လုပ်ပိုင်ခွင့် အလွဲသုံးမှုနှင့် အဂတိ

နေပြည်တော် ၂၇ ဇူလိုင်

မြန်မာနိုင်ငံသည် နိုင်ငံတကာအလယ်တွင် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံများထဲမှ တစ်ခုဟူသည့် ဘွဲ့ကို ရရှိထားခဲ့သည်မှာ အချိန်ကြာခဲ့ပြီ ဖြစ်ပါသည်။ အရှေ့တောင်အာရှမျှမက အာရှတစ်လွှားထိ တွင်ကျယ်ခဲ့၊ တိုးတက်ခဲ့၊ ဦးဆောင်ကဏ္ဍမှာ နေရာရခဲ့သည့် နိုင်ငံတစ်ခုအဖြစ် လွတ်လပ်ရေး ရပြီးကာလများမှာ ရပ်တည်နိုင်ခဲ့သော်လည်း နိုင်ငံရေးစနစ်နှင့် ထိုစနစ်ကို ခေါင်းဆောင်ခဲ့သူများ၏ အမြော်အမြင်နည်းပါးမှုကြောင့် တဖြည်းဖြည်းချင်း နိမ့်ကျသွားခဲ့ရခြင်း ဖြစ်ပါသည်။

တစ်ပါတီအာဏာရှင် နိုင်ငံရေးစနစ်ကနိုင်ငံရေး၊ စီးပွားရေး မည်သည့်ကဏ္ဍတွင်မဆို အာဏာရသူတို့ ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်ခဲ့ကြသည်က နိုင်ငံနိမ့်ပါးလာရခြင်း၏ အဓိကကျသော အကြောင်းရင်းတစ်ရပ် ဖြစ်ပါ သည်။

နိုင်ငံရေးအာဏာရရှိထားသူများ၏ အာဏာကို မလျော်သုံးစွဲမှုက နေရာတိုင်းတွင် မြင်မကောင်း၊ ကြားမကောင်းအထိ ဖြစ်ခဲ့သည်။ အာဏာရှင်များ၊ အာဏာရှင်တို့၏ မိသားစုအသိုင်းအဝိုင်းများ၊ အာဏာရှင်တို့နှင့် ကျွမ်းဝင်ဝေမျှစံစားသူတို့ အာဏာကို မလျော်သုံးစွဲကာ အထူးအခွင့်အရေး ယူလိုက်ကြသည်မှာ နှစ်ပေါင်းများစွာကြာမြင့်လာသည့်အခါ ဤသည်မှာ ဗွီအိုင်ပီဆိုသူတို့၏ မွေးရာပါရပိုင်ခွင့်ဟုပင် ထင်ယောင်မြင်ယောင်မှား လာကြသည်ထိပဲ ဖြစ်ပါသည်။ လွန်စွာအာဏာအလွဲသုံး၊ အခွင့်ထူးခံ လူတန်းစားတစ်ရပ်က ထင်ထင်ရှားရှား ပေါ်ပေါက်ကာ စည်းစိမ်ခံကြချိန် တွင် ပြည်သူတို့မှာ ဆင်းရဲပြီးရင်း ဆင်းရဲရင်း ဖြစ်ခဲ့ရသည်။

ထို့ပြင် အခွင့်ထူးခံတို့ဟူသည် တင်းတိမ်ရောင့်ရဲသည်ဟု ထုံးစံမရှိသည့်အတိုင်း နိုင်ငံရေးတွင် ပြည်သူ့သဘောထားကို တောင်းခံစရာမလိုဘဲ အာဏာကိုလိုချင်သည့်အတိုင်း ရယူနိုင်ခဲ့ပြီး စီးပွားရေးကဏ္ဍများမှာလည်း အထူးအခွင့်အရေးယူလာကြကာ လုပ်ပိုင်ခွင့်ပေါ် အခြေခံသည့် စီးပွားရေးစနစ်၊ တစ်နည်းဆိုရလျှင် ပါမစ်စီးပွားရေးစနစ် ဖြစ်လာ၏။ လုပ်ပိုင်ခွင့်ရှိသူတို့၏ အဝန်းအဝိုင်းထဲတွင် အဂတိနှင့်လာဘ်ပေးလာဘ်ယူနည်းအားဖြင့် လုပ်ကိုင်လာသည့်အတွက် မည်သူနှင့်မျှ တုယှဉ်ပြိုင်ဆိုင် စရာမလိုဘဲ လိုချင်သည့် စီးပွားရေးစီမံကိန်းများကို လိုချင်သလို အကောင်အထည်ဖော်ဆောင်နိုင်ခွင့်နှင့် လုပ်ငန်းပါမစ်ရနိုင်သည့် စီးပွားရေး အခွင့်ထူးခံမှုက လွှမ်းမိုးခဲ့သည်။

သည်လိုဖြင့် အာဏာရှိသူတို့ လုပ်ပိုင်ခွင့်ရှိသူတို့ကြား အဂတိ လာဘ်ပေးလာဘ်ယူတို့ဖြင့် ချမ်းသာချင်တိုင်းချမ်းသာ ကြွယ်ဝချင်တိုင်း ကြွယ်ဝခဲ့ကြသည်။ ထိုသို့သော အဂတိအခြေခံ စီးပွားရေးလုပ်ငန်းရပ်များကပင် နိုင်ငံကို ဆင်းရဲနွံထဲ ဆွဲချသွားခဲ့သည်ဟု ဆိုရပါမည်။

သာမန် ပြည်သူလူထုနှင့် အာဏာအလွဲသုံး အခွင့်ထူးခံတို့၏ ကွာခြားချက်ကား ကြီးလှချေ၏။ ထိုကွာခြားချက်က နိုင်ငံတစ်ခုလုံး၏ ဆင်းရဲ ချမ်းသာ ကွာခြားမှုကို ကြီးသည်ထက်ကြီးအောင် ဖန်တီးပေးလိုက်ခြင်းက ယနေ့ထက်တိုင် စီးပွားရေးနာလန်မထူနိုင် ဖြစ်ရသည်ဟု ဆိုနိုင်ပါသည်။

အာဏာရှင်စနစ် အဆက်ဆက်အောက်တွင် ဒီမိုကရေစီဆိတ်သုဉ်း နေခဲ့ခြင်းကြောင့် သည်ကဲ့သို့သော အဂတိမကင်းမှုများကို ပြည်သူလူထုမှာ မည်သည့်အခါကမှ ထောက်ပြခွင့် ဖယ်ရှားခွင့်မရနိုင်ခဲ့။ ယနေ့ဒီမိုကရေစီ ပွင့်လင်းလာသည့်အခါတွင်မူ ပထမဆုံးအနေဖြင့် အဂတိလာဘ်ပေး လာဘ်ယူအမှုများကို စစ်ဆေးမှုများ ရှိလာနိုင်ခဲ့ပြီ။ အရေးယူနိုင်မှုများလည်း ရှိလာခဲ့ပြီ။ ယင်းသို့သော အနေအထားများ ပြောင်းလဲလာခြင်းသည်ပင် ဒီမိုကရေစီစနစ်အောက်တွင်ရှိသော တိုးတက်မှုများကို မျက်ဝါးထင်ထင် မြင်လာရခြင်းဟု ယူဆပါသည်။

လာဘ်ပေးလာဘ်ယူစနစ်က နှစ်ကာလရှည် အမြစ်တွယ်လာသည့်အခါ ပေးလျှင်ရသည်ဟူသော အစဉ်အလာအောက်တွင် လုပ်ကိုင်ခဲ့သူများက သည်နည်းဖြင့် ဆက်လက်အသက်ဆက်ရန် ကြိုးစားကြသည်မှာ မထူးဆန်းပါ။ သို့သော်လည်း ဒီမိုကရေစီစနစ်အောက်တွင် ပွင့်လင်းမြင်သာမှုက တဖြည်းဖြည်းချင်း ပွင့်လန်းလာသည့်အခါ ပြည်သူလူထုကို လှည့်စားချင်တိုင်းလှည့်စားဖို့ ခက်ခဲလာပြီဖြစ်သည်။

အဂတိကင်းစင်ရေးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျလှသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့်ပင် အဂတိနှင့် လာဘ်ပေးလာဘ်ယူတို့ကို မြန်မာနိုင်ငံတွင်း လျော့ပါးသည်ထက် လျော့ပါးအောင်၊ ပပျောက်ကင်းစင်အောင် အမျိုးသားရေး ဦးတည်ချက်တစ်ရပ် အနေဖြင့် တိကျမှန်ကန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါ စေသတည်း။ ။

မြန်မာ့အလင်း