လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်

လွတ်လပ်ရေးကို နိုင်ငံတိုင်း၊ နိုင်ငံတိုင်းရှိ လူမျိုးများက မြတ်နိုးကြသည်။ တန်ဖိုးထားကြသည်။ လွတ်လပ်ရေးဆုံးရှုံး ခဲ့သည်ကို မနှစ်မြို့၊ လွတ်လပ်ရေးကို မဖြစ်မနေရယူရန် ကြိုးပမ်းအားထုတ်ကြသည်။ လွတ်လပ်ရေးအတွက်ဆိုလျှင် စွန့်လွှတ်စွန့်စားရန် ဝန်မလေး၊ ပြည်သူများ၏ ညီညွတ်သော စွမ်းအားဖြင့် နိုင်ငံတိုင်း၊ နိုင်ငံတိုင်းက လွတ်လပ်ရေးကို ရအောင်ယူနိုင်ခဲ့ကြသည်။

 

လွတ်လပ်ရေးမရမီက မိမိတို့နိုင်ငံ လုံးဝလွတ်လပ်သောနိုင်ငံ၊ လုံးဝလွတ်လပ်သော လွတ်လပ်ရေးရရှိရမည် ဟူသော ခံယူချက်၊ တူညီသော စိတ်ထားများဖြင့် ကြိုးပမ်းအားထုတ်နိုင်ခဲ့သည်။ လွတ်လပ်ရေးရရှိပြီးသောအခါ လွတ်လပ်ရေး မရမီက ညီညီညွတ်ညွတ် အားထုတ်သကဲ့သို့ ရရှိပြီးသော လွတ်လပ်ရေးကို ညီညီညွတ်ညွတ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်၊ လွတ်လပ်သော နိုင်ငံတော်ကို အားကြိုးမာန်တက်ထူထောင် ရန်မေ့လျော့ခဲ့ကြ၊ မျက်ကွယ်ပြုခဲ့ကြသည်။

 

လွတ်လပ်ရေးရရှိသောအခါ လွတ်လပ်စွာနေထိုင်ခွင့်၊ လွတ်လပ်စွာ လုပ်ကိုင်ခွင့်၊ လွတ်လပ်စွာ သဘောကွဲလွဲခွင့်၊ လွတ်လပ်စွာ အာဏာခွဲဝေခွင့်စသည့်အခွင့်အရေးများ ရှိလာကြသည်။ ထိုအခွင့်အရေးများကိုရရှိရန်အတွက် ဥပဒေနှင့်အညီ တရားနည်းလမ်းကျစွာ ယူကြသလို ဥပဒေနှင့်မညီဘဲလည်း ယူတတ်ကြသည်။ အခွင့်အရေးများကိုရယူရာ၌ နိုင်ငံတည်ငြိမ် အေးချမ်းမှု၊ နိုင်ငံငြိမ်းချမ်းမှုကို ထိခိုက်ပျက်ပြားစေသည့် လက်နက်စွဲကိုင်သော အကြမ်းဖက်နည်းသည် ရရှိထားသော လွတ်လပ်ရေးကို ဖျက်ဆီးရာရောက်သည်။

 

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးသည်နှင့် အလွန်ကြီးမားသော ပြည်တွင်းစစ်မီးကြီး တောက်လောင်ခဲ့ဖူးသည်။ အစိုးရ၏ အာဏာသက်ရောက်မှုမှာ ရန်ကုန်မြို့တစ်ဝိုက်သာရှိခဲ့သည်။ တစ်တိုင်းပြည်လုံး ပြိုကွဲပျက်စီးလုနီးပါးဖြစ်ခဲ့သည်။ ထို့နောက် တိုင်းပြည်ပြန်လည်တည်ငြိမ်အေးချမ်းပြီး ပြည်တွင်းစစ်မီးမှာ ကြိုးကြားကြိုးကြားသာ ကျန်တော့သည်။ လုံးဝငြိမ်းချမ်း သောနိုင်ငံတော့ မဟုတ်သေးချေ။ မည်သို့ပင်ဖြစ်စေ လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းမှာ မည်သည့်နည်းနှင့်မျှ တိုင်းပြည်နှင့် လူမျိုးအပေါ် အကျိုးမပြုချေ။

 

ယနေ့ ကမ္ဘာပေါ်တွင် လွတ်လပ်ရေးရရှိပြီးသော်လည်း လူမျိုးအချင်းချင်း လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းကြောင့် တိုင်းပြည် ပြိုကွဲလုနီးပါး ဖြစ်နေသော နိုင်ငံများကို မြင်တွေ့ရမည်ဖြစ်သည်။ ဆီးရီးယား၊ အီရတ်၊ လစ်ဗျား၊ အာဖဂန်နစ္စတန် နိုင်ငံတို့တွင် တာလီဘန်နှင့် အိုင်အက်စ်စစ်သွေးကြွများ၏ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် တိုင်းပြည်ပျက်စီး ယိုယွင်းခြင်း၊ လက်ရှိအစိုးရ၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်ခံရခြင်း၊ ပြည်သူများ စစ်ဘေးစစ်ဒဏ်နှင့်ကြုံတွေ့ပြီး ဘေးဒုက္ခ ရောက်ခြင်းတို့ ဖြစ်ကြရသည်။ ထိုနိုင်ငံများသည် လွတ်လပ်ရေးရရှိပြီးသော်လည်း လွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည်နိုင်ခြင်း မရှိချေ။

 

မြန်မာနိုင်ငံသည် တိုင်းပြည်ငြိမ်းချမ်းရေးကို အပြည့်အဝ မရနိုင်သေးသော်လည်း ထိုကဲ့သို့ မငြိမ်းချမ်းသော နိုင်ငံများနှင့် နှိုင်းစာလျှင် လွတ်လပ်သောနိုင်ငံဖြစ်နေသည်ဟု ဆိုနိုင်လောက်သည်။ သို့သော် လုံးဝငြိမ်းချမ်းသော နိုင်ငံများနှင့် နှိုင်းယှဉ်လျှင်မူ ဖွံ့ဖြိုးတိုးတက်မှုမှာ အလှမ်းကွာသွားသည်။ ငြိမ်းချမ်းသောနိုင်ငံများထက် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ခဲ့သည်။ ထို့ကြောင့် လက်နက်စွဲကိုင် တိုက်ခိုက်နေကြခြင်းသည် အဆိုးကြီးနှင့် အဆိုးလေးသာ ကွာခြားသည်။ မည်သည့်နည်းနှင့်မျှ ကောင်းသော အလုပ်မဟုတ်၍ ငြိမ်းချမ်းသောနည်းဖြင့်သာ အဖြေရှာဆောင်ရွက်သင့်သည်။

 

သို့ဖြစ်ရာ ကမ္ဘာပေါ်ရှိနိုင်ငံများသည် လွတ်လပ်ရေးရရှိ ခဲ့ကြသော်လည်း အချို့နိုင်ငံများတွင် လွတ်လပ်ရေးပျောက်ဆုံး နေသကဲ့သို့ ဖြစ်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ထို့ထက် ပိုမိုဆိုးရွားလာလျှင် တိုင်းပြည်ပြိုကွဲပျက်စီးပြီး လွတ်လပ်ရေး ဆုံးရှုံးခြင်းအဖြစ်သို့ ရောက်ရှိနိုင်သဖြင့် ရရှိပြီးသော လွတ်လပ်ရေးကို ပြည်သူအချင်းချင်း ညီညွတ်ခြင်းဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း၊ မိမိတို့၏ ဆန္ဒများကို ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာခြင်းတို့ဖြင့်သာ ဆောင်ရွက်သင့်ပါကြောင်း။   ။
(ကြေးမုံ)