လူ့အဖွဲ့အစည်းအကျိုး၊ မိမိအကျိုး မျှတစွာစဉ်းစား

ပိုက်တင်

ပြုပြင်ပြောင်းလဲပစ်ရမည့် သဘောထားများ

မြန်မာနိုင်ငံတော်နှင့် မြန်မာနိုင်ငံသားတို့ တိုးတက်အောင်မြင်ကြီးပွားပြီး အဆင့်အတန်း မြင့်မားလာစေရေးအတွက်ဆိုလျှင်မြန်မာတို့အနေဖြင့် မဖြစ်မနေ ပြုပြင်ပြောင်းလဲပစ်ရမည့် သဘောထားများရှိနေ၏။ အရေးကြီးဆုံး လည်းဖြစ်ပြီးအလွန်တရာမှလည်း အခြေအနေဆိုးရွားနေပြီဖြစ်သော အကြောင်းအရာလေးချက်ကိုတင်ပြလိုပါသည်။ ထိုသို့သော အကြောင်းကိစ္စများနှင့်ပတ်သက်ပြီး ပြည်သူလူထု၏ သဘောထားများ၊ အပြုအမူများကို မပြုပြင်မပြောင်းလဲ မမြှင့်တင်နိုင်ပါက မြန်မာတို့အတွက် တိုးတက်သာယာဝပြောရေးကို မျှော်လင့်ရန်မဖြစ်နိုင်ရုံမျှမက ရှေ့လျှောက် ပိုမိုဆင်းရဲနိမ့်ကျလာပြီး နိုင်ငံတကာနှင့်ယှဉ်လျှင် မည်သည့်အခါမျှ ပေမီဒေါက်မီလူ့အဖွဲ့ အစည်း ဖြစ်လာနိုင်မည်လည်းမဟုတ်ပါ။

(၁)    စည်းကမ်းနှင့် ဥပဒေများအပေါ် သဘောထား 

ဒီမိုကရေစီစနစ်သို့အသွင် ကူးပြောင်းပြီးဆယ်စုနှစ်တစ်ခုနီးပါး ကြာလာသည့်အခါလူထု၏စည်းကမ်း နှင့်ကျင့်ဝတ်များ ပိုမိုကောင်းမွန်လာရမည့်အစား အခြေအနေများကပိုမို ဆိုးရွားလာသည်ကို တွေ့မြင်ကြားသိနေရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်သည်။အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာသော ဒီမိုကရေစီနိုင်ငံတိုင်းတွင် နိုင်ငံသားတို့၏ စည်းကမ်းနှင့် ဥပဒေများအပေါ်တန်ဖိုး ထား လေးစားမှုသည် အထင်ရှားဆုံးသော စရိုက်လက္ခဏာရပ်ဖြစ်သည်။ လက်ရှိ မြန်မာအများစု၏ အနေအထားသည် ရရှိလာသောလွတ်လပ်ခွင့်အပေါ် စနစ်တကျဆင်ခြင်သုံးသပ်လျက် တန်ဖိုးရှိစွာ ခံစားစံစားကြရမည့်အစား နှစ်ကာလကြာလေ ပရမ်းပတာဖြစ်လာလေဖြစ်ကြောင်း သတိပြုမိကြပါလိမ့်မည်။ 

ထိုအခြေအနေသည် ဒီမိုကရေစီစနစ် ပိုမိုအမြစ်တွယ် ခိုင်မာလာနိုင်စေရေးအတွက် ကြီးစွာသောအနှောင့်အယှက် အဟန့်အတားဖြစ်လေရာ အစိုးရများကလည်း ပြည်သူလူထုကို ပညာပေးခြင်း၊ ထိန်းကျောင်း တည့်မတ်ပေးခြင်းတို့ လုပ်ဆောင်ရန် မဖြစ်မနေလိုအပ်သလို ပြည်သူလူထုကလည်း မိမိတို့တစ်ဦး ချင်းတန်ဖိုးများ၊ မိမိတို့လူ့ဘောင်အဖွဲ့အစည်း၏ တန်ဖိုးများ တစ်နေ့ထက် တစ်နေ့ပိုမိုမြင့်မားလာစေရေး အသိတရားရှိရှိ ကြိုးစားမြှင့်တင်ကြရန် စည်းကမ်းများ၊ ဥပဒေများကိုလိုက်နာခြင်းအတွက် ဂုဏ်ယူတတ်သော နိုင်ငံသားများဖြစ်ရန် ကြိုးစားအားထုတ်ကြဖို့ မဖြစ်မနေလိုအပ်ပြီဖြစ်သည်။ ပေါ့ပေါ့ နေ ပေါ့ပေါ့စား စည်းကမ်းဥပဒေများကို တန်ဖိုးမထားတတ်သော လူ့အဖွဲ့အစည်းများတွင် ဒီမိုကရေစီစနစ်သည် ရှင်သန်ထွန်းကားလာနိုင်ခြင်း မရှိသလို ထိုလူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာမခံချက်လည်း ရှိလိမ့်မည်မဟုတ်ပါ။

(၂)    နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းအပေါ် သဘောထား 

ယခုကာလသည် နိုင်ငံတော်သစ် တစ်ရပ်ကို ခဲရာခဲဆစ် တည်ဆောက်နေကြရသော ကာလဖြစ်သည်။ အသိပညာ ရေချိန်မြှင့်တင်ရန် လိုအပ်ချက်ကြောင့် ပြည်သူလူထုသည် နိုင်ငံတော် တည်ဆောက်ရေးတာဝန်ကိုနားလည် သိမြင်မှုနည်းပါးသလို တာဝန်ရှိသည်ဟုပင် ခံယူရကောင်းမှန်း မသိကြဘဲ ရှိနေရခြင်းသည် အပြစ်တစ်ခုဟုမဆိုသာသော်လည်း နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကိုချစ်မြတ်နိုးကြရမည် ဖြစ်သလိုပြန်လည်တည်ဆောက်နေသော နိုင်ငံတော်သစ်ကြီး ခိုင်မာ တောင့်တင်းစွာ အမြန်ဆုံးပေါ်ထွက်လာရေးအတွက်တတ်စွမ်းသမျှပါဝင် ထမ်းဆောင်ကြရန် လိုအပ်ပါသည်။  အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ နာမည်ကျော် စကားတစ်ခွန်းရှိ၏။ “ Ask not what your country can do for you ask what you can do for your country” တိုင်းပြည်က ခင်ဗျားတို့ကို ဘာလုပ်ပေးမယ်ဆိုတာ မမေးပါနဲ့။ ခင်ဗျားတို့ကတိုင်းပြည်အတွက် ဘာလုပ်ပေးမယ်ဆိုတာပဲ မေးပါဟူ၍ ဖြစ်သည်။

ဆိုလိုသည်မှာ အစိုးရများက ငါတို့ကိုကောင်းအောင်လုပ်ပေးရမယ်ဆိုတာ တစ်ခုပဲစဉ်းစားပြီး တစ်စုံတစ်ရာဖြစ်လာ နိုး ထိုင်စောင့်နေရန်မဟုတ်ဘဲမိမိတို့ တိုးတက်ရေးအတွက် မိမိတို့ကိုယ်တိုင် အားသွန်ခွန်စိုက် လုပ်ကိုင်ကြခြင်းဖြင့် နိုင်ငံတော်သစ်ကြီးပေါ်ထွန်းရေးကို ဝိုင်းဝန်းကြရန်ဖြစ်သည်။

နိုင်ငံသားတို့ နိုးကြားကြိုးစားမှုဖြင့်သာ နိုင်ငံတစ်ခု အမှန်တကယ် တိုးတက်နိုင်သည်။ မိမိတို့ မှီတင်းနေထိုင်လျက်ရှိသော လူ့အဖွဲ့အစည်း၏ကျေးဇူးကို ပြန်လည်သိတတ်ရန် နိုင်ငံသားတစ်ဦးချင်းစီတွင် တာဝန်ရှိကြောင်း သိကြရပေလိမ့်မည်။ လူ့အဖွဲ့အစည်းအကျိုး၊ မိမိအကျိုး မျှတစွာစဉ်းစားကြရန်အချိန်ရောက်ပြီဖြစ်သည်။

(၃)    ပညာရေးအပေါ် သဘောထား 

အထူးသဖြင့် မိဘတို့ ပြုပြင်ပြောင်းလဲကြရမည်ဖြစ်သည်။ သားသမီးတို့ကို ကောင်းစေချင်သောစေတနာဟူသည့် အကြောင်းပြချက်ဖြင့် လမ်းလွဲနေကြဆဲဖြစ်သည်။ အမှတ်ကောင်းကောင်းရပြီး လိုင်းကောင်းကောင်းရအောင် ကြိုးစားရမည်ဟု လူငယ်များကို အတင်း ရော အဓမ္မပါ ဖိအားပေးခိုင်းစေနေကြဆဲဖြစ်သည်။ လူငယ်များအားလုံးက ဆရာဝန်၊ အင်ဂျင်နီယာမှမလုပ်လျှင် ဘဝများဆုံးတော့မလိုလို၊ တခြားသော ဝိဇ္ဇာ၊ သိပ္ပံပညာရပ်များက တန်ဖိုးမရှိ တော့သလိုလို ခံယူနေကြဆဲဖြစ်သည်။ မြန်မာနိုင်ငံမှာပင် ဖြစ်ပေါ်နေသည့် အခြေအနေဆိုးဖြစ်သည်။ နိုင်ငံကို ထူထောင်ရန် ဝိဇ္ဇာ၊ သိပ္ပံ ဘက်စုံပညာရပ်များ ထူးချွန်ကြရန် မဖြစ်မနေလိုအပ်သည်။ ထို့ပြင် လူငယ်တို့၏ ဝါသနာနှင့် ပါရမီရှိကြသည့်အလျောက် အသက်မွေးဝမ်းကျောင်းများကို ရွေးချယ်ခွင့်ပေး ရန်လိုသည်။ ဆရာဝန်များ၊ အင်ဂျင်နီယာများဖြစ်ပြီး မအောင်မမြင်ဖြစ်နေသောသူများ တခြားအသက်မွေးဝမ်းကျောင်းကို ရွေးချယ်ကြသူများ ဒုနှင့်ဒေးဖြစ်နေ ရခြင်းသည် ထိုအကြောင်းတရားကြောင့် ဖြစ်သည်။

တစ်သက်တာ လေ့လာသင်ယူခြင်း

လူငယ်များအနေဖြင့်လည်း ဘွဲ့လက်မှတ်ရရုံ၊ ပညာတတ်အမည်ခံရုံအတွက်သာ ပညာသင်လိုကြသည့် စိတ်ဓာတ်များကို မဖြစ်မနေပြင်ဆင်ကြရမည် ဖြစ်သည်။ Life long learning ဟု ဆိုသော တစ်သက်တာ လေ့လာသင်ယူခြင်းသည်လည်း အသိပညာရေချိန်နိမ့်ကျလှသော လူ့ဘောင်အဖွဲ့အစည်းအတွက် အရေးပါသည့်ကိစ္စဖြစ်သည်။ သာမန်အားဖြင့် ငွေသည်ဘဝဟု ယူဆနေကြ သူအများစု ဖြစ်နေရခြင်းသည် လေ့လာသင်ယူလိုစိတ်များ ခေါင်းပါးနေကြသော ကြောင့်ဖြစ်သည်။ အရွယ်စုံ၊ အလွှာစုံက ပညာအပေါ် မှန်မှန်ကန်ကန် တန်ဖိုးထားကြပြီး စဉ်ဆက်မပြတ် လေ့လာသင်ယူသည့်ဓလေ့ ပျိုးထောင်နိုင်ရေးအရေး ပါလှသည်။

(၄)    စီးပွားရေးအပေါ် သဘောထား 

တိုးတက်သော နိုင်ငံတိုင်းတွင် နိုင်ငံသားတို့အတွက် စီးပွားရေးဟူသည် အကျိုးအမြတ်ရရှိရေးထက် များစွာပိုမို ကျယ်ဝန်းနက်နဲသော အဓိပ္ပာယ်များရှိသည်။ မြန်မာနိုင်ငံတွင် ဆင်းရဲနိမ့်ကျ နေမှုဟူသော အရင်းခံအကြောင်းတရား ကိုအခြေပြုလျက် စီးပွားရေးနှင့် ပတ်သက်သောသဘောထားများနှင့် ကျင့်ဝတ်များသည် ပျက်စီးယိုယွင်းလာခဲ့ သည်မှာ ကြာပြီဖြစ်သည်။ မိမိအကျိုး အမြတ်များများရရှိရေး၊ မိမိကောင်းစား ရေးစသည့် ကျဉ်းမြောင်းသေးသိမ်လှသည့်ခံယူချက် သဘောထားများကြီးစိုး နေပြီဖြစ်သည်။အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား သဘောထားက လွှမ်းမိုးနေပြီဖြစ်သည်။

တိုင်းပြည်စီးပွားရေးဆုတ်ယုတ် ပျက်စီးရခြင်း၏ အကြောင်းရင်းခံတစ်ရပ်ကို တွေးမိသူ အလွန်နည်းပါးလှသည်။ စီးပွားရှာသည့် အလုပ်သည်မိမိဘဝ တိုးတက်သာယာရေးဖြစ်သလို တိုင်းကျိုး ပြည်ပြု အလုပ်လည်းဖြစ်သည်။ လူ့အဖွဲ့အစည်းလည်းကောင်းမွန်ရမည်၊ မိမိလည်း အကျိုးအမြတ်ဖြစ်ထွန်းရ မည်ဟူသော သဘောထားအမှန် လိုအပ်သည်။ ရေမြင့်မှ ကြာမြင့်သည်။ အတ္တပရမျှသော သဘောထားဖြင့် လုပ်ကိုင်ကြလျှင် လူ့အဖွဲ့အစည်းလည်းတစ်နေ့ တခြားအဆင့်မြင့်လာမည်ဖြစ်သလို လူတစ်ဦးချင်း၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းလည်း မြင့်မားလာမည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းများအတွက်လည်း သဘောတရားက အတူတူပင်ဖြစ်သည်။ လုပ်ခလစာတစ်ခုပဲကြည့်ပြီး အလုပ်အပေါ် စေတနာမထားကြသောကြောင့် ပြဿနာမျိုးစုံ ကြုံတွေ့နေကြရခြင်းပင်။ မိမိရွေးချယ်ထားပြီးသားအလုပ်ပေါ် စေတနာပြည့်ပြည့်ဝဝထားပြီး လုပ်ကိုင်လျှင်မိမိဘဝတိုးတက် ကောင်းမွန်ရေးအတွက် အခွင့်အလမ်း များပေါ်ပေါက်လာမည်ဖြစ်သလို မိမိ၏ စိတ်ဓာတ်အရည်အသွေးလည်း မြင့်မား လာပြီးကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း မြင့်မားလာကာ အောင်မြင်သော ဘဝကို ရရှိနိုင်လိမ့်မည်။ အလုပ်ကို ခိုကပ်လုပ်ကိုင်သည့်အကျင့်ကို မွေးမြူထားလျှင် တစ်သက်လူစဉ်မီရန် ခက်ခဲ နေမည်သာဖြစ်သည်။ 


အသက်မွေးဝမ်းကျောင်းများအပေါ် သဘောထား၊ စီးပွားရေးလုပ်ငန်း လုပ်ဆောင်သည့်အခါ ထားရှိသည့်သဘောထားများကို ပြုပြင်ပြောင်းလဲနိုင်ခြင်းမရှိလျှင်နိုင်ငံ တိုးတက်ကောင်းမွန်ပြီး ကြွယ်ဝချမ်းသာ လာနိုင်ရေး ဝေးနေပေလိမ့်ဦးမည်။

မှားယွင်းသောသဘောထား ခံယူချက်များ

နိုင်ငံတစ်ခု လူ့အဖွဲ့အစည်းတစ်ရပ်တွင် အားနည်းချက်များ အမြောက်အမြားရှိနေပါက ဘယ်လိုမှ တိုးတက်ကောင်းမွန် လာရန်မရှိပါ။ အဆိုပါအားနည်းချက်များသည် သာမန်အားဖြင့် မေ့လျော့ ပေါ့ဆကာ အရေးပါသည်ဟုမထင်ရသည့် မှားယွင်းသောသဘောထားခံယူချက် များအပေါ် များစွာတည်မှီနေပါသည်။ မှန်ကန်သောသဘောထားခံယူချက်များ ထားရှိနိုင်ကြရန် အမှားကို အမှားဟု ပထမဦးဆုံးသိရန်လိုသည်။ လက်ခံရန်လိုသည်။ ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။ နိုင်ငံသားတစ်ဦးချင်းတိုးတက်ရေး၊ ဂုဏ်သိက္ခာရှိရေး၊ ပျော်ရွှင်အောင်မြင်ရေးနှင့် နိုင်ငံတော် (လူ့အဖွဲ့ အစည်း) တစ်ခုလုံးလောက်လောက် လားလားဖြစ်လာနိုင်ရေးအတွက် အားလုံးကို ပြုပြင်ပြောင်းလဲရန် မလုပ်နိုင်ကြသေးလျှင် ဖော်ပြပါ မှားယွင်းနေသော (လွန်စွာမှလည်းအရေးကြီးလှပြီး မဖြစ်မနေပြောင်းလဲရန် လိုအပ်သော) သဘောထားလေးချက်ကို ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲနိုင်ကြလျှင်ပင် တိုးတက်သော လူ့ဘောင်အဖွဲ့အစည်း တစ်ရပ်၊ လူစဉ်မီသော နိုင်ငံတော်တစ်ရပ်ကို အလျင်အမြန် တည်ဆောက်နိုင်ကြမည်ဖြစ်ကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။ ။