လွတ်လပ်ရေး၊ ဒီမိုကရေစီရေးနှင့် မြန်မာ့သမိုင်း

၂ ဇန်နဝါရီ

 

မြန်မာ့သမိုင်းပညာရှင် အကျော်အမော်တစ်ဦးဖြစ်သူ ပါမောက္ခ ဒေါက်တာသန်းထွန်း မိန့်ဖူးသည့် “သမိုင်းသင်တာ မအအောင်လို့" ဆိုသည့်စကားသည် သမိုင်းဘာသာရပ်နှင့် ဝေးသူများအတွက် များစွာတာသွားပြီး မြန်မာပြည်သူတို့အကြား လူသိများ ထင်ရှားသည့် စကားစု ဖြစ်ပါသည်။

 

မြန်မာလူမျိုးတို့ မအဖို့ရာ ကမ္ဘာ့သမိုင်းကို နားလည်ဖို့လိုသလို မြန်မာ့သမိုင်းကို ကျကျနန ဂဃနဏ သိဖို့လိုအပ်ပါသည်။ မျက်မှောက် ခေတ်ကို မျက်ခြည်ပြတ်လို့မရသလို အတိတ်ခေတ်သမိုင်းတို့ကိုလည်း မှန်မှန်ကန်ကန် သိမြင်ကြဖို့လိုပါမည်။

 

ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ ပညာရေးစနစ်များတွင်လည်း ကမ္ဘာ့သမိုင်းကို လေ့လာရသလို ၎င်းတို့ ဆိုင်ရာဆိုင်ရာ နိုင်ငံနှင့်လူမျိုးတို့၏ သမိုင်းများကို သင်ကြားကြရသည်။ အမှန်တော့ ကျောင်းသင်ခန်းစာ များတွင်သာမက မိမိတို့၏သမိုင်း၊ ယင်းနှင့်ဆက်စပ်နေသော နိုင်ငံတကာသမိုင်း စသည်တို့ကို အလျဉ်းသင့်သလို မှတ်တမ်းတင်ရုပ်ရှင်များ၊ ဇာတ်လမ်းရုပ်ရှင်များ၊ သမိုင်းကို စိတ်ကူးနှင့် ရက်ဖောက်ဖန်တီးထား သည့် ဝတ္ထုဇာတ်လမ်းများစသည်ဖြင့် မိမိတို့ နိုင်ငံသားများကို သမိုင်းနှင့် နီးစပ်စေလေ့ရှိသည်။

 

သမိုင်းထဲက နိုင်ငံသူနိုင်ငံသားတို့ အားကိုးယုံကြည်ခဲ့ကြသော၊ ပြည်သူတို့ မြတ်နိုးလေးစားကြသော ခေါင်းဆောင်များကို မိမိတို့ နိုင်ငံကထုတ်လုပ်သည့် တံဆိပ်ခေါင်းများ၊ ငွေစက္ကူများပေါ်တွင် ပုံနှိပ် ရိုက်ထုတ်ကာ ဂုဏ်ပြုမှတ်တမ်းတင်ကြ၏။ မိမိတို့၏သမိုင်းနှင့် ဆက်စပ် အမှတ်ရကာ ဂုဏ်ယူကြ၏။

 

မော်စီတုန်း ဟိုချီမင်း လီနင်း ဘင်ဂျမင်ဖရန်ကလင်း နေရူး၊ မဟတ္တမဂန္ဒီ၊ အေဗရာလင်ကွန်းအစရှိသည့် ခေါင်းဆောင်တို့၏ ရုပ်ပုံများကို သက်ဆိုင်ရာ နိုင်ငံအသီးသီးတို့၏ ငွေစက္ကူများ၊ တံဆိပ်ခေါင်း များပေါ်တွင် တွေ့မြင်ရလေ့ရှိပါသည်။

 

ဤသို့ဖြင့် ကိုယ့်နိုင်ငံ ဖြတ်သန်းလာခဲ့သည့် သမိုင်းထဲက ဂုဏ်ယူစရာများ၊ သင်ခန်းစာယူစရာများတို့နှင့်အတူ မိမိတို့၏ အားသာချက်၊ မိမိတို့၏အမှားအယွင်း ညံ့ဖျင်းမှုတို့ကိုပါ အမှန်အတိုင်း သိမြင်နားလည် နိုင်ကြပါမည်။ သမိုင်းသည် နိုင်ငံနှင့်လူမျိုးတို့၏ ဇာတိဂုဏ် ဝံသာနု စိတ်ဓာတ်တို့ကို မြှင့်တင်ပေးသည်မှာမှန်၏။ သို့သော်လည်း ယင်းသို့ ဖော်ထုတ်ရာတွင် အမှန်တရားကို အခြေပြုရပါသည်။ ထို့ကြောင့်ပင် သမိုင်းသည် ဘက်မလိုက်၊ ဘယ်သူ့မျက်နှာမှ မကြည့်ဟု ဆိုလေ့ရှိပါ၏။ ဘက်လိုက်သည်၊ မျက်နှာကြည့်သည်ဆိုလျှင်လည်း အမှန်တရား၏ မျက်နှာ၊ အမှန်တရားဘက်ကိုသာ ကြည့်သည်။ လိုက်သည်ဟူ၏။

 

နိုင်ငံတော် လုပ်ကြံမှု၊ ကျောင်းသားတို့၏ တော်လှန်ရေးများ ပြည်သူ့အရေးတော် ပုံများဟူ၍ တွင်တွင်ဆိုနေသည်။ တွင်တွင်ပြောနေသည် တို့" တော်သင့် ပြီဟု ပြည်သူတို့ကို အနေစေလိုသူတို့က ဆိုလေ့ရှိ၏။ ထိုသို့ဆိုသူတို့က သမိုင်းကို လျှော့ပေါ့ချင်၊ သမိုင်းကို ဖုံးကွယ်ချင်၊ သမိုင်းကိုပုံစံပြောင်းချင် စသည်ဖြင့် ကြိုးစားခဲ့ကြသည့် အစဉ်အလာတို့လည်း ရှိခဲ့ပါသည်။

 

မကြာလှသေးဟု ဆိုရမည့် မြန်မာ့လွတ်လပ်ရေးသမိုင်း၊ ပြည်တွင်း စစ်သမိုင်း၊ ဒီမိုကရေစီအရေးတော်ပုံသမိုင်းတို့တွင် ဖုံးကွယ်ထားသည်များ၊ ပြင်ဆင်ရေးသားထားသည်များတို့ ရောယှက်နေခြင်းကို ဖြတ်သန်း ခဲ့သူတို့ကိုယ်တိုင် ထုတ်ဖော်ကြသည်တို့ကို သိမြင်နေရပါသည်။ အမှန်တော့ သမိုင်းဆိုသည်မှာ ဖုံးကွယ်လို့ရသည်မဟုတ်။ လှည့်ဖြားပြင်ဆင် ရေးသားလို့ ရသည်မဟုတ်။ မည်သို့ပင် ဖုံးကွယ်ဖျောက်ဖျက်ထားသည်ဖြစ်စေ ပြည်သူလူထုက မှတ်တမ်းတင် ဖော်ထုတ်ခြင်းဖြင့် သမိုင်းအမှန် ကိုရမည် ဖြစ်ပါသည်။

 

မြန်မာ့လွတ်လပ်ရေးသမိုင်းမှသည် ပြည်သူတို့၏ ခေတ်အဆက်ဆက် လှုပ်ရှားမှုအဖုံဖုံတို့ မှန်မှန်ကန်ကန် စနစ်တကျ မှတ်တမ်းရေးသားပြုစုရင်း မြန်မာ့လွတ်လပ်ရေး၊ မြန်မာ့ဒီမိုကရေစီရေး အရေးတော်ပုံများကို ဂုဏ်ပြု သင့်ပါကြောင်း (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအဖြစ် တင်ပြလိုက်ရပါသည်။

 

မြန်မာ့အလင်း