လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်

နေပြည်တော် ၄ ဇန်နဝါရီ

 


ယနေ့သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ဖြစ်သည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရရှိခဲ့သည့် (၇၁)နှစ်ပြည့်နေ့ဖြစ်သည်။ ဤနေ့ဤအခါသမယတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများသည် လွတ်လပ်ရေး၏ အနှစ်သာရဖြစ်သည့် ဒီမိုကရေစီအခွင့်အရေးများနှင့်အညီ လွတ်လပ်ပျော်ရွှင်စွာ နေထိုင်ကြသည်။


ယနေ့သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရရှိခဲ့သည့်(၇၁)နှစ်ပြည့်နေ့ဖြစ်သည်။ ဤနေ့ဤအခါသမယတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူ များသည် လွတ်လပ်ရေး၏ အနှစ်သာရဖြစ်သည့် ဒီမိုကရေစီအခွင့်အရေးများနှင့်အညီ လွတ်လပ်ပျော်ရွှင်စွာ နေထိုင်ကြသည်။


မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများနှင့် မတူညီသောအခြေအနေတွင် ကိုယ်ပိုင်အနေအထား၊ ကိုယ်ပိုင်စွမ်းအားများနှင့် သီးသီးသန့်သန့်ရပ်တည်နေသောသဘောရှိသဖြင့် တစ်ဦးနှင့်တစ်ဦး ယုံယုံကြည်ကြည်၊သင့်သင့်မြတ်မြတ်၊ စည်းစည်းလုံးလုံး နေထိုင်ကြရမည်ဖြစ်သည်။လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလက ကိုယ့်ကြမ္မာကိုယ်ဖန်တီးရမည်ဟုအမျိုးသားခေါင်းဆောင်ကြီး လမ်းညွှန်ချက်နှင့်အညီ လွတ်လပ်ရေးရရှိပြီးနောက် မျက်မှောက်ကာလတွင် မိမိတို့နိုင်ငံ၏ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးနေသည်ကို တွေ့ရှိရမည်ဖြစ်သည်။


မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ အင်အားကြီးနိုင်ငံကြီးနှစ်နိုင်ငံအကြားတွင်တည်ရှိပြီး အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများအကြားတွင် ပေါင်းကူးတံတားသဖွယ်ရပ်တည်နေသော အရေးပါသည့် နိုင်ငံဖြစ်သည်။ ဘာသာ၊ လူမျိုး၊ ယဉ်ကျေးမှုဓလေ့ထုံးစံများမှာလည်းအခြားနိုင်ငံများနှင့်မတူ ကွဲပြားသည့်နိုင်ငံဖြစ်သည်။ ထိုမတူကွဲပြားသည့်အခြေအနေများကြားမှပင် ဥမကွဲသိုက်မပျက်ဘဲ လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည်။ တိုင်းရင်းသားလူမျိုးစုပေါင်းတစ်ရာကျော် စုစည်းနေထိုင်သော ပြည်ထောင်စုနိုင်ငံကြီးတွင် ညီညွတ်မှုကိုဦးတည်သော ဖွဲ့စည်းမှုကိုတည်ဆောက်ခဲ့သည်။


စည်းလုံးညီညွတ်ရေးကို ဦးစားပေး၍ လွတ်လပ်ရေးကို အရယူခဲ့သည်။ လွတ်လပ်ရေးရရှိသောအခါ ယုံကြည်မှုနှင့် အယူဝါဒကွဲပြားမှုအမျိုးမျိုးတို့ကြောင့် မငြိမ်းချမ်းမှု အမွေဆိုးများကို ယနေ့ထက်တိုင်ကြုံတွေ့ နေရသည်။ လွတ်လပ်ရေးရယူချိန်၊ လွတ်လပ်ရေးရရှိပြီးချိန်နှင့် မျက်မှောက်ကာလ ပြည်တွင်းနှင့် နိုင်ငံတကာ အခြေအနေအကြောင်းအရာများကိုနိုင်ငံသူ နိုင်ငံသားများ မျက်ခြည်မပြတ် သိရှိနားလည်ထားရန် လိုအပ်သည်။ လွတ်လပ်သည့်နိုင်ငံ၏ ရည်မှန်းချက်ပန်းတိုင် မပျောက်ပျက်အောင်ဦးတည်ကြိုးပမ်းကြရန် လိုအပ်သည်။


ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်းကြောင်းတစ်လျှောက် ဖြစ်ပျက်ခဲ့သော ကောင်းကျိုး၊ ဆိုးပြစ် ဟူသမျှတို့ကို ပစ္စက္ခကာလတွင် အကြောင်းတရားအဖြစ်တည်ရှိစေလျက် အနာဂတ်ကာလအတွက် အကျိုးရလဒ်ကောင်းများ ပေါ်ထွက်လာစေအောင်၊ တော်တည့်မှန်ကန်အောင် ကြိုးပမ်းအားထုတ်သင့်ပေသည်။ ယုံမှား သံသယများကို ပယ်ဖျောက်၍ နိုင်ငံတော်ရှေ့ခရီးအတွက် ကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သင့်သည်။ ယင်းသို့ဆောင်ရွက်ခြင်းသည် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလည်းမည်ပေသည်။


သို့ဖြစ်ရာ ယနေ့ကဲ့သို့ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်၌ ကြုံတွေ့ခဲ့ရသည့်အခြေအနေအရပ်ရပ်တို့ကို နိုင်ငံသားအားလုံးကိုယ်တိုင်သိရှိပြီးသည့်အဖြစ်မှန်များနှင့်အညီ မျက်မှောက်ကာလနှင့်ထင်ဟပ်ပြီး မှန်မှန်ကန်ကန်ဆင်ခြင်သုံးသပ်၍ နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်း ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြရင်း လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို ထာဝစဉ်ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားကြရမည်ဖြစ်ပါကြောင်း။ ။


ကြေးမုံ