လူ့စွမ်းအားဖွံ့ဖြိုးရေး စုပေါင်းအားဖြင့် မြှင့်တင်

 

၁၇ အောက်တိုဘာ

နိုင်ငံတည်ဆောက်ရေးတွင် ထူးချွန်ထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်က မရှိမဖြစ် လိုအပ်သည့်အလျောက် ပြည်သူ့ပညာရေးနှင့် ပြည်သူများ၏ အသိအမြင်ပွင့်လင်းရေးတို့ကို အစိုးရတို့က ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများတွင် ထည့်သွင်းထားကြရသည်။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် လူများကို လေ့ကျင့်ပညာပေးခြင်း၊ ၎င်းတို့၏ လုပ်အားကို အကျိုးရှိထိရောက်စွာ အသုံးချခြင်းနှင့် လူတို့၏ လုပ်အားများ လျော့ကျ မသွားအောင် ထိန်းသိမ်းခြင်းတို့ကို မူဝါဒချမှတ်၍ မဖြစ်မနေ ဆောင်ရွက်ရန်လိုသည်ဟု ပညာရှင်များက အသိအမှတ်ပြုထားကြသည်။

မိမိတို့နိုင်ငံတွင် ရာစုနှစ်ဝက်ကာလမျှ ကြာရှည်အောင် အတိတ်က ကျင့်သုံးခဲ့သည့် နိုင်ငံရေး စနစ်၊ ယင်းစနစ်က ချမှတ်ခဲ့သည့် ပညာရေးမူဝါဒနှင့် ပညာသင်ကြားပေးပုံ နည်းစနစ်များ၊ ပညာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ခေါင်းပါးခဲ့မှုများ၏ အကျိုးဆက်ကို လက်ရှိအချိန်အထိ ခံစားနေရဆဲဖြစ်သည်။ အမျိုးသားပညာရေး နိမ့်ကျမှုကို ပြန်လည်မြှင့်တင် ရာတွင်လည်း အကျိုးရလဒ်မှာ ချက်ချင်းပေါ်ထွက်လာဦးမည်မဟုတ်ဘဲ အချိန်ကာလတစ်ရပ်ကို ဖြတ်သန်းပြီး မှသာ လမ်းကြောင်း မှန်ပေါ်သို့ ပြန်လည်ရောက်ရှိနိုင်မှာဖြစ်သည်။

“ကမ္ဘာ့အဆင့်အတန်းမီတဲ့ ပညာရေးစနစ်ဖြစ်လာစေဖို့ သုတေသနလုပ်ငန်းတွေ၊ ဆန်းသစ် တီထွင်မှုတွေ၊ အသက်မွေးဝမ်းကျောင်းပညာတွေကို အားပေးပြီး ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အမျိုးသားပညာရေးစနစ် ရေရှည်ဖွံ့ဖြိုးတိုးတက် မြင့်မားစေဖို့အတွက် ပညာရေး ကဏ္ဍအသီးသီးမှာ အရည်အသွေး အာမခံစနစ်တစ်ရပ် ထားရှိရမှာဖြစ်ပါတယ်။ ဒီစနစ်ဟာ အမျိုးသားပညာရေး အရည်အသွေးကို အဆင့်မြင့်မားလာ စေပြီး သင်ကြား၊ သင်ယူမှုအပိုင်းကို တိုးတက်မြင့်မားစေဖို့အတွက် အထောက်အကူပြုမှာ ဖြစ်ပါတယ် ”ဟူ၍ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ ခုနှစ် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ရာ မိမိတို့နိုင်ငံ၏ အမျိုးသားပညာရေး မြင့်မားလာစေအောင် ပြန်လည် တည်ဆောက်မှုတွင် မဖြစ်မနေဆောင်ရွက်ကြရမည့် လုပ်ငန်းများပင်ဖြစ်သည်။ ထို့အပြင် အဆင့်မြင့်ပညာတွင် အဓိကကျသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည့် သုတေသနလုပ်ငန်းများ ကိုလည်း စိတ်အားထက်သန်မှု၊ ကျွမ်းကျင်မှုအလိုက် နယ်ပယ်အသီးသီးတွင် တစိုက်မတ်မတ် ပြုလုပ်ရန်၊ အကျိုးပြုနိုင်သည့် ရလဒ်များဖြစ်ရန်၊ အရည်အသွေး မြင့်မားပြည့်ဝရန်၊ သုတေသန ပရောဂျက်များတွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းပိုင်းကလည်း ပံ့ပိုးကူညီရန်တို့ကို တိုက်တွန်း ခဲ့သည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများအဆင့်သို့ တက်လှမ်းလာ နေပြီဖြစ်သည့် မိမိတို့၏ အိမ်နီးချင်း နိုင်ငံကြီးများတွင်လည်း သုတေသနလုပ်ငန်းများကို ၎င်းတို့နိုင်ငံများ၏ အနာဂတ်အတွက် ကြိုတင်မျှော်တွေးပြီး ရင်းနှီးမြှုပ်နှံဆောင်ရွက်မှုများ ကို ပြီးခဲ့သည့် ဆယ်စုနှစ်ကာလများအတွင်း ပြုလုပ်ခဲ့ကြရာ သုတေသနစာတမ်းပေါင်းများစွာ နှစ်စဉ်ပေါ်ထွက်ခဲ့သည်။ ယင်းသုတေသန စာတမ်းများ၏ရလဒ်များကြောင့် အချို့သောသိပ္ပံနှင့် နည်းပညာနယ်ပယ်များတွင် တစ်ချိန်က ထိပ်တန်းတွင် ရှိနေခဲ့သည့် အနောက်နိုင်ငံများနှင့် ရင်ပေါင်တန်းလာ နိုင်သည့်အပြင် အချို့ကဏ္ဍ များတွင် ဖြတ်ကျော်သွားနိုင်ခဲ့ပြီ ဖြစ်သည်။ သုတေသနလုပ်ငန်းများရှင်သန်ရေး၊ အမှန်တကယ် ထိရောက်စွာအကျိုးပြုနိုင်ရေးတို့အတွက် ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားရန်မှာမူ အဆင့်မြင့်ပညာကဏ္ဍနှင့် ပုဂ္ဂလိကစီးပွားရေး ကဏ္ဍတို့အကြား ခိုင်မာသည့် အဖွဲ့အစည်းတစ်ရပ် ပေါင်းစပ်ဖွဲ့စည်းဆောင်ရွက်ကြရမည်ဟု ယူဆမိသည်။

ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံ၊ ထိပ်တန်းရောက်နိုင်ငံများကို လေ့လာပါက သဘာဝသယံဇာတ ကြွယ်ဝမှု ကြောင့်မဟုတ်ဘဲ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု၊ လူသားသယံဇာတ ကြွယ်ဝမှုတို့ကြောင့်သာ အဓိကဖြစ်သည်ကို တွေ့ရှိကြရမည်ဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်များကြွယ်ဝရေး ပြုစု ပျိုးထောင်ရာတွင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်မှသာ စွမ်းဆောင်နိုင်မည်ဖြစ်ရာ စုပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြှင့်တင်နိုင်ပါစေကြောင်း။

မြန်မာ့အလင်း