လွတ်လပ်ရေးဟူသော တူညီသောဆန္ဒ

၂ ဇန်နဝါရီ

 

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာပြီ။ လွတ်လပ်ရေးရရှိရေး ကြိုးပမ်းခဲ့ကြသည့် ပုဂ္ဂိုလ်များမှာ များများစားစား မရှိတော့ချေ။ လွတ်လပ်ရေးကြိုးပမ်းမှု အဖြစ်အပျက်များမှာ ယနေ့ထက်တိုင် မမေ့နိုင်သေးပေ။ လွတ်လပ်ရေးအတွက် ကြိုးပမ်း အားထုတ်မှုများ၊ စွန့်လွှတ်စွန့်စားမှုများမှာ နိုင်ငံနှင့်ပြည်သူအတွက် မော်ကွန်းတင်အပ်သော မမေ့နိုင်သည့် မှတ်တိုင်များဖြစ်သည်။

 

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းအားထုတ်ရာ၌ နိုင်ငံချစ်သည့် အမျိုးသား ခေါင်းဆောင်များနှင့် မျိုးချစ်လူငယ်များ၏ စွမ်းဆောင်မှုများကို နိုင်ငံ့သမိုင်းတွင် မှတ်တမ်း တင်ထားသည်။ လွတ်လပ်သောနိုင်ငံ ဖြစ်ပေါ်ရေးဟူသည့် တူညီသောစိတ်ထားများနှင့် ပြင်းပြသောခံယူချက်များမှာ မည်သူမျှ စည်းရုံးစရာမလိုသည့် မျိုးချစ်စိတ်ဓာတ်ဖြစ်သည်။ လွတ်လပ်ရေးအတွက် တိုင်းသူပြည်သားများ၏ရင်တွင်းမှ ပေါက်ဖွားလာသည့် စိတ်ဓာတ် ဖြစ်သည်။ တူညီသောစိတ်ဓာတ်များရှိသည့် ပြည်သူလူထုနှင့် ထူးခြားပြောင်မြောက်သော ခေါင်းဆောင်များ၏ မဆုတ်မနစ်ကြိုးပမ်းအားထုတ်မှုများကြောင့် မြန်မာနိုင်ငံလွတ်လပ် ရေးရရှိခဲ့သည်။ လွတ်လပ်ရေးကို ကြိုးပမ်းအားထုတ်ရာ၌ အမျိုးသားခေါင်းဆောင်များမှာ တစ်သားတည်း ဖြစ်ခဲ့ကြသည်မဟုတ်ပေ။ မတူကွဲပြားသည့်ကြားမှ နိုင်ငံလွတ်လပ်ရေး ဟူသော တူညီသောဆန္ဒများဖြင့် ကြိုးပမ်းအားထုတ်ခဲ့၍ လွတ်လပ်ခဲ့ခြင်းဖြစ်သည်။

 

လွတ်လပ်ရေးရရှိပြီးသည်နှင့် မတူကွဲပြားသောအခံရှိသည့် တူညီသော စိတ်ထားများမှာ ပြန်လည်ကွဲပြားခဲ့ပြန်သည်။ လွတ်လပ်ရေးအတွက် အသက်စွန့်ကြိုးပမ်းခဲ့ကြပြီးနောက် လွတ်လပ်ရေးအသီးအပွင့်များကို အတူတကွခံစားရမည်ဖြစ်သော်လည်း အတူတကွမခံစား နိုင်တော့ဘဲ ၎င်းတို့၏ ယုံကြည်ချက်၊ ခံယူချက်ဖြင့် အမှောင်အောက်တွင်ခိုလှုံကာ ဆန့်ကျင် လှုပ်ရှားခဲ့ကြသည်။ လွတ်လပ်ရေးအတွက် အတူတကွလက်တွဲခဲ့သော်လည်း လွတ်လပ်ရေး ရသောအခါ လမ်းခွဲခဲ့ကြသည်မှာ စိတ်မကောင်းစရာဖြစ်သည်။ လွတ်လပ်ရေးရရှိသောအခါ ပြည်သူများအားလုံး တန်းတူညီမျှအခွင့်အရေးရရှိရန်အတွက် တိုင်းပြည်ထူထောင်ရေး၊ တည်ဆောက်ရေးကို အတူတကွ ဆက်လက်ကြိုးပမ်းအားထုတ်ရမည်ဖြစ်သော်လည်း အယူအဆကွဲပြားမှုကြောင့် တည်ဆောက်ရေးလည်းမလုပ်နိုင်၊ ဖွံ့ဖြိုးရေးလည်းမဖြစ်ပြန်နှင့် တိုင်းပြည်မှာ တုံ့ဆိုင်းနှေးကွေးခဲ့ရပြန်သည်။

 

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်မှာ ၇၂ နှစ်ပင်ပြည့်တော့မည်ဖြစ်သည်။ လွတ်လပ် သောနိုင်ငံဟူ၍ လွတ်လွတ်လပ်လပ် နေထိုင်လှုပ်ရှား လုပ်ကိုင်နိုင်ခွင့်များ ရရှိနေသည်။ သို့သော် လွတ်လပ်ရေးနှင့်ထိုက်တန်သော နိုင်ငံ၊ နိုင်ငံတကာအလယ်တွင် တင့်တယ်ဝင့်ထည်သည့် လွတ်လပ်သော နိုင်ငံအဖြစ်သို့ရောက်အောင် ဆက်လက်ကြိုးပမ်းအားထုတ်ကြဖို့ လိုမည်ဖြစ်သည်။ မတူကွဲပြားမှုများကြောင့် မငြိမ်းချမ်းမှုများကို အဆုံးသတ်ကာ ငြိမ်းချမ်းသာယာဝပြောသော ပြည်ထောင်စုနိုင်ငံကြီးဖြစ်အောင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆက်လက်တည်ဆောက်ကြဖို့ လိုမည်ဖြစ်သည်။

 

သို့ဖြစ်ရာ လွတ်လပ်ရေးမရမီကတည်းက မတူကွဲပြားမှုများ ရှိခဲ့သော်လည်း လွတ်လပ်ရေးတည်းဟူသော တူညီသည့်ဆန္ဒဖြင့် ရည်မှန်းချက်သို့ ရောက်ရှိခဲ့ပြီးဖြစ်ရာ မျက်မှောက်ကာလ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားဖြစ်သည့် ငြိမ်းချမ်းရေးရရှိရေးဟူသော တူညီသည့်ဆန္ဒဖြင့် ရည်မှန်းချက်ပန်းတိုင်သို့ရောက်ရှိအောင် လက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ။

 

ကြေးမုံ