လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (စွမ်းအင်ကဏ္ဍ)၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ 

နေပြည်တော်  ၂၅ မေ

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (စွမ်းအင်ကဏ္ဍ)၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။ 

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပထမသုံးလပတ်နှင့် ဒုတိယသုံးလပတ် ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မှုများ၏ အားနည်းချက်၊ အားသာချက်များကိုဖော်ထုတ်၍ လာမည့် တတိယ သုံးလပတ်ကာလအတွင်း ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ တာဝန်ယူထားသည့် စွမ်းအင်ကဏ္ဍသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်ပြီး နိုင်ငံတော်ဝင်ငွေအတွက်လည်း အဓိက အားထားရပါကြောင်း၊  မိမိတို့အနေဖြင့် ပြည်တွင်းသုံး ရေနံနှင့်သဘာဝဓာတ်ငွေ့ လိုအပ် ချက်ကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်း ပေးနိုင်ရန် ပြည်ပသို့ ရေနံနှင့်သဘာဝဓာတ် ငွေ့ရောင်းချ၊ ပို့လွှတ်ပေးရန် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ ယခုထက် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး စီမံချက်များစနစ်တကျရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။ 

 

 ပြည်တွင်းစက်သုံးဆီ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် လက်ရှိ ရေနံချက်စက်ရုံများအား ပြုပြင်လည်ပတ် သကဲ့သို့ စက်စွမ်းအား ပိုမိုမြင့်မားသည့် ရေနံဓာတုဗေဒစက်ရုံများ တည်ဆောက်ရေးကိုလည်း စီမံဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် Mini-refineryများ စနစ်တကျ တည်ဆောက် ဆောင်ရွက်နိုင် ရေးအတွက် နည်းပညာဆိုင်ရာများ ပံ့ပိုးကူညီရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည့် ယူရီးယားဓာတ်မြေသြဇာ ထုတ်လုပ်ခြင်းကိုလည်း ပိုမိုဖွံ့ဖြိုးတိုးတက်အောင် စီမံရမည် ဖြစ်ကြောင်း၊ စီးပွားရေး တွက်ခြေကိုက်ပြီး အမှန်တကယ်အကျိုးရှိမည့် ခေတ်မီ ဓာတ်မြေသြဇာစက်ရုံများ တည်ဆောက်ရေးကိုလည်း စီမံထားရန် လိုအပ်ပါကြောင်း။

 

မိမိတို့ လျာထားချက် ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် အိမ်ထောင်စု ၁ သန်း LPG သုံးစွဲနိုင်ရေးကို ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ရေနံဓာတ်ငွေ့ ရည်သုံးစွဲမှုကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် စက်သုံးဆီဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းအား ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ၂၀၁၀ ခုနှစ်မှစတင်၍ လုပ်ကိုင်ခွင့်ပြုခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်က ထုတ်ပြန်ခဲ့သော ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဉပဒေနှင့်အညီ ဖြစ်စေရန်အတွက် ဈေးကွက်ရှိ စက်သုံးဆီ အရည်အသွေး၊ အချင်အတွယ်များ ပြည့်မီအောင် စစ်ဆေး ကြပ်မတ်ခြင်းများကိုလည်း ယခုထက် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများအား အရည်အသွေး၊ အချင်အတွယ်ပြည့်ဝသည့် စက်သုံးဆီများ အသုံးပြုနိုင်ရေး စီမံပေးရန် ဖြစ်ပါကြောင်း။

 

နိုင်ငံတော်အတွက် အရေးပေါ်ကိစ္စရပ်များတွင် အသုံးပြုနိုင်ရန် စက်သုံးဆီ အရန်သိုလှောင် ထားမှုများကိုလည်း စီမံထားရန် လိုအပ်ပါကြောင်း၊ အထက်ပါလုပ်ငန်းများကို စနစ်တကျ ကြီးကြပ်စစ်ဆေးနိုင်ရန် မကြာမီ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနတစ်ခု အသစ်ဖွင့်လှစ်၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း။

 

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများကျဆင်းမှု၏ Impact ကို ကြိုတင်ပြင်ဆင် ရမည်ဖြစ်ပြီး အခြားဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက် မှုများကို သုံးသပ်၍ သက်ရောက်မှု အနည်းဆုံးဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အရန်စက်သုံးဆီများ သိုလှောင်ထားရှိရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ထိန်းချုပ်နေသောကာလအတွင်း မိမိတို့လုပ်ငန်းအလိုက် စီမံကိန်းများ နှောင့်နှေး ကြန့်ကြာမှု ဖြစ်ပေါ်နေရသည့် အခြေအနေများကို အသေးစိတ်တင်ပြကြရန် လိုအပ်ကြောင်း၊ COVID-19 Impact အား ပြန်လည်ကုစားနိုင်ရန် Prevention Planများ ရေးဆွဲထားရန် လိုအပ်ပါကြောင်း၊ သို့မှသာ စီမံကိန်းလုပ်ငန်းများ သတ်မှတ်အချိန်အတွင်း အတတ်နိုင်ဆုံး ပြီးစီးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း၍ ဝိုင်းဝန်း ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ မကြာမီ မုတ်သုံကာလ ကျရောက်လာတော့မည်ဖြစ်သဖြင့် သဘာဝဘေး န္တရာယ်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီး အကဲများ၊ ရေနံမြေအထွေထွေ မန်နေဂျာများ၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံနှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံ တို့မှ စက်ရုံမှူးများ၊ ရေနံသို လှောင်ဖြန့်ဖြူးရေးဌာနများမှ အထွေထွေမန်နေဂျာများနှင့် တိုင်းရောင်းဝယ်ရေး အရာရှိများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ကိုဗစ်-၁၉ မတိုင်မီ စီမံကိန်းလျာထားချက်၊ ကိုဗစ်-၁၉ ကြောင့် စီမံကိန်းလုပ်ငန်းများ နှောင့်နှေးကြန့်ကြာ ဖြစ်ပေါ်နေမှု အခြေအနေများနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျန်ကာလများ၏   ဆက်လက်ဆောင်ရွက်ပြီးစီးနိုင်မည့် လုပ်ငန်း အစီအစဉ်များအား Video Conferencing ဖြင့် ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က တင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်