လုလင်ငယ်သွေး အားမာန်မွေးရမလေ

 

ခင်သန်းမြင့်

 

မည်သူမဆို ကူညီသည်ဖြစ်စေ၊ မည်သူမဆို မကူညီသည်ဖြစ်စေ၊ ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝ အခြေအနေ၊ ကိုယ့်အားကိုယ်ကိုးမှ ကိုယ်သာသခင် ဖြစ်ပေ၊ ဝန်ထမ်းရွှင်လန်း၊ ပန်းတိုင်ကိုအရောက် လျှောက်နိုင်ဖို့လေ၊ လုလင်ငယ်သွေး အားမာန်မွေး ရမလေ

 

ကဗျာစာဆိုရှင် ဆရာကြီး ထီလာစစ်သူ ရေးဖွဲ့ သီကုံးခဲ့တဲ့ “လုလင်ငယ်သွေး ” သီချင်းသံကြားရင် ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ကျွန်မရဲ့အသိမိတ်ဆွေ တစ်ဦးကို သတိရမိတယ်။

 

သူက ဒီသီချင်းကို သိပ်ကြိုက်တာ၊ လက်လုပ် လက်စား သူ့ဘဝနဲ့ထင်ဟပ်လို့နဲ့တူပါတယ်။ သူ့ရဲ့ တစ်ဦးတည်းသောသားလေးကိုလည်း မကြာခဏ ဆိုပြလေ့ရှိတယ်။ ရည်ရွယ်ချက်ကတော့ ကိုယ်ထူ ကိုယ်ထ ကိုယ့်ဘဝအခြေအနေအရ သားငယ်လုလင် ငယ်သွေးကို ကိုယ့်အားကိုယ်ကိုးဖို့၊ အားမာန်တွေ မွေးဖို့ ဆိုလိုတဲ့သဘောပါ။ သူ့ရည်ရွယ်ချက် အောင်မြင်တယ်လို့ပဲဆိုရပါမယ်။ သူကွယ်လွန် သွားပြီးနောက်မှာ သူ့သားငယ်လေးဟာ ဘွဲ့ရပညာတတ်တစ်ဦးဖြစ်လာရုံမက အခုဆို ကုမ္ပဏီတစ်ခုမှာ လစာကောင်းကောင်းနဲ့ အလုပ်ဝင်နေပြီး မိခင်မုဆိုးမကြီးကို ပြုစုလုပ်ကိုင် ကျွေးမွေးနိုင်ခဲ့ပါပြီ။

 

လူချွန်လူမွန်သားကောင်းရတနာလေးတွေ

 

မိဘတွေအနေနဲ့ အနာဂတ်မိသားစုဘဝ သာယာလှပရေးအတွက် လူချွန်လူမွန်သားကောင်း ရတနာလေးတွေကို အခုလိုပြုစုပျိုးထောင်မွေးမြူပေးရသလို နိုင်ငံတစ်နိုင်ငံအနေနဲ့လည်း စဉ်ဆက် မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေကို အမြော်အမြင် ရှိရှိ စနစ်တကျပြုစုပျိုးထောင်ပြီး မွေးထုတ်ပေးကြ ရပါတယ်။

 

အိမ်နီးချင်း တရုတ်နိုင်ငံဆိုရင် မဟာယဉ်ကျေး မှုတော်လှန်ရေးအလွန် တရုတ်ပြည်ကို အခက်အခဲ တွင်းမှ လွတ်မြောက်လာပြီး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သိပ္ပံနဲ့ နည်းပညာ ပညာရေးဘက်က လုပ်ငန်းတွေကို အစွမ်းကုန် ဆောင်ရွက်ခဲ့ကြပါတယ်။

 

တရုတ်ပြည်ကွန်မြူနစ်ပါတီဗဟိုကော်မတီက ၁၉၉၀ ပြည့်နှစ်တွေက သိပ္ပံပညာဖွံ့ဖြိုးတဲ့နိုင်ငံ ဖြစ်ရေး သေနင်္ဂဗျူဟာကို ရေးဆွဲရာမှာ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်သေနင်္ဂဗျူဟာအဖြစ် သဘောထားခဲ့ပါ တယ်။ အခြေခံပညာရေးကိုတိုးချဲ့ပြီး မသင်မနေရ ကိုးနှစ်အခြေခံပညာရေးစနစ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးလိုက်တဲ့အတွက် တရုတ်ပြည်မှာ အခြေခံပညာရေးတက်ရောက်သင်ကြားခွင့် ရရှိဖို့ဟာ ၉၀ ရာခိုင်နှုန်းကျော် ရှိလာခဲ့ပါတယ်။ အဲဒီ နောက် တရုတ်ပြည်ရဲ့ အထက်တန်းအဆင့်ပညာရေး အဆင့်အတန်းဟာ တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။

 

တစ်ဖက်မှာလည်း ဥရောပ၊ ဩစတြေးလျနဲ့ ဂျပန်စတဲ့နိုင်ငံတွေကို သွားရောက်ပညာသင်နေတဲ့ ပညာသင်အရေအတွက်က အရှိန်အဟုန်နဲ့ တိုးပွား လာတယ်။ ၁၉၇၈ ခုနှစ်နောက်ပိုင်းမှာ နှစ်စဉ်ပျမ်းမျှ နှစ်သောင်းကျော် တိုင်းတစ်ပါးသို့ ပညာတော်သင် သွားရောက်ခဲ့ကြပြီး ၁၉၉၇ ခုနှစ်ရောက်တော့ လေးသိန်းအထိ ရှိလာတယ်။ အမေရိကန်၊ အင်္ဂလန်နဲ့ ဂျပန်ကို သွားရောက်ပညာသင်ယူနေတဲ့ ပညာတော် သင်အရေအတွက်က အများဆုံးဖြစ်တယ်။ ကနဦး မှာတော့ ပညာတော်သင် လေးဦးမှာ တစ်ဦးသာ နိုင်ငံသို့ပြန်လာပြီး အလုပ်အကျွေးပြုပေမယ့် နောက်ပိုင်းမှာတော့ တိုင်းပြည်ပြန်လာတဲ့ ပညာ တော်သင်အရေအတွက်က နှစ်စဉ်တိုးလာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်အတွင်းက တိုင်းပြည်ပြန်လာတဲ့ ပညာ တော်သင်အရေအတွက်ဟာ ပထမဆုံးအကြိမ်အဖြစ် တစ်သိန်းကျော်သွားခဲ့တယ်လို့ဆိုပါတယ်။

 

ထူးချွန်သူ ၁၀ မျိုး ဖွံ့ဖြိုးတိုးတက်လာရေးစီမံကိန်း

 

တရုတ်ပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကလည်း လူတော်လူကောင်းတွေ အစုံအလင် အပြည့်အဝရှိပြီး အင်အားကောင်းတဲ့ နိုင်ငံတော်ဖြစ်လာရေး သေနင်္ဂဗျူဟာကို ရေးဆွဲချမှတ်ခဲ့ရာမှာ အထူးသဖြင့် တီထွင်ဖန်တီးမှုစွမ်းအားရှိတဲ့ ထူးချွန် သူတွေ ပြုစုပျိုးထောင်ရေးကို ဦးတည်ချက်အဖြစ် အလေးထားခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် ဇွန်လမှာ တရုတ်နိုင်ငံအစိုးရက နိုင်ငံတော်ရဲ့ ထူးချွန်သူများ ဖွံ့ဖြိုးတိုးတက်လာရေး၊ ရေရှည်နဲ့ တာလတ် စီမံကိန်း (၂၀၁၀-၂၀၂၀) အကျဉ်းချုပ်ကို ရေးဆွဲပြီး ထူးချွန်သူ ၁၀ မျိုး ဖွံ့ဖြိုးတိုးတက်လာရေးစီမံကိန်း ကို ချမှတ်ခဲ့ပါတယ်။

 

တစ်ဖက်မှာလည်း တရုတ်နိုင်ငံလုံးဆိုင်ရာ လူငယ်အဖွဲ့အစည်း ( All China Youth Federation)ကို ဖွဲ့စည်းခဲ့ပြီး လူငယ်လူရွယ်တွေရဲ့ ပညာရေးနဲ့ လေ့ကျင့်ရေး၊ စေတနာ့ဝန်ထမ်းတွေ၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ လူငယ်တွေ အတွက် အခွင့်အရေးနဲ့ အကျိုးစီးပွားများ ကာကွယ်ရေး၊ ဆန်းသစ်တီထွင်ရေးနဲ့ အလုပ်အကိုင်ရရှိစေ ရေးအတွက် ကဏ္ဍအလိုက် စနစ်တကျဆောင်ရွက်ပေးခဲ့ပါတယ်။

 

အိမ်နီးချင်း အိန္ဒိယနိုင်ငံဆိုလည်း လူငယ်ရေး ရာနှင့် အားကစားဝန်ကြီးဌာနကိုဖွဲ့စည်းပြီး လူငယ် လူရွယ်တွေ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတကာလူငယ်အချင်းချင်း ပူးပေါင်းဖလှယ်ရေးအစီအစဉ်တွေ၊ လူငယ်တွေအတွက် နိုင်ငံအဆင့်ထူးချွန်ဆုတံဆိပ်များ ချီးမြှင့် ခြင်းစတဲ့ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ကျယ်ပြန့်စွာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ပြည်နယ်အစိုးရတွေနဲ့ အမျိုးသားအဆင့် လူငယ်အဖွဲ့အစည်းတွေကို လေ့ကျင့်သင်တန်းပေး ခြင်း၊ ရာဂျစ်ဂန္ဒီလူငယ်ဖွံ့ဖြိုးတိုးတက်ရေး သိပ္ပံနဲ့ အမျိုးသားလူငယ်အဖွဲ့အစည်း (National Youth Corp)များ ဖွဲ့စည်းတည်ထောင်ခြင်း စသဖြင့် ကဏ္ဍအလိုက်ဆောင်ရွက်လျက်ရှိပါတယ်။

 

ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှားနိုင်ငံမှာလည်း လူငယ်နှင့် အားကစားဝန်ကြီးဌာန ဖွဲ့စည်း တည်ထောင်ထားပြီး လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသလို စင်ကာပူနိုင်ငံကလည်း ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းထားရှိပြီး စနစ်တကျ စီမံဆောင်ရွက်လျက်ရှိပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့လည်း ၁၉၆၄ ခုနှစ်မှ စတင်ပြီး ၁၉၈၈ ခုနှစ်အထိ “လူရည်ချွန်စီမံကိန်း၊ ၂၀၁၃ ခုနှစ်မှာ “ဘက်စုံပညာထူးချွန်လူငယ် စီမံကိန်း၊ ၂၀၁၈ ခုနှစ်မှာ မူလအခေါ်အဝေါ်အတိုင်း “ လူရည်ချွန်စီမံကိန်းတွေချမှတ်ပြီး စီမံဆောင်ရွက်ခဲ့ပါတယ်။

 

လူငယ်ရေးရာဦးစီးဌာနသစ်တစ်ခု ပေါင်းစပ်ထည့်သွင်း

 

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ခေတ်မှာတော့ နိုင်ငံတော်ရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူငယ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တာဝန်တွေ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်နိုင်ဖို့ မူလအားကစားဝန်ကြီးဌာနမှာ လူငယ်ရေးရာဦးစီး ဌာနသစ်တစ်ခု ပေါင်းစပ်ထည့်သွင်းပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် တိုးမြှင့် ပြောင်းလဲဖွဲ့စည်း တည်ထောင်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ လူငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေ မြှင့်တင်ဆောင်ရွက်ပေးနိုင်ဖို့၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ စာပေတို့ကို ထိန်းသိမ်း မြှင့်တင်ဖို့နဲ့ ဗလငါးတန်ဖွံ့ဖြိုးလာစေဖို့၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်း လာရေးအတွက် လူငယ်တွေက စည်းလုံးညီညွတ် စွာနဲ့ ကြိုးပမ်းဆောင်ရွက်စေဖို့ဆိုတဲ့ ရည်ရွယ် ချက်တွေနဲ့အညီ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပတဲ့ လူငယ်ရေးရာကော်မတီ စုံညီပွဲတော်ကို မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါ တယ်။ စုံညီပွဲတော်မှာ “သွေးချင်းညီနောင်၊ ကောင်းကျိုးဆောင်၊ ပြည်သစ်အောင်ဖို့ ဆွေးနွေးစို့ဆိုတဲ့ ဆောင်ပုဒ်နဲ့ လူငယ်ငြိမ်းချမ်းရေးစကား ဝိုင်းကိုလည်း ထည့်သွင်းကျင်းပပေးခဲ့ပါတယ်။

 

အလားတူ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံ ပညာကျောင်းသားအားကစားပွဲတော်ကို ကျင်းပ ပေးခဲ့သလို ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာ သန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်တဲ့၊ ထူးချွန် ထက်မြက်တဲ့ ကျောင်းသားလူငယ်တွေ ပေါ်ထွန်း လာစေဖို့၊ ပညာရေးလက်တွေ့ ဖွံ့ဖြိုးမှုလုပ်ငန်းတွေ မှာ ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံအကျိုးပြု လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လာနိုင်တဲ့ နိုင်ငံ့ သားကောင်းတွေပေါ်ပေါက်လာစေဖို့၊ ထူးချွန် ထက်မြက်တဲ့ ကျောင်းသား ကျောင်းသူတွေကို စံနမူနာပြုပြီး ကျောင်းသားလူငယ်တွေကို ပြုစုပျိုးထောင်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်သုံးရပ်နဲ့အညီ လူရည်ချွန်စီမံကိန်းကို အကောင်အထည်ဖော်ပြီး ပညာရေးဝန်ကြီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင် နှစ် အခြေခံပညာအဆင့် အဋ္ဌမတန်း၊ ဒသမတန်းနဲ့ ဧကာဒသမတန်းအတွက် တိုင်းဒေသကြီး/ ပြည်နယ်တွေရဲ့ ခရိုင်အလိုက် လူရည်ချွန်မောင်မယ် ၄၇၈ ဦးကို ရွေးချယ်ခဲ့ပါတယ်။

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနအနေနဲ့လည်း နိုင်ငံတကာ လူငယ်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာ မြန်မာလူငယ်တွေရဲ့ ဂုဏ်သိက္ခာအရည် အသွေးနဲ့ အဆင့်အတန်းမြင့်မားလာစေရေးအတွက် အခြေခံ အင်္ဂလိပ်စကားပြော သင်တန်းတွေကို လည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိပါတယ်။

 

သို့ပေမယ့် အလုပ်လုပ်နိုင်တဲ့ လူငယ်လူရွယ် အင်အားများပြားနေတဲ့ လက်ရှိအချိန်မှာ လူငယ် ဖွံ့ဖြိုးတိုးတက်ရေးအစီအမံတွေကို နိုင်ငံတော်အပိုင်း တစ်ခုတည်းသာမက အသိပညာရှင်၊ အတတ်ပညာ ရှင်၊ ရပ်မိရပ်ဖလူကြီးမိဘတွေကလည်း ဝိုင်းဝန်း ကူညီပံ့ပိုးပေးကြဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် စာပေပညာရှင်တွေအပိုင်းကပေါ့။ တစ်ခေတ်တစ်ခါက စာပေအနုပညာရှင်၊ အသိပညာရှင်ကြီးတွေက တာဝန်ကျေခဲ့တယ်လို့ဆိုရမယ်။ ဒီထဲမှာ ဆရာမ ကြီးလူထုဒေါ်အမာနဲ့ ဆရာမောင်ဝံသတို့ကို ကျွန်မ မှတ်မှတ်ထင်ထင် ဖြစ်ရတယ်။

 

၁၉၉၀ ကျော်လွန်နှစ်များအတွင်းက မဂ္ဂဇင်း၊ ဂျာနယ်တချို့မှာ မိန်းကလေးအချို့ ဘောင်းဘီဝတ် ပြီး ကိုးရိုးကားရား နေထိုင်ပြတဲ့ဓာတ်ပုံတွေ ခေတ် စားလာတော့ ဆရာမကြီး လူထုဒေါ်အမာက ၁၉၉၄ ခုနှစ် နိုဝင်ဘာလထုတ် မိုးဂျာနယ်မှာ “လူကြီးတွေ က ဝိုင်းပြီးထိန်းသိမ်းကြပါဦးစို့ ခေါင်းစဉ်နဲ့ “ကျွန်မတို့ လူ့အဖွဲ့အစည်းက မိန်းကလေးမှာ ယောကျ်ားလေးနဲ့ တန်းတူရည်တူ လုပ်ကိုင်ခွင့်ရှိတယ် ဆိုပေမယ့် မိန်းကလေးကို ပေါက်လွှတ်ပဲစား ကြီးပြင်းခွင့်ပေးထားတဲ့ လူ့အဖွဲ့အစည်းမျိုးတော့ မဟုတ်ပါဘူး၊ မိဘမောင်ဖွားအစ်ကိုတွေကြားမှာ ကြီးပြင်းစေတဲ့ အစဉ်အလာ၊ မိန်းကလေးတစ်ယောက် မိန်းကလေးပီပီ နေတတ်ထိုင်တတ်အောင် အမေနဲ့တကွ အစ်မ၊ အဒေါ်၊ မိကြီး၊ မိထွေးနဲ့ အိမ်နီးချင်းကပါ ဆုံးမသွန်သင်တဲ့လူ့အဖွဲ့အစည်းပါ။

 

ဒါကြောင့် ငယ်ရွယ်သေးတဲ့မိန်းကလေးတွေကို ထဘီချွတ်ပစ်အောင် ရုပ်ပုံနဲ့ မြှောက်ချွန်သွေးဆောင် နေတာမျိုးမဖြစ်စေသင့်ပါဘူး၊ စိတ်မိုက်ရိုင်းတွေ အလွန်ဝင်ချင်စရာကောင်းတဲ့ ဒီကာလမှာ ကလေး တွေ အတွေးအမြင်မမှားရအောင် ရှင်တို့၊ ကျွန်မတို့ လူကြီးပိုင်းက ဝိုင်းပြီးထိန်းကြရအောင်ပါလို့ ပညာပေးရေးသားခဲ့ပါတယ်။

 

နိုင်ငံတကာက လူချွန်လူမွန်တွေရဲ့အကြောင်း

 

ဆရာမောင်ဝံသကတော့ လူချွန်လူမွန်ဖြစ်လို သူလူငယ်တွေအတွက် အားကျစရာ၊ အတုယူစရာ၊ စံပြနမူနာယူစေဖို့ နိုင်ငံတကာက လူချွန်လူမွန်တွေ ရဲ့အကြောင်း ထုပ္ပတ်များကို စုစည်းပြီး “လူချွန် လူမွန်ခေါင်းစဉ်နဲ့ ၁၉၈၅ ခုနှစ်က ထုတ်ဝေခဲ့ဖူးတာ အမှတ်ရမိပါတယ်။ ဒီစာအုပ်မှာ ကလောင်ရှင် အသီးသီးက ကမ္ဘာအရပ်ရပ်က ထူးချွန်သူတွေ၊ ရွပ်ရွပ်ချွံချွံ စွန့်စားသူတွေ၊ တီထွင်သူတွေ၊ စံနမူနာ ပြုလောက်အောင် ကောင်းမှုကောင်းကျိုးပြုခဲ့ကြ ကုန်သော မေတ္တာရှင်၊ ကရုဏာရှင်၊ စေတနာရှင်တွေ ရဲ့အကြောင်းကို စာပေါင်းစုအဖြစ်ရေးခြယ်သီကုံး ထားပါတယ်။

 

မျက်မှောက်ကာလမှာလည်း အနာဂတ်နိုင်ငံ တော်ကြီးဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြန်မာ့လူ့အဖွဲ့ အစည်းတစ်ရပ်လုံး ငြိမ်းချမ်းသာယာဝပြောစေရေး အတွက် လူငယ်အရေးကို ကျွန်မတို့ လျစ်လျူရှုနေလို့ မရပါဘူး။ လူငယ်တွေရဲ့ အနာဂတ်ဘဝသာယာလှပ စေဖို့၊ မိသားစုအကျိုး၊ ရပ်ရွာဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် နိုင်ငံတော်က အားထားရမယ့် နိုင်ငံ့သားကောင်း လူချွန်လူမွန်တွေအဖြစ် ပေါ်ထွက်လာစေဖို့ ကျွန်မတို့ မြန်မာ့လူ့အဖွဲ့အစည်းတစ်ရပ်လုံးမှာ တာဝန်ကိုယ်စီရှိတယ်လို့ပဲဆိုပါရစေ။