လွတ်လပ်ရေးနှင့်ထိုက်တန်အောင် ဝိုင်းဝန်းတည်ဆောက်

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလက လွတ်လပ်ရေးဖခင်ကြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်များ ဦးဆောင်မှုနှင့်အတူ တိုင်းရင်းသားပြည်သူအားလုံးတို့သည် အတူတကွလက်တွဲ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ သူ့ကျွန်ဘဝတွင် နှစ်ပေါင်းတစ်ရာကျော် နေထိုင်ခဲ့ရသောဘဝမှ ပြည်သူတစ်ရပ်လုံး ကျွန်ဘဝမှ လွတ်မြောက်လိုသည့် ပြင်းပြသောဆန္ဒဖြင့် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲကြိုးပမ်းခဲ့ကြရာ လွတ်လပ်သောမြန်မာနိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိခဲ့ပြီးသည်မှာ ၇၁ နှစ်ပင် ပြည့်မြောက်တော့မည်ဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက အမျိုးသားခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သော ရည်မှန်းချက်များ၊ လွတ်လပ်ရေးနှင့်ထိုက်တန်သော ခံစားခွင့်များ ရရှိနေပြီလားဟု ပြန်လည်ဆန်းစစ်ကြည့်ဖို့လိုမည် ဖြစ်သည်။ လွတ်လပ်ရေးဟူသည်မှာ တရားမျှတမှု၊ တန်းတူအခွင့်အရေးရှိမှု၊ ငြိမ်းချမ်းမှု စသည့် ဖြူစင်သည့်ဝါဒများကို ရယူပိုင်ဆိုင်နိုင်ရေးပင်ဖြစ်သည်။

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံသည် ပြည်သူအားလုံး လိုလားနှစ်သက်သည့် ဒီမိုကရေစီစနစ်ကို တည်ဆောက်နေသည်။ ပြည်သူများ ရွေးချယ်တင်မြှောက်သည့် ပြည်သူ့အစိုးရက ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို ချမှတ်ဖော်ဆောင်နေသည်။ ဒီမိုကရေစီပန်းတိုင်သို့မူ မရောက်သေးဘဲ ဒီမိုကရေစီခရီးလမ်းသို့ တက်လှမ်းစဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် ပြည်သူများသာအဓိကဖြစ်ပြီး ဒီမိုကရေစီစနစ်၏ အနှစ်သာရနှင့်ကျင့်စဉ်များကို သိရှိနားလည်လာအောင် ကြိုးပမ်းအားထုတ်ကြဖို့လိုအပ်မည်ဖြစ်သည်။

ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးနေသည့် နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံတွင် ရရှိအပ်သော တရားမျှတမှု၊ တန်းတူအခွင့်အရေးရမှုတို့ကို မဏ္ဍိုင်ကြီးသုံးရပ်နှင့် ထိန်းညှိပေါင်းစပ်ကာ ပြည်သူများအတွက် ဖော်ဆောင်ပေးနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ပြည်သူများကလည်း မှန်ကန်သော တရားမျှတမှုနှင့်အညီ တန်းတူအခွင့်အရေးတို့ကို ဥပဒေနည်းလမ်း၊ စည်းကမ်းတကျ ပါဝင်လိုက်နာရယူကြဖို့ လိုအပ်မည်ဖြစ်သည်။

လွတ်လပ်သောဒီမိုကရေစီနိုင်ငံကို ဖော်ဆောင်ရာ၌ ဝါဒဖြူစင်သည့်ငြိမ်းချမ်းမှုကိုရရှိနိုင်ရန်အတွက် တိုင်းရင်းသားပြည်သူအားလုံး အတူတကွ လက်တွဲပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ လက်ရှိတွင် ပြည်သူများအတွက် အရေးတကာအရေးတွင် ငြိမ်းချမ်းရေးသည် အလွန်အရေးကြီးသော အရေးကိစ္စဖြစ်နေပါသဖြင့် ငြိမ်းချမ်းရေးကို အထူးဦးစားပေးဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် ယနေ့ထက်တိုင် အဆုံးမသတ်နိုင်သေးသည်မှာ လွတ်လပ်သောနိုင်ငံသားများအတွက် များစွာစိတ်မကောင်းဖွယ် ဖြစ်သည်။ လွတ်လပ်သောနိုင်ငံတွင် ငြိမ်းချမ်းသောအသီးအပွင့်များကို ခံစားကြရန်ဖြစ်သော်လည်း ဒုက္ခ၊ သုက္ခများကို မငြိမ်းချမ်းသောဒေသမှ တိုင်းရင်းသားပြည်သူများ ခံစားနေရသည်။ ထို့ကြောင့် နှစ်ပေါင်း ၇၀ ကျော်ကြာအောင် မငြိမ်းချမ်းသော အဖြစ်ကို လက်နက်ကိုင်ဖြေရှင်းခြင်းမပြုဘဲ ငြိမ်းချမ်းသောနည်းဖြင့် စားပွဲဝိုင်းတွင်အဖြေရှာနေသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံအစည်းအဝေးများတွင် အားလုံးပါဝင်ကြိုးပမ်းရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးသည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း လွတ်လပ်ရေးနှင့်တန်ဖိုးများ၊ အနှစ်သာရများနှင့် မထိုက်တန်ပါက နိုင်ငံတကာအလယ်တွင် မျက်နှာငယ်ရမည်ဖြစ်သည်။ လွတ်လပ်ရေးနှင့်ထိုက်တန်သည့် နိုင်ငံဖြစ်အောင် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ အခွင့်အရေးညီမျှခြင်း၊ စည်းကမ်းလိုက်နာခြင်း၊ ငြိမ်းချမ်းခြင်း စသည်တို့ကို ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ကြရန် အထူးလိုအပ်မည်ဖြစ်ပါကြောင်း။ ကြေးမုံ