လျှပ်စစ်ဓာတ်အားစီမံကိန်းများဖော်ဆောင်

နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားစီးပွားရေး မြင့်မားတိုးတက်မှသာ ထိုနိုင်ငံ၏ လူမှုဘဝလည်း မြင့်မားတိုးတက်လာမည် ဖြစ်သည်။ နိုင်ငံ၏ အမျိုးသား စီးပွားမြင့်မားတိုးတက်ရေး၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် အဓိက ကျသော အချက်တစ်ချက်ဖြစ်သည်။ လျှပ်စစ်ဓာတ်အားသည် စီးပွားရေး တိုးတက်၍ ခေတ်နှင့်အညီ ပြည်သူလူထု၏ဘဝ အဆင့်အတန်း မြင့်မား တိုးတက်စေရန် အာမခံချက်ပေးသည်။


ကမ္ဘာပေါ်တွင် နေ့စဉ်နှင့်အမျှ တိုးတက်များပြားလာသောလူဦးရေနှင့် စက်မှုမြို့ပြ ဖွံ့ဖြိုးတိုးတက်လာမှုများအတွက် အဓိကလိုအပ်သော လျှပ်စစ်ဓာတ်အားများကို တိုးတက်ရှာဖွေနေကြသည်။ မြန်မာနိုင်ငံ အနေ ဖြင့် သဘာဝသယံဇာတ ပေါများကြွယ်ဝသောနိုင်ငံဖြစ်၍ လိုအပ်သော လျှပ်စစ်ဓာတ်အားကို တိုးတက်ရှာဖွေနိုင်သော်လည်း တိုင်းပြည် ဘဏ္ဍာ ကြွယ်ဝမှု၌ အားနည်းမှုရှိနေသေးသောကြောင့် ပြည့်စုံအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးချေ။ လိုအပ်သောလျှပ်စစ်ဓာတ်အားအတွက် ပြည်ပ ချေးငွေများဖြင့် လည်ပတ်နိုင်အောင် အားထုတ်နေရသည်ကို မြင်တွေ့ရသည်။


လျှပ်စစ်ဓာတ်အား လုံလောက်မှုမရှိခြင်းသည် ထုတ်လုပ်နိုင်မှုပမာဏ လိုအပ်သလောက်မရရှိခြင်းနှင့် ဓာတ်အားလိုင်း၊ ဓာတ်အားတင်ပို့ရေး မဖြည့်စွမ်း နိုင်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးကိုနည်းလမ်းရှာဖွေဆောင်ရွက်ကြရသကဲ့သို့ ပြုပြင်ခြင်းနှင့် တည်ဆောက်ခြင်း လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်ပေးလျက်ရှိသည်။


မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုပမာဏသည် ၁၉၈၈ ခုနှစ်က ၂ ဒသမ ၂၂၆ ဘီလီယံ ကီလိုဝပ်နာရီရှိပြီး ၂၀၁၂ ခုနှစ်တွင် ၉ ဒသမ ၇၁၁ ဘီလီယံကီလိုဝပ်နာရီ တိုးတက်ထုတ်လုပ်ခဲ့ရသည်။ တိုးတက်လာသော အခြေအနေအရပ်ရပ်တို့ကြောင့် ကီလိုဝပ်နာရီများ တိုးတက်နိုင်ရေး နှစ်စဉ် ကြိုးပမ်းအားထုတ်လျက်ရှိသည်။ ကမ္ဘာပေါ်တွင်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကို ရေအားလျှပ်စစ်၊ မီးအားလျှပ်စစ်၊ နျူကလီးယား လျှပ်စစ်နှင့် အခြားအသစ်စွမ်းအင်များဖြင့် ထုတ်လုပ်လျက်ရှိသည်။


မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး နည်းလမ်းအမျိုးမျိုးရှိသည့်အနက် ရေအားလျှပ်စစ်ရရှိရေးကို အ ဓိကထားဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ရှိသည့်စက်စွမ်းအားများဖြင့် နည်းလမ်းကြံဆဆောင်ရွက်ခဲ့ရာ ယခင်ထက်စာလျှင် လျှပ်စစ်ဓာတ်အားရရှိမှုများ တိုးတက်လာသည်ဟုဆိုရမည် ဖြစ်သည်။ လက်ရှိတွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုအားလုံး အနက်မှ ၄၄ ရာခိုင်နှုန်းမှာ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိနေပြီဖြစ်သည်။

 
၂၀၂၀-၂၀၂၁ ခုနှစ်တွင် အိမ်ထောင်စု ၅၅ ရာခိုင်နှုန်း တိုးတက်ရရှိအောင် လျာထားဆောင်ရွက်လျက်ရှိပြီး အနာဂတ်ကာလ လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်အဖြစ် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် အိမ်ထောင်စုဦးရေ ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀-၂၀၃၁ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိအိမ်ထောင်စုဦးရေ ရာခိုင်နှုန်းပြည့် လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရရှိနိုင်ရေး ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


တစ်နိုင်ငံလုံးရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိနိုင်ရေးအတွက် နှစ်စဉ်စီမံကိန်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင် တိုင်းပြည်၏ ဘဏ္ဍာငွေကြေးတောင့်တင်းခိုင်မာမှုမရှိသေး၍ ဘဏ္ဍာငွေရရှိရေးကို နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်ရသည်။ ပြည်ထောင်စုဘဏ္ဍာငွေ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့တို့၏ နှစ်စဉ်ခွင့်ပြုရန်ပုံငွေ၊ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော  World Bank၊ ADB ၊JIC၊ KFW Bank တို့မှ အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေများဖြင့် ပြည်သူများလျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်ပြည့်မီအောင် ကြိုးပမ်းအကောင်အထည်ဖော်နေသည်ကို တွေ့ရသည်။


သို့ဖြစ်ရာ တိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုးအတွက် လျှပ်စစ်ဓာတ်အားရရှိရေးလုပ်ငန်းများသည် အခက်အခဲများစွာကြားမှ ကြိုးပမ်း ဆောင်ရွက်နေရသော စီမံကိန်းလုပ်ငန်းများဖြစ်သည်ကို ပြည်သူလူထုအနေဖြင့် သိမြင်နားလည်နိုင်ကြမည်ဖြစ်ပြီး ရရှိပြီးသော လျှပ်စစ်ဓာတ်အား များနှင့်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို အလေးထားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။ ကြေးမုံ