဖြင့် အိမ်တွင်းမှ အိမ်ပြင်သို့ အဝင်အထွက်ပြုလုပ်သည့်အခါ အလွန်အေး၊ အလွန်ပူသော ခံစားချက်တို့က လူကို သွေးခုန်နှုန်းမြန်ဆန်ကာ ဦးခေါင်းကိုက်ခဲစေပြီး ဆိုးရွားသော အခြေအနေမျိုးတွင် ရှော့ခ်(Shock) သတိလစ်ခြင်း ကိုဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အဲကွန်းကို အအေးဆုံးဒီဂရီထားခြင်းက မီတာခအလွန်များခြင်း၊ စက်ပျက်လွယ်ခြင်းနှင့် ကျန်းမာရေးဆိုးကျိုးများကို ပေးပါသည်။ ထို့နည်းတူစွာပင် ပန်ကာ၏လေတိုက် နှုန်း ခလုတ်ကို အဆုံးအထိမြှင့်ထားခြင်းကလည်း ဘေးထွက်ဆိုးကျိုးများစေပါသည်။

အချုပ်အားဖြင့်ဆိုသော် လူမှုဘဝများ ခေတ်မီဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အီလက်ထရွန်နစ်များ တိုးမြှင့် သုံးစွဲလာကြရာ တစ်ဖက်တွင်လည်း အသုံးမတတ်ပါက အဖြုန်းဖြစ်စေသည်။ နိုင်ငံသားတိုင်း ချွေတာသုံးစွဲသင့်သောအရာများတွင် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲခြင်းကလည်း လိုအပ်ချက် တစ်ခုဖြစ်သည်။ ပြည်သူလူထုအနေဖြင့် မိမိတို့ နေအိမ်များ၊ ကျောင်းများ၊ ဈေးများ၊ ရုံးများ၊ အဆောက် အအုံများ၊ စက်ရုံ၊ အလုပ်ရုံများတွင် လက်ရှိအသုံးပြု နေသော မီးသီး၊ မီးချောင်းများနှင့် လမ်းမီးများနေရာ၌ LED မီးသီး၊ မီးချောင်းများဖြင့် အစားထိုးလဲလှယ် အသုံးပြုကြစေလိုပါသည်။ ထိုအခါ မီတာခပေးဆောင်ရမှု လျော့နည်းမည့်အပြင် နိုင်ငံတော်အတွက် လျှပ်စစ်ဓာတ်အား ချွေတာပေးရာ ရောက်ပါသည်။ သို့ပါ၍ အိမ်ထောင်စုတိုင်းက လျှပ်စစ်ပစ္စည်းများကို လိုအပ်မှသုံး၊ ချွေတာသုံး ဘေးကင်းလုံခြုံမှု သတိရှိကြပါရန် တိုက်တွန်းလိုက်ရပါသည်။