လွှတ်တော်ကိုယ်စားလှယ်များဖလား ရပ်ကွက် ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

သာယာဝတီ ၇ စက်တင်ဘာ 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့မှ ပူးပေါင်းကျင်းပသည့် လွှတ်တော်ကိုယ်စားလှယ်များဖလား ရပ်ကွက် ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သာယာဝတီခရိုင် အားကစားကွင်း၌ ယနေ့ မွန်းလွဲ ၃ နာရီကကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။


ယင်းနောက် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက် ရွတ်ဆိုကြပြီး အုပ်စု (က) ရွှေကျွန်း (ကျွန်းကုန်း) အသင်းနှင့် ကျွဲသတ် (ခ)အသင်းတို့က စတင်ကစားကြသည်။ အဆိုပါဘောလုံးပြိုင်ပွဲကို အုပ်စုရှစ်အုပ်စုဖြင့် ကစားကြမည်ဖြစ်ပြီး စက်တင်ဘာ ၇ ရက်မှ အောက်တိုဘာ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။


အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ အားကစားသမားများနှင့် ပြည်သူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။


သန့်ဇော် (ပြန်/ဆက်)