လွတ်လပ်သည့်နိုင်ငံ၏ အမျိုးသားလူ့အခွင့်အရေး

၂၈ ဒီဇင်ဘာ

 

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး အမျိုးသားအဆင့်ကော်မတီ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ကျင်းပခဲ့ရာ UPR ၏ အကြံပြုတိုက်တွန်းချက် (၁၆၆)ချက်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံကလက်ခံခဲ့သည့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ကဏ္ဍ(၁၂)ရပ်ကို သတ်မှတ်ခဲ့သည်။

 

 

အဆိုပါကဏ္ဍ(၁၂)ရပ်မှာ အဓိကအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များတွင် ပါဝင်ချုပ်ဆိုရန် ကိစ္စရပ် (၄၁)ရပ်။ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့်စပ်လျဉ်းသည့် ကိစ္စရပ် (၇)ရပ်။ ကုလသမဂ္ဂလူ့အခွင့်အရေးယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ် (၄)ရပ်။ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးပြုပြင်ပြောင်းလဲရေးကိစ္စရပ် (၁၉)ရပ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ် (၁၂)ရပ်။ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖော်ဆောင်ရေးကိစ္စရပ်နှင့် မြေသိမ်းမှုကိစ္စရပ် (၁၀)ရပ်။ ကျား-မတန်းတူရည်တူရှိမှု မြှင့်တင်ရေးကိစ္စနှင့် ထိခိုက်ခံစားလွယ်သော အုပ်စုများကာကွယ်ရေးကိစ္စရပ် (၁၅)ရပ်။ ခွဲခြားမှုမပြုရေးကိစ္စရပ်(၁၅)ရပ်။ ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ် (၁၃)ရပ်။ ဘာသာပေါင်းစုံချစ်ကြည်ရေးကိစ္စ၊ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်ကိစ္စရပ် (၁၈)ရပ်။ နိုင်ငံသားစိစစ်ရေးကိစ္စ၊ ပြည်တွင်းနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရသူများကိစ္စနှင့် လူကုန်ကူးခြင်းကိစ္စရပ် (၇)ရပ်။ အပစ်အခတ်ရပ်စဲရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိစ္စရပ် (၅)ရပ်တို့ဖြစ်သည်။

 

 

အဆိုပါကဏ္ဍအလိုက် ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ခံဆောင်ရွက်ရမည့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများကို နိုင်ငံတော်ကဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံသည် လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ကမ္ဘာကအသိအမှတ်ပြုထားသည့် မြန်မာနိုင်ငံသည် နိုင်ငံတကာကလိုလားသော စစ်မှန်သောဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသည်။ ထိုအချိန်တွင် ကုလသမဂ္ဂကအသိအမှတ်ပြုထားသော ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်ကိုက်ညီစေရန် လက်တွေ့အကောင်အထည်ဖော်လျက်ရှိသည့်အပြင် နိုင်ငံတကာ၏ လူ့အခွင့်အရေးအကြံပြုချက်များကိုလည်း လက်ခံအသိအမှတ်ပြုဖော်ဆောင်ပေးလျက်ရှိသည်။

 

 

လွတ်လပ်သောနိုင်ငံ၏ ဒီမိုကရေစီအခွင့်အရေးများနှင့် လိုက်လျောညီထွေစွာ အကောင်အထည်ဖော်ဆောင်ရွက်နေသော်လည်း အချို့နိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းအချို့က မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေပါသည်ဟု အမျိုးမျိုးစွပ်စွဲပြောဆိုလျက်ရှိသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံအဖြစ်သို့ လုံးလုံးလျားလျား မရောက်ရှိသေးချေ။ စံချိန်စံညွှန်းများနှင့်ညီသော ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်လာအောင် အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်များဖြင့် ပြုပြင်ပြောင်းလဲပြီး လူ့အခွင့်အရေးများကို မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ သို့သော်မြန်မာနိုင်ငံသည် လူ့အခွင့်အရေးနှင့်ပတ်သက်၍ ဖိအားအမျိုးမျိုး၊ စွပ်စွဲမှုအမျိုးမျိုးနှင့် ကြုံနေရသည်။

 

 

ယင်းသို့သောအခြေအနေတွင် မြန်မာနိုင်ငံက နိုင်ငံတကာမှ အကြံပြုတိုက်တွန်းထားသော လူ့အခွင့်အရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်မှုများကို ကမ္ဘာကသိရှိစေရန် စနစ်တကျဖော်ထုတ်ပြသရမည့် အခွင့်အရေးတစ်ရပ်ကို ရရှိတော့မည်ဖြစ်သည်။ လွတ်လပ်သော မြန်မာနိုင်ငံ၊ လွတ်လပ်ခြင်းနှင့်လျော်ညီသည့် ဒီမိုကရေစီစံနှုန်းများကို ထုတ်ဖော်ပြသခွင့်ရလိုက်ခြင်းပင် ဖြစ်သည်။ ထိုထုတ်ဖော်ပြသခွင့်ရလိုက်သည့် အခွင့်အရေးကို သက်ဆိုင်ရာကော်မတီများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအား မိမိတို့ကဏ္ဍအလိုက် ပီပီပြင်ပြင် အလေးထားအကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော်ကတိုက်တွန်းထားသည်။

 

 

သို့ဖြစ်ရာ ကမ္ဘာကအသိအမှတ်ပြုထားသော လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်ဆိုင်သည့် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေရှိသည့် ပြည်သူများ၏ ရပိုင်ခွင့်များ၊ အခွင့်အရေးများကို စနစ်တကျပြည့်ဝစွာဖြင့် လက်တွေ့ဆောင်ရွက်နေပြီဖြစ်ရာ နိုင်ငံတကာမှအကြံပြုတိုက်တွန်းထားသော လူ့အခွင့်အရေးများကို သတ်မှတ်ကာလအမီ ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဖော်ဆောင်ကြမည်ဖြစ်ပါကြောင်း။ ကြေးမုံ