လွတ်လပ်ရေး၏ တန်ဖိုး

ဇန်နဝါရီ


ယနေ့ဆိုလျှင် မြန်မာပြည် လွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ် ၇၀ ရှိခဲ့ပြီ။ လွတ်လပ်ရေးသည် လွယ်လွယ်ရခဲ့သည်မဟုတ်။ လွန်စွာထက်မြက်ပြီး ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ခေါင်းဆောင်ကြီးများ၏ အသက်သွေးချွေးများ၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံ ပြည်သူတို့၏ စည်းလုံးညီညွတ်မှု၊ စွန့်လွှတ်စွန့်စားမှုများကို ရင်းပြီး နှစ်ပေါင်းများစွာ အားထုတ်ကြိုးပမ်းခဲ့ကြရခြင်းဖြစ်၏။


လွတ်လပ်ရေးက လွယ်လွယ်ရခဲ့တာ မဟုတ်။ ကမ္ဘာလှည့်ပြီး နယ်ချဲ့စိုးမိုးလိုစိတ်၊ မတော်လောဘဖြင့် စီးပွားရှာလိုစိတ်များ အလွန်ပြင်းပြ နေသော စစ်အင်အား၊ လက်နက်အင်အား ကြီးမားသည့် အင်္ဂလိပ်တို့ကို စစ်ရေး၊ စိတ်ဓာတ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး စသည့် နည်းမျိုးစုံဖြင့် ယှဉ်ပြိုင်အနိုင်တိုက်ကာ ရယူခဲ့ရခြင်းဖြစ်၏။


သည်မျှမက၊ ရက်စက်ကြမ်းကြုတ်မှုတွင် နာမည်ကြီးလှသော ဖက်ဆစ်စနစ်နှင့် ကမ္ဘာကို အန်တုနေသော ဂျပန်တို့ကို ယှဉ်ပြိုင် အနိုင်တိုက်ကာ ရယူခဲ့ရခြင်းဖြစ်၏။အမျိုးသား လွတ်မြောက်ရေးအတွက် ရင်ဆိုင်ရသော ရန်သူက ရက်စက်သူ၊ အင်အားကြီးသူများဖြစ်ပြီး ထက်မြက်သည့် ခေါင်းဆောင်ကောင်းများ၊ တိုင်းရင်းသားပြည်သူများစွာ၏ အသက်သွေးချွေးများကို  စတေးခဲ့ပြီးမှ ရခဲ့သော လွတ်လပ်ရေးဖြစ်၏။


ထိုစဉ်က အင်္ဂလိပ်အစိုးရသည် စီးပွားရေးလုပ်ငန်းရှင်ကြီးများ အရေကိုခြုံကာ မြန်မာပြည်တွင်းသို့ စတင်ဝင်ရောက်လာခဲ့ကြရာမှ အကြောင်းအမျိုးမျိုးပြကာ စစ်မက်ပြု တိုက်ခိုက် နယ်ချဲ့ခဲ့ကြခြင်းဖြစ်၏။


ယင်းကဲ့သို့ စစ်ပွဲများကို နယ်ချဲ့သမားက ဖန်တီးတိုက်ခိုက်ရင်း နောက်ဆုံး တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အင်္ဂလိပ်စစ်တပ်က မန္တလေးမြို့တော်ရှိ သီပေါဘုရင်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြင့် မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်ကျွန် ဖြစ်ခဲ့ရတော့သည်။


နယ်ချဲ့လက်အောက် ရောက်ရှိခဲ့ရသော မြန်မာပြည်သူတို့မှာ အမျိုးမျိုး အဖုံဖုံသော နည်းလမ်းတို့ဖြင့် နယ်ချဲ့သမားတို့ကို ပုန်ကန်တော်လှန်ကြရန်  ကြိုးစားသော်လည်း မအောင်မြင်ခဲ့ကြဘဲ သိမ်းပိုက်ပြီး  မကြာမီမှာပင် ဗြိတိသျှတို့ မြန်မာနိုင်ငံတွင်းမှာ ခြေကုပ်မိကာ ခိုင်မြဲအခြေကျခဲ့သည်။ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး အဘက်ဘက်မှာ ကြီးစိုးလွှမ်းမိုးခဲ့ကြသည်။


အုပ်ချုပ်ရေးမှာ အင်္ဂလိပ်တို့သာ ကြီးစိုးထားသလို တရားစီရင်ရေးမှာလည်း သူတို့သာပဲ ဖြစ်သည်။ စစ်တပ်က အင်္ဂလိပ်စစ်တပ် အင်္ဂလိပ် စစ်ဦးစီးချုပ်။
စီးပွားရေးကဏ္ဍမှာ သူတို့စတင်နယ်ချဲ့စဉ်ကတည်းက အဓိက ရည်မှန်းချက်ဟု ဆိုရမှာဖြစ်သည့်အတိုင်း အရေးကြီးသည့် စီးပွားရေး လုပ်ငန်းများအားလုံးကို ချုပ်ထိန်းထားသည်က အင်္ဂလိပ်အစိုးရ၊ အင်္ဂလိပ် စီးပွားရေးသမား လုပ်ငန်းရှင်ကြီးများသာ။


မြန်မာနိုင်ငံ၏ သယံဇာတ အရင်းအမြစ်များဖြစ်သည့် ရေနံ၊ ဓာတ်သတ္တု၊ ရွှေငွေ၊ ကျောက်သံပတ္တမြားနှင့် ကျွန်းသစ်၊ ဆန်စပါးတို့ကို ချယ်လှယ် ထုတ်လုပ်ကုန်သွယ်ခြင်းဖြင့် ဗြိတိသျှတို့က မြန်မာ့စီးပွားရေး နယ်ပယ်တစ်ခုလုံးကို ကြီးစိုးလွှမ်းမိုးထားခဲ့သည်။ အင်အားကြီးမားပြီး လိုချင်စိတ်ကြီး လွှမ်းမိုးထားသူကို တော်လှန်ရတာဖြစ်၏။


ထို့အတူ စစ်ရေးအကူအညီ ရယူသည်ကို အကြောင်းပြု၍ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်စိုးမိုးလာသော ဂျပန်တို့၏ နှိပ်စက် ကလူပြုမှုကို မြန်မာနိုင်ငံသားတို့ ဆက်လက်တော်လှန်ခဲ့ရပြန်သည်။ ဖက်ဆစ်စနစ် ဖြစ်သည့်အားလျော်စွာ ရက်စက်မှုတွင် သရဖူဆောင်းထားသော ညှဉ်းပန်းနှိပ်စက်မှုများကြားက ပြန်လည်တော်လှန်ခဲ့ရခြင်း ဖြစ်ပါ၏။


ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံ ပါတီ၊ ဗမာ့တပ်မတော်တို့၏ ခေါင်းဆောင်မှုနှင့် မြန်မာပြည်သူလူထုကြီး၏ စည်းလုံး ညီညွတ်မှု အင်အားတို့ဖြင့် အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေးတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါ၏။


ယနေ့ ရရှိထားသော လွတ်လပ်ရေးက သည်လို စစ်အင်အား၊ လက်နက်အင်အား ကြီးမားကာ အစစအရာရာ နိုင်ငံတစ်ဝန်းကို လွှမ်းမိုး ထားရုံသာမက လောဘရမ္မက်လည်း ကြီးမားသော နယ်ချဲ့သမား လက်အောက်မှ လွတ်မြောက်အောင် တော်လှန်ပုန်ကန်ပြီး ရရှိခဲ့သော လွတ်လပ်ရေးဖြစ်၏။ ရက်စက်ကြမ်းကြုတ်လှသော ဖက်ဆစ်စနစ်အောက်မှ ရုန်းကန်တိုက်ပွဲဝင်ခဲ့ပြီး ရရှိခဲ့သော ဆုလာဘ် လွတ်လပ်ရေးဖြစ်၏။


သည်လွတ်လပ်ရေး၏ တန်ဖိုးကို မြန်မာပြည်သူတို့က အလေးအနက် ထားခြင်းဖြင့် ကျဆုံးခဲ့ရသော အာဇာနည်များ၊ ပြည်သူလူထု အပေါင်းတို့အား ကျေးဇူးတင် ဂုဏ်ပြုကြရန်လိုပါမည်။


ယခုလို မင်္ဂလာရှိသော နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့တွင် လွတ်လပ်ရေး၏ တန်ဖိုးကို အလေးအနက်ထားရန် လိုပါမည်။


ထို့အတူ လွတ်လပ်ရေး ကြိုးပမ်းအားထုတ် စတေးခဲ့ကြသူများ မျှော်မှန်းခဲ့ကြသည့်အတိုင်း မြန်မာပြည်သူအပေါင်းတို့ လွတ်လပ်၍ တရားမျှတသောဘဝများကို ရရြှိကပါစေကြောင်းနှင့် အဆိုပါဆုတောင်းများ ပြည့်သည်အထိ ဆက်လက်ကြိုးပမ်း အားထုတ်ကြပါစို့ ဟူ၍ သန္နိဋ္ဌာန်ပြုရန် နှိုးဆော်အပ်ပါသတည်း။