လူ့အခွင့်အရေး စိန်ခေါ်မှုများနှင့် စည်းလုံးညီညွတ်သည့်အင်အား

၁၀  ဒီဇင်ဘာ

ကုလသမဂ္ဂအဖွဲ့ကြီးက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို အတည်ပြုကြေညာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ ဖြစ်သည်။ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၌ အတည်ပြုခဲ့ပြီး စာပိုဒ်ပေါင်း ၃၀ ပါသည့် လူ့အခွင့်အရေး ကြေညာစာတမ်းသည် ဒုတိယကမ္ဘာစစ်ပြီးကာလ ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ ကမ္ဘာတစ်ဝန်းမှ တောင်းဆိုခဲ့ကြသည့် လူသားတိုင်း မွေးရာပါ တူညီသောအခွင့်အရေးများကို ရရှိနိုင်ရန် တောင်းဆိုခဲ့ကြသည့် အချက်များဖြစ်ပြီး နိုင်ငံတကာတွင် လည်းကောင်း၊ ပြည်တွင်း၌လည်းကောင်း လူ့အခွင့်အရေးများကို တန်းတူရရှိနိုင်ကြရေး၊ အခြေခံဥပဒေများ၌ ထည့်သွင်းနိုင်ရေးတို့အတွက် ကိုးကားနိုင်ရန် ရည်ရွယ်ရေးသားခဲ့ ကြခြင်းလည်း ဖြစ်သည်။

လူ့အခွင့်အရေးသည် လူအဖြစ်မွေးဖွားလာသူတိုင်း မည်သည့်အကြောင်းပြချက်ကြောင့်မျှ ဆုံးရှုံးခြင်းမရှိသည့် အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ရရှိသင့်သည်ဆိုသည့် အတွေးအခေါ်မှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး အသားအရောင်၊ လိင်ကွဲပြားမှု၊ အတွေးအခေါ်၊ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး မည်သို့ပင်ကွဲပြားစေကာမူ လူသားအားလုံးအပေါ်တွင် လူ့အခွင့်အရေးသည် တန်းတူညီမျှမှုရှိသည်ဆိုသော အချက်ပေါ်တွင် အခြေခံသည်။ ဒုတိယကမ္ဘာစစ်ပြီးကာလတွင် ကြေညာခဲ့သည့် လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူသားတို့၏ အခြေခံအခွင့်အရေးများ ခံစားခွင့်ရရှိရေး လှုပ်ရှားမှုများက ၁၉၇၀ ပြည့်လွန် နှစ်များအတွင်း ကမ္ဘာတစ်ခွင်၌ လှုပ်လှုပ်ရှားရှားရှိခဲ့သည်။ ယင်းကာလသည် ကမ္ဘာပေါ်တွင် အယူဝါဒရေးရာမတူ ဆန့်ကျင်သည့် နိုင်ငံအုပ်စုကြီးနှစ်ခုယှဉ်ပြိုင်မှုများ ပြင်းထန်သည့်ကာလလည်းဖြစ်ရာ အယူဝါဒရေးရာ လက်နက်တစ်ခုလည်း ဖြစ်ခဲ့သည်။

လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၁)တွင် လူတိုင်းသည် တူညီလွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့်လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သောဉာဏ်နှင့် ကျင့်ဝတ်သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏ဟူ၍ လည်းကောင်း၊ အပိုဒ်(၂)တွင် လူတိုင်းသည် လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့်အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့် ရှိသည်ဟူ၍ ထည့်သွင်းကြေညာထားသည့်တိုင်အောင် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော မျက်မှောက်ကာလတွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူသားအားလုံး လူ့အခွင့်အရေးအားလုံးကို ပြည့်ပြည့်၀၀ခံစားခွင့် ရကြပြီလားဆိုသည်မှာ အဖြေမရှိနိုင်သေးသည့် ပုစ္ဆာသဖွယ်ပင် ဖြစ်နေသေးသည်။ ဘုရင်စနစ်၊ သမ္မတစနစ်၊ ပါလီမန်စနစ်၊ အာဏာရှင်စနစ် စသည်ဖြင့် မည်သည့်အုပ်ချုပ်ရေးပုံစံကို ကျင့်သုံးနေကြသည်ဖြစ်စေ နိုင်ငံသူ နိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးများ အကောင်အထည်ဖော် ဆောင်ရွက်မှုများတွင် လည်းကောင်း၊ အခြားနိုင်ငံများအပေါ် ဆက်ဆံကျင့်သုံးမှုများတွင်လည်းကောင်း အခြေခံလူ့အခွင့်အရေး ထိပါးမှုများ၊ ချိုးဖောက်မှုများ ရှိနေဆဲပင်ဖြစ်သည်။

တစ်ဖက်တွင်လည်း မိမိနိုင်ငံအကျိုးစီးပွား၊ မိမိအဖွဲ့အစည်း အကျိုးစီးပွားတို့အတွက် လူ့အခွင့်အရေးကို နိုင်ငံရေးလက်နက်သဖွယ် စွဲကိုင်၍ အုပ်စုဖွဲ့ လှုပ်ရှားကာ မိမိတို့ လိုလားသည့် နိုင်ငံများအပေါ်တွင် စံတစ်မျိုး၊ မိမိတို့ မလိုလားသည့်နိုင်ငံအပေါ်တွင် စံတစ်မျိုး စသည်ဖြင့် စံနှစ်မျိုး ကျင့်သုံး၍ အကျိုးအမြတ် ရှာဖွေလာကြသည်ကိုလည်း တွေ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရာတွင် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူဝါဒကိုလည်း တစိုက်မတ်မတ်စောင့်ထိန်းခဲ့သည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ လူ့အခွင့်အရေးတို့ မှေးမှိန်ခဲ့သောနိုင်ငံ၊ လျစ်လျူရှုခံခဲ့ရသော နိုင်ငံဖြစ်သည်။ လုံးဝပျောက်ဆုံးခဲ့ရသည် များလည်း ရှိသည်။ နိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ပီပီပြင်ပြင်ဖြစ်လာအောင် တည်ဆောက်ကာ နိုင်ငံသူ နိုင်ငံသားတိုင်း အခြေခံလူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် လမ်းခုလတ် အခြေအနေတွင် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းများဖြစ်ပေါ်လာအောင် တမင်ဖန်တီးမှုများ၊ အုပ်စုဖွဲ့အကျပ်ကိုင်မှုများ၊ စွပ်စွဲမှုများ ဖြစ်ပေါ်လာခဲ့သည်။

မည်သည့်အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင်ကျော်လွှားနိုင်ရန်မှာ မိမိတို့ပြည်တွင်းရှိ ပြည်သူများ၏ စည်းလုံးညီညွတ်သည့်အင်အားက အဓိကကျသည်။ အရေးကြီးက သွေးစည်းကြသည့် အစဉ်အလာအတိုင်း လေးနှက်ခိုင်ကြည်သည့် သန္နိဋ္ဌာန်နှင့် တစ်ခဲနက်သော စုပေါင်းအင်အား ထုတ်ဖော်ပြသမှုတို့ကို လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါကြောင်း။ ။

မြန်မာ့အလင်း