လွတ်လပ်ရေးနှင့် ထိုက်တန်သည့်နိုင်ငံ

 

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသက်တမ်းသည် နှစ်ပေါင်း ၇၀ ကျော်ကြာ ခဲ့ပြီ ဖြစ်သည်။ နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် လွတ်လပ်သောနေ့၊ လွတ်လပ်ရေးနေ့ ဟူ၍ရှိကြရာ ထိုနေ့ရောက်လေတိုင်း လွတ်လပ်ရေးနေ့ အမှတ်တရ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြုလုပ်လေ့ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်း ၇၀ ကျော် ကြာခဲ့ပြီဖြစ်သော်လည်း မနေ့တစ်နေ့က ကဲ့သို့ပင် လွတ်လပ်ရေးကို သတိရအသိအမှတ်ပြုနေကြဆဲ ဖြစ်သည်။

 

လွတ်လပ်ရေးနေ့ကာလသို့ ရောက်လေတိုင်း လွတ်လပ်ရေးနှင့် ပတ်သက်သည့် သမိုင်းကြောင်းအစဉ်အလာများကို ပြန်လည်ဖွင့်ချ အသိပေးနေကြသည်မှာ လွတ်လပ်ရေးကို နောင်လာနောက်သားများ ထိန်းသိမ်းစောင့်ကြပ်ရေးနှင့် လွတ်လပ် သည့်နိုင်ငံ တည်ဆောက်ရေး အတွက် မမေ့မလျော့ရှိကြစေရန် ဖြစ်သည်။ လွတ်လပ်ရေးဟုဆိုသည်နှင့် လွတ်လပ်ရေး ဗိသုကာကြီး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ အခန်းကဏ္ဍကို ချန်လှပ်ထား၍ ရမည်မဟုတ်ချေ။

 

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှု၊ စွန့်လွှတ်စွန့်စားမှု၊ ရဲရင့် ပြတ်သားမှု သွန်သင်ဆုံးမပဲ့ပြင်မှု၊ မြော်တွေးဆင်ခြင်မှုတို့သည် ယနေ့ထိတိုင် မရိုးနိုင်အောင် မှန်ကန်နေသည့် မှတ်သား ထိုက်ရာများ ဖြစ်သည်။ လွတ်လပ်ရေးဟူသည် သူတစ်ပါး၏ နို့သက်ခံစို့နေ၍ မရနိုင်၊ မိမိတို့အားကို မိမိတို့ကိုးပြီး မိမိတို့ ဘာသာ ကြိုးပမ်းရမည်ဟူသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ယုံကြည်မှုသည် လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလမှသည် ယနေ့ကာလအထိတိုင် ငြင်းမရအောင် မှန်ကန်နေသော မိန့်မှာချက်တစ်ခုဖြစ်သည်။

 

လွတ်လပ်ရေးအတွက် အမျိုးသားခေါင်းဆောင်ကြီးများ ဦးဆောင်၍ ပြည်သူလူထုတစ်ရပ်လုံးက အသက်သွေးချွေးများ ပေးဆပ်ခဲ့ရသည်။ လွတ်လပ်ရေးရရှိပြီးသော အချိန်အခါတွင် “လွတ်လပ်ရေးရတဲ့အခါမှာ ပြန်လည်ထူထောင်ရေး စီမံကိန်းတွေကို အမျိုးမျိုးသောနည်းတွေနဲ့လုပ်မှ၊ စကားခပ်ရိုင်းရိုင်းပြောရရင် အတော့ကိုပြဲအောင် ကုန်းလုပ်နိုင်မှ ရုန်းလုပ် နိုင်မှ အနှစ် ၂၀ လောက်ရှိတဲ့အခါတော်ကာကျမယ်။ တခြားလွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်းတစ်လှမ်းလှမ်းရင် ကျွန်တော်တို့က ခြေလှမ်း လေးငါးဆယ်လှမ်း လှမ်းလိုက်နိုင်မှ နောင် ၁၀ နှစ်၊ အနှစ် ၂ဝ တန် သည်အားဖြင့် တန်းတူညီတူ ဖြစ်သွားမယ် တန်းတူညီတူ မဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ်ဆိုပေမယ့် ဟိုလူ့မြင်တဲ့အခါ မျက်နှာချိုသွေးရေး ဒီလူ့မြင်တဲ့အခါ မျက်နှာချို သွေးရနဲ့…" ဟု မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် အနာဂတ်ကာလ အခြေအနေအား ကြိုတင်မြော်တွေး ပြောကြားခဲ့သည်။

 

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြည်သူလူထုသို့ နောက်ဆုံးမိန့်မှာခဲ့သော စကားများသည် လွတ်လပ်ရေး ရပြီးနောက်ပိုင်း မျက်မှောက်ကာလအထိ သွေးထွက်အောင် မှန်ကန်နေ သည်။ ယနေ့ လွတ်လပ်ရေးရရှိပြီး သည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာခဲ့ပြီဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးသော်လည်း လွတ်လပ်ရေး၏ အရသာ၊ လွတ်လပ်ရေး၏ တန်ဖိုး၊ လွတ်လပ်ရေး၏အခွင့်အရေးများ တစ်နိုင်ငံလုံး လွှမ်းခြုံ၍ တန်းတူညီမျှ သာတူညီမျှ ရရှိမှု ရှိ၊ မရှိ ဆင်ခြင် သုံးသပ်ရမည် ဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးသော်လည်း လွတ်လပ်ရေးနှင့် အတူ မွေးဖွားလာသော ပြည်တွင်းလက်နက်ကိုင် တိုက်ခိုက်မှုများကြောင့် ငြိမ်းချမ်းခြင်းအရသာကို အချို့နယ်စွန်နယ်ဖျားဒေသများတွင် အပြည့်အဝ မရရှိနိုင်သေးသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ မျက်မှောက်ကာလ မြန်မာနိုင်ငံအဖို့ လွတ်လပ်ရေးအသီးအပွင့်များကို အပြည့်အဝ လွှမ်းခြုံ ရရှိခံစားနိုင်ရေးအတွက်ဆိုပါမူ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။

 

တစ်နိုင်ငံလုံး ငြိမ်းချမ်းမှသာလျှင် အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မျှော်မှန်းချက်၊ လမ်းညွှန်ချက်များကို လက်တွေ့ အကောင်အထည်ဖော်နိုင်ပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်သည့်၊ လွတ်လပ်ရေးအရသာကို အပြည့်အဝခံစားနိုင်သည့် လွတ်လပ်ရေးနှင့် ထိုက်တန်သည့် နိုင်ငံဖြစ်နိုင်ပါကြောင်း။ ။

ကြေးမုံ

 

အယ်ဒီတာ့အာဘော် (ကြေးမုံ)