​​​​​​​လွတ်လပ်ရေးနှင့် ဒီမိုကရေစီနိုင်ငံ

၂၆  ဒီဇင်ဘာ

မြန်မာ့နိုင်ငံရေးသမိုင်းကိုပြန်ပြောင်းကြည့်လျှင် ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ နယ်ချဲ့တော်လှန်ရေးခေတ်၊ လွတ်လပ်ရေးခေတ်မှသည် မျက်မှောက်ကာလခေတ်အထိတိုင် ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ထိုသို့ဖြတ်သန်းရ၌ စည်းလုံးညီညွတ်သောအခါကာလတို့၌ အဆိုပါခေတ်များကို အောင်မြင်စွာဖြတ်သန်းနိုင်ပြီး စည်းလုံးညီညွတ်မှု လျော့နည်းသောအခါ၌ ကြမ်းတမ်းတုံ့ဆိုင်းသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုကာလများမှာ များစွာခက်ခဲကြမ်းတမ်းခဲ့ပေသည်။ အခြားနိုင်ငံများ၏ လွတ်လပ်ရေးကြိုးပမ်းမှုပုံစံများနှင့် မတူညီဘဲ နည်းအမျိုးမျိုး အသွယ်သွယ်ဖြင့် စည်းလုံးညီညွတ်မှုကို တည်ဆောက်ပြီး လွတ်လပ်ရေးခရီးလမ်းပေါ်တွင် တည့်မတ်စွာလျှောက်လှမ်းနိုင်ရန် ကြိုးပမ်းအားထုတ် ခဲ့ရသည်။ လွတ်လပ်ရေးကိုအသာတကြည်မရနိုင်သဖြင့် အသက်၊ သွေး၊ ချွေး၊ ရုပ်ဝတ္ထုပစ္စည်းများ အဆုံးအရှုံးခံ၍ စည်းလုံးညီညွတ်မှုအင်အားဖြင့် တော်လှန်ရေးကို ဆင်နွှဲခဲ့ရသည်။ ။

ကြမ်းတမ်းခက်ထန်သော တော်လှန်ရေးကိုဆင်နွှဲရာ၌ ရှင်ကြီးဝမ်းထဲလည်း ဝင်ခဲ့ရ၊ ရှင်ငယ်ဝမ်းထဲလည်း ဝင်ခဲ့ရသည်။ နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့သော ကိုလိုနီနယ်ချဲ့စနစ်ကို အပြီးတိုင်ရိုက်ချိုးနိုင်ရန်မှာ မလွယ်ကူလှချေ။ ၁၉၄၅ ခုနှစ်စစ်ပြီးကာလမှ ၁၉၄၈ခုနှစ်လွတ်လပ်ရေးကာလအထိ လွတ်လပ်ရေးကို ရယူရာတွင် နယ်ချဲ့ပရိယာယ်များ၊ သွေးခွဲမှုများကို အမျိုးမျိုးအဖုံဖုံ ကျော်ဖြတ်ခဲ့ရသည်။ လွတ်လပ်ရေး အကြိုကာလကို စည်းလုံးညီညွတ်မှုဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်ဆိုသော်လည်း အကွဲကွဲအပြဲပြဲများကို အမျိုးမျိုး ပေါင်းစည်း၍ ကျားကုတ်ကျားခဲ ကျော်ဖြတ်ခဲ့ရသည်။

လွတ်လပ်ရေးမရခင်ကတည်းက အယူဝါဒအမျိုးမျိုးကွဲပြားခဲ့သော အမျိုးသားခေါင်းဆောင်များမှာ လွတ်လပ်ရေးတည်းဟူသော ဘုံအကျိုးစီးပွားအတွက် မဖြစ်မနေပေါင်းစည်း၍ နယ်ချဲ့စနစ်ကို အပြီးတိုင် ဖြိုလှဲနိုင်ခဲ့သော်လည်း လွတ်လပ်ရေးရပြီးသည်နှင့် ဝါးအစည်းပြေသကဲ့သို့သူတစ်မျိုး၊ ငါတစ်ဖုံ အမျိုးမျိုး အစုံစုံကွဲပြီး လက်နက်ကိုင်စွဲ အုပ်စုကွဲသည်အထိ ဖြစ်ခဲ့ကြသည်။ အကျိုးဆက်မှာ တိုင်းပြည်မတည်ငြိမ်ခြင်း၊ ယနေ့ထက်တိုင် မငြိမ်းချမ်းသေးခြင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

အယူဝါဒ၊ ယုံကြည်မှု မည်မျှပင်ကွဲပြားသည်ဖြစ်စေ လွတ်လပ်ရေးရရှိရေးဟူသည့် ဘုံအကျိုးစီးပွားကို မျက်မှောက်ပြုသကဲ့သို့ တိုင်းပြည်ငြိမ်းချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေးဟူသည့် ဘုံအကျိုးစီးပွားကို မျက်မှောက် ပြုမှသာလျှင် လွတ်လပ်ရေးနှင့် ထိုက်တန်သည့်နိုင်ငံ ဖြစ်ပေလိမ့်မည်။ လွတ်လပ်ရေးကို ကြိုးပမ်း ဆောင်ရွက်ခြင်းဟူသည်မှာ သူတစ်ပါး လက်အောက်မှ လွတ်မြောက်ရန်အတွက် ကြိုးပမ်းအားထုတ် ရသည်ဖြစ်သလို လွတ်လပ်ပြီးသောနိုင်ငံ၏ လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန် အတွက်လည်း ထိန်းသိမ်းစောင့်ရှောက်ကြရမည့် တာဝန်ရှိသည်။ ။

ရရှိပြီးသော လွတ်လပ်ရေးကို မထိန်းသိမ်း၊ မစောင့်ရှောက်ပါက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော အားဖြင့်ဖြစ်စေ လွတ်လပ်ရေးဆုံးရှုံးမည်သာ ဖြစ်သည်။ လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်သည်ဆိုရာ၌ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့်နိုင်ငံတော်ကို တည်ငြိမ်အေးချမ်း၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ကြဉ်းပေးပြီး များလူခပ်သိမ်း ငြိမ်းချမ်းသာယာ၍ အခွင့်အရေးအညီအမျှ ရရှိခံစားနိုင်အောင် ကြိုးပမ်း ဆောင်ရွက်ပေးခြင်းဖြစ်သည်။

များလူခပ်သိမ်း ငြိမ်းချမ်းသာယာ၍ တန်းတူညီမျှ အခွင့်အရေးရရှိနိုင်ရန်အတွက် ဒီမိုကရေစီစနစ်သည်သာ ဆောင်ကြဉ်းပေးနိုင်ပေသည်။ စစ်မှန်သည့် ဒီမိုကရေစီစနစ်ကို ဆောင်ကြဉ်းပေးနိုင်ရန်အတွက် မိမိနိုင်ငံနှင့် မိမိလူမျိုးကို ချစ်မြတ်နိုးရေး၊ မိမိနိုင်ငံငြိမ်းချမ်းရေး၊ အများပြည်သူဆန္ဒနှင့် လိုက်ဖက်ဆီလျော်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ထွန်းရေး၊ ဥပဒေစည်းကမ်းကို လိုက်နာဆောင်ရွက်တတ်သော နိုင်ငံသူ နိုင်ငံသားများ ဖြစ်အောင် ကြိုးပမ်းအားထုတ်ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။

သို့မှသာ စစ်မှန်သော လွတ်လပ်ရေးနှင့် ထိုက်တန်သည့်၊ စစ်မှန်သော လွတ်လပ်ရေးကိုရရှိထားသည့် နိုင်ငံဖြစ်ပြီး စစ်မှန်သော ဒီမိုကရေစီနိုင်ငံကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ငြိမ်းချမ်းသာယာဝပြောသည့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်နိုင်မှ တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီမျှ အခွင့်အရေးများ ရရှိနိုင်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ။

ကြေးမုံ