လတကာတို့၏သခင်

တပေါင်းသည် မြန်မာပြက္ခဒိန်တွင် ဆယ့်နှစ်လမြောက် နောက်ဆုံးလဖြစ်သည်။ မြန်မာသက္ကရာဇ်အရ နှစ်တစ်နှစ် ကုန်ဆုံးတော့မည့် အခါသမယလည်းဖြစ်သည်။ ဆောင်းအကုန် နွေသို့အကူး၊ နေ့တွင်ပူ၍ ညတွင်ချမ်းသည့် ဤကာလမှာ လောကဓာတ်တစ်ခွင်မှာလည်း သာယာလှသည့်အလျောက် တပေါင်းသည် လတကာတို့၏သခင် ဟူ၍လည်း စာဆိုရှိသည်။

 

ရှေးကလူများမှာ သဘာဝတရားနှင့် နီးစပ်ကြသူများ ဖြစ်ကြသည်။ ကောင်းကင်မှ နက္ခတ်တာရာများ လှည့်ပတ်ပုံ၊ ရာသီစက်ဝန်းတို့ အဖန်ဖန်ပြောင်းလဲနေပုံ၊ သစ်ပင်ပန်းမန်တို့ သဘာဝအလျောက် ရာသီအလိုက် အချိန်မှန်သီးပွင့်ကြပုံ၊ မိုးလေဝသတို့ အချိန်မှန်ပြောင်းလဲနေကြပုံ စသည့် ဩကာသလောကကြီးကို သိမြင်ခံစားနိုင်ကြသူများလည်း ဖြစ်သည်။ “တပေါင်းငယ်မှ ညှာကျင်၊ နွေဦးဆန်းသစ်၊ ရွက်ရော်လှစ်လို့၊ ပုရစ်ကယ်ရွှေဥ၊ ပင်တိုင်းစုကြသည်၊ နုညိုစင်ငယ်တဲ့လေး...” ဟူ၍ စာဆို ဦးယာ က အဲချင်းတစ်ပုဒ်တွင် ရေးသားခဲ့သည်။ တပေါင်းသည် နွေဦးဆန်းစရာသီ၊ ရော်ရွက်ဝါတို့ ကြွေကျပြီးသစ်ပင်တိုင်းမှာ ရွက်သစ် တို့ဝေလုလု၊ ပုရစ်ဖူးတို့ဖြင့် နုသစ်သည့်ချိန်ခါဖြစ်သည်။

 

“တပေါင်း၊ တန်ခူး နှစ်လတို့သည် ဝသန္တဥတုမည်၏။ လောကသည် စဉ်းငယ်ပူ၏။ ကောင်းကင်ကြည်လင်၏။ အရွက်နုတို့ဖြင့် သစ်ပင်တို့သည် တင့်တယ်ကုန်၏။ ဥဩငှက်ဖျား ပိတုန်း တို့ဖြင့် ပြွမ်းကုန်၏။ တောင်လေလာ၏” ဟု ဥတုဘောဇနကျမ်း၌ ဆိုထားသည်။ တပေါင်းလကို မိန်ရာသီဟုလည်း ခေါ်သည်။ ပါဠိ ပုဒ် မိနမှ မိန်ဟူ၍ ဖြစ်လာပြီး ငါးများ ရွှင်မြူးနှစ်သက်သည့် ရာသီကို ဆိုလိုခြင်းဖြစ်သည်။ အင်ကြင်းပန်းနှင့် သရဖီပန်းတို့သည် တပေါင်းလတွင်ပွင့်သည့် ရာသီပန်းများ ဖြစ်ကြသည်။

 

မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလ အခါသမယ ဗုဒ္ဓ ဘုရားရှင်သည် မဂဓတိုင်း ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ စံပယ်တော်မူ၍ သတ္တဝါဝေနေယျတို့အား ဓမ္မအမြိုက်ဆေး တိုက်ကျွေးတော်မူနေစဉ် ဖခမည်းတော် သုဒ္ဓေါဓနမင်းကြီးသည် သားတော် ဗုဒ္ဓကို ဖူးမြင်ကာ တရားဒေသနာတော်ကိုပါ ကြားနာလိုသည့် ဆန္ဒတို့ ပြင်းပြတော်မူခြင်းကြောင့် မြတ်ဗုဒ္ဓ၏ ဖွားဖက်တော် ကာဠုဒါယီအမတ်ကို စေလွှတ်၍ ဘုရားကိုပင့်ဆောင်တော်မူစေသည်။ ကာဠုဒါယီအမတ်ကလည်း မိန်ရာသီလတပေါင်းနှင့် ဖွားရပ်ဌာနီ ကပိလဝတ်ပြည်သို့ ခရီးလမ်း၏ ကြည်နူးဆွတ်ပျံ့ဖွယ် သာယာလှပပုံတို့ကို ဂါထာပေါင်း ၆၄ ပုဒ်ဖြင့် ဖွင့်ဆို လျှောက်ထားခဲ့သည်။

 

ဗုဒ္ဓမြတ်စွာဘုရားသည် ကာဠုဒါယီ၏ လျှောက်ထားမှုဖြင့် ရာဇဂြိုဟ်မှသည် ကပိလဝတ်သို့ အပြန်ခရီးကို မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်ကျော် ၁ ရက်နေ့တွင် စတင်ခဲ့ရာ မဟာသက္ကရာဇ် ၁၀၄ ခုနှစ် ကဆုန်လပြည့်နေ့ရောက်မှ ဇာတိဌာနေ ကပိလဝတ်ပြည်သို့ ရောက်ရှိခဲ့သည်။ မြတ်ဗုဒ္ဓ၏ ပြည်တော်ဝင် ဤခရီးသည် တပေါင်းလတွင် စတင်ခဲ့သည်။ ကပိလဝတ် နေပြည်တော်တွင်ဘုရားရှင်၏ တရားတော်ကြောင့် ခမည်းတော် သုဒ္ဓေါဓနမင်းကြီးသည် မင်းမြောက်တန်ဆာများ ဆင်မြန်းလျက်ကပင် အရဟတ္တဖိုလ်ပေါက်ကာ နိဗ္ဗာန်နန်းသို့ စံမြန်းနိုင်ခဲ့ကာ ကျွေးမိခင် မိထွေးတော် ဂေါတမီမှာလည်း ဘိက္ခုနီပြု၍ ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ဝင်ခဲ့သည်။ မြတ်ဗုဒ္ဓ၏ ပြည်တော်ဝင်ခရီးသည် ဉာဏတ္ထစရိယ- မျိုးနွယ်တို့၏ အကျိုး ကို ဆောင်ရွက်ရန်အတွက် လျှောက်လှမ်းကြွချီခဲ့ရသည့် ခရီး ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ ဗုဒ္ဓသာသနာသမိုင်းတွင်လည်း မဟာ သက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့သည် ရွှေတိဂုံ စေတီတော်ကြီးကို ဥက္ကလာပမင်းကြီးနှင့် တပုဿ၊ ဘလ္လိက ကုန်သည်ညီနောင်တို့ တိုင်းသူပြည်သားများနှင့်အတူ စတင်တည်ထားသည့် နေ့ဖြစ်သည်။ တပေါင်းလပြည့်နေ့သည် ဗုဒ္ဓဘုရားရှင် ပြည်တော်ဝင်သည့်နေ့၊ မြတ်ဘုရား သက်တော်ထင်ရှား ရှိစဉ်ကာလမှာပင် ရွှေတိဂုံစေတီတော်ကြီးကို စတင်တည်ထားသည့်နေ့အဖြစ် ကြည်ညိုသဒ္ဓါ ပွားနိုင်ကြပါစေကြောင်း။ ။

 

မြန်မာ့အလင်း