လွတ်လပ်ရေးမှငြိမ်းချမ်းရေးသို့

နေပြည်တော် ၄ ဇန်နဝါရီ

 


ယနေ့သည် ကျက်သရေမင်္ဂလာရှိလှသော မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်ပါသည်။ ကျွန်ဘဝက လွတ်မြောက်ကာ လွတ်လပ်ရေးရခဲ့သည်မှာ ၇၁ နှစ်ရှိပြီ။

 


၄ ဇန်နဝါရီ ၁၉၄၈ နံနက် ၄ နာရီ မိနစ်၂၀ တွင် အတွင်းဝန်ရုံးအတွင်းရှိတိုင်းပြု ပြည်ပြုလွှတ်တော်ရှေ့ အလံတိုင်ပေါ်က ဗြိတိသျှတို့၏ ယူနီယံဂျက်အလံကို ဖြုတ်ချကာ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်လိုက်ခြင်းဖြင့်မြန်မာ့လွတ်လပ်ရေးကာလ စတင်လိုက်သည်။

 


သည်လို လွတ်လပ်ရေးရခဲ့ဖို့အတွက် အမျိုးသားလွတ်မြောက်ရေးဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲတို့တွင် အသက်စွန့်လွှတ်ခဲ့ကြရ၊ နည်းမျိုးစုံဖြင့် စွန့်စားခဲ့ကြရ၊ ပေးဆပ်ခဲ့ကြရသော နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားလူမျိုးစုအသီးသီးတို့၏ ကျေးဇူးဖြင့် ကိုယ့်နိုင်ငံတော်၏ အလံကို ကိုယ်တိုင် မြင့်မြင့်မားမား လွှင့်ထူကာ ဂုဏ်ယူနိုင်ခဲ့ကြခြင်းဖြစ်သည်။

 


မြန်မာနိုင်ငံတော်တွင်းရှိ ပြည်သူတို့၏ လွတ်လပ်ရေးတိုက်ပွဲ အရှိန်အဟုန်ကို အမြင့်ဆုံးရောက်အောင် မြှင့်တင်ပေးလိုက်သည့် တို့ဗမာအစည်းအရုံးကြီးက မွေးထုတ်လိုက်သော လူငယ်သခင်တို့၏ လွတ်လပ်ရေးကို မရအရယူမည်ဟူသည့် သန္နိဋ္ဌာန် စိတ်ဇွဲမာန်နှင့် သတ္တိတို့က မြန်မာတစ်မျိုးသားလုံး၏ လွတ်လပ်ရေးပန်းတိုင်ဆီသို့ သယ်ဆောင်သွားခဲ့လေသည်။

 


တို့ဗမာအစည်းအရုံးကြီး၏ တို့ဗမာသီချင်းကို အခြေခံကာ ရေးဖွဲ့ထားသည့် လွတ်လပ်သော နိုင်ငံတော်သီချင်းလာ “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တို့ပြည် တို့မြေ၊ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ တို့ပြည်တို့မြေ၊ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ အဓိဋ္ဌာန်ပြုပေ ထိန်းသိမ်းစို့လေ” ဟူသည့် လွတ်လပ်ရေးရည်မှန်းချက်မှာ အဓိပ္ပာယ်ပြည့်ဝ လေးနက်လှပေသည်။

 


လွတ်လပ်ရေးအတွက် အသက်စွန့်သွားခဲ့ကြသည့် အာဇာနည်များနှင့်တကွ တိုင်းရင်းသားပြည်သူအပေါင်းကို ဦးညွတ်ရင်း သူ့ကျွန်ဘဝကလွတ်မြောက်ရသောဂုဏ်ကို အတိုင်းမသိ ကျေးဇူးတင်မိရပါသည်။

 


အခြားတစ်ဖက်တွင်မူ လွတ်လပ်ရေးရခဲ့သည်မှာ ၇၁ နှစ် ရှိခဲ့ပြီဆိုသော်လည်း ယနေ့ထက်တိုင် လွတ်လပ်ရေး၏ အရသာစစ်စစ်ကိုပြည့်ပြည့်ဝ၀ မခံစားနိုင်ကြသေးသည့် ပြည်သူတို့ အနယ်နယ်အရပ်ရပ်တွင်ရှိနေဆဲ။

 


ပြည်သူလူထု၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ မြင့်မားခိုင်မာရေး၊စစ်ပွဲများလုံးဝရပ်စဲပြီး တိုင်းပြည်နှင့်အဝန်း နယ်စွန်နယ်ဖျားမကျန်ငြိမ်းချမ်းရေးရပြီဆိုသည်ကို ဟစ်ကြွေးနိုင်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေးတို့ကို ဆက်လက်ကြိုးပမ်းနေရဆဲ ဖြစ်နေရသည်ကို နက်နက်နဲနဲ စဉ်းစားကြည့်ကြဖို့လိုပြီဟု ယူဆပါသည်။

 


မြန်မာပြည်သူလူထုမှာ လွတ်လပ်ရေးရပြီးခါစ ကာလတိုလေးတစ်ခုတွင်သာ လွတ်လပ်ရေးဟူသည့် ပွဲလမ်းသဘင်တစ်ခုကို ဆင်နွှဲလိုက်ရသလိုရှိခဲ့ပြီး စစ်ပွဲများအောက်တွင်၊ စစ်အင်အားစုများ၏အောက်တွင် ဒုက္ခ ပင်လယ်ထဲ လက်ပစ်ကူးရင်း မသက်မသာနေကြရ၊ ဆင်းရဲမွဲတေမှုတွင်းထဲနစ်သထက်နစ်နေကြရ၊ စားဝတ်နေရေး ပညာရေး ကျန်းမာရေး စသည့်အခြေခံလေးမျှကိုပင် မပြည့်မစုံရှိရသည်မှာ ကြာလှပြီ။ 

 


တိုင်းပြည်ကို အမှန်တကယ် ချစ်မြတ်နိုးသည့်၊ ပြည်သူလူထု၏အကျိုးစီးပွားကို အမှန်တကယ်လိုလားသည့် နိုင်ငံရေးအင်အားစုများ၏ညီညွတ်ရေးကို ပြည်သူတို့က မြင်ချင်လှပြီဖြစ်ပါသည်။ 

 


(၇၁)နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲနှင့်အတူ ငြိမ်းချမ်းရေးသည်ထက်ကြပ်မကွာ လိုက်ပါအောင်မြင်ပါစေသား။ ။

 

မြန်မာ့အလင်း