လုပ်ငန်းခွင်အကြို နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ ဆရာအတတ်သင် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ၂၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာန၌ အသစ် ခန့်ထားသည့် ဆရာ၊ဆရာမများနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဆရာ၊ ဆရာမ များအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော“Pre-service TVET Teacher Training (Online)” သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အစိုးရနည်းပညာကောလိပ် (နေပြည်တော်)၌ Online စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦးက အသစ်ခန့်ထားသည့် ဆရာ၊ ဆရာမများအတွက် လုပ်ငန်းခွင်သို့ ဝင်ရောက်တာဝန် မထမ်းဆောင်မီ မိမိဌာန၏ လုပ်ဆောင်ချက်များ၊ သင်ကြားသင်ယူမှုဆိုင်ရာ အရည်အသွေးများမြှင့်တင်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းမှုနှင့် အလုပ်ရုံစီမံခန့်ခွဲမှု အတတ်ပညာများအား တိုးတက်ကောင်းမွန်လာစေရေးအတွက် ရည်ရွယ်၍ သင်တန်း ကာလ(၅)ပတ်အား online ဖြင့်လည်းကောင်း၊ သင်တန်းကာလ (၂)ပတ်ကို (Face to face) ဖြင့် လည်းကောင်း ကိုဗစ်-၁၉‌ ရောဂါကာကွယ်ထိန်းချုပ်ရေးလိုက်နာရမည့် စည်းကမ်းချက် များနှင့်အညီ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) မှ ကြီးကြပ်၍ သင်တန်းပို့ချသွားမည် ဖြစ်ပါကြောင်း။

သင်တန်းကာလပြီးဆုံးပါက သင်တန်းသားများအနေဖြင့် သက်မွေးပညာကဏ္ဍ ဆောင်ရွက်နေမှု၊  ICT Tools အသုံးပြု၍ သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်စေခြင်း၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် အလုပ်ရုံစီမံခန့်ခွဲမှု နည်းပညာများ သိရှိနားလည် စေခြင်း၊  ပညာရေး၏ တန်ဖိုးနှင့် TVET၏ သဘောသဘာဝကို နားလည်သဘောပေါက်စေ ခြင်း၊ သင်ကြားသင်ယူမှုဆိုင်ရာ Learning Objectives များ မှန်ကန်စွာချမှတ်နိုင်စေခြင်း၊ ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်ကို အသုံးပြုနိုင်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။

အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်ကွန်ပျူတာ နှင့်နည်း ပညာသိပ္ပံ (ဟိုပုံး)၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုး ရေးဒီဂရီကောလိပ်၊ စက်မှုဝန်ကြီးဌာန၊ စက်မှုသင်တန်းကျောင်းများ၊ အလုပ်သမားဝန်ကြီး ဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ နည်း ပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာ ကောလိပ်၊ သိပ္ပံ၊ ကျောင်း နှင့် သင်တန်းဌာနများမှ သင်တန်းသား ဆရာ၊ ဆရာမ စုစုပေါင်း သင်တန်းသား (၄၆၆) ဦး သင်တန်းတက်ရောက်ကြကြောင်း သိရသည်။ 

(သတင်းစဉ်)