လူကြိုက်များခဲ့သော “ လိပ်ပြာ” ရုပ်သံဇာတ်လမ်းတွဲ အပိုင်း (၂) ကို မှုခင်း ဒရာမာ အမျိုးအစားအဖြစ် ထပ်မံရိုက်ကူးမည်

ကိုလင်း

 

Bonanza ထုတ်လုပ်ရေးနှင့် Canal+ တို့ ပူးပေါင်း ရိုက်ကူးပြီး လူကြိုက်များခဲ့သော ရုပ်သံဇာတ်လမ်းတွဲဖြစ်သည့် လိပ်ပြာဇာတ်လမ်းတွဲ၏ အပိုင်း(၂)ကို ထပ်မံရိုက်ကူး သွားရန် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်းနှင့် မှုခင်း၊ ဒရာမာ ဇာတ်လမ်းအမျိုးအစားအဖြစ် ရိုက်ကူး ပုံဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

"ဒီဇာတ်လမ်းတွဲလေးက ပထမဆုံး ရိုက်တဲ့အချိန်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု အများဆုံးရခဲ့တဲ့ ဇာတ်လမ်းတွဲလေးပါ။ ပြီးတော့ ဇာတ်လမ်းတွဲ အပိုင်း(၂) ကို ပရိသတ်က တောင်းဆိုလာတာကြောင့် Canal+ ကနေ ထပ်ပြီးရိုက်ဖြစ်တာပါ။ အခုလည်း ဇာတ်လမ်းဇာတ်ကွက်ကို တစ်မျိုးလေး ဖန်တီးပြီး ရိုက်မှာပါ။ အမျိုးအစားကတော့ မှုခင်း၊ ဒရာမာ ဇာတ်ကားမျိုးဖြစ်ပြီး စိတ်ဝင်စားစရာတွေ အပြည့်နဲ့ စောင့်ကြည့်ရမယ့်ကားတစ်ကား ဖြစ်လာမှာပါ" ဟု ဒါရိုက်တာဉာဏ်ထင်က ပြောသည်။ အဆိုပါဇာတ်ကားကို မတ်လလယ်တွင် ရိုက်ကူးရန် ပြင်ဆင်ထားပြီဖြစ်ပြီး ဇာတ်လမ်း/ဇာတ်ညွန်း ဒါရိုက်တာ ဉာဏ်ထင်က ရိုက်ကူးဖန်တီးကာ ခါရာ၊ မင်းဦး၊ ရဲအောင်၊ အောင်ရဲထိုက်၊ မင်းမြတ်စိုးစံ၊ ချာလီ၊ ပန်းရောင်ချယ်၊ မြတ်နိုးအေး၊ မေတိုးခိုင်၊ ဂျာဆိုင်အိန်နှင့် အနုပညာရှင်များစွာ ပါဝင်မည်ဟု သိရသည်။

 

သရုပ်ဆောင် ခါရာကလည်း "အရင်ဇာတ်လမ်းထက်ပိုပြီး စိတ်ဝင်စားစရာတွေ များမယ်လို့ ပြောလို့ရပါတယ်။ ပြီးတော့ ဒရာမာ၊ မှုခင်းဆိုတော့ အက်ရှင်ပုံစံတွေ ပိုများလာမယ်၊ ရှေ့ပိုင်းထက် ပိုကောင်းလာမယ်။ အပိုင်းလိုက်လေးတွေကို ပရိသတ်စိတ်ဝင်စားအောင် ရိုက်သွားမှာပါ၊ ပထမ ဇာတ်လမ်းမှာတော့ လိပ်ပြာတစ်ကောင်ရဲ့ သွားတဲ့ပုံစံကို ရိုက်ထားတာပါ။ လျှို့ဝှက်မှုတွေနဲ့ပေါ့နော်၊ အခု ဒုတိယ ဇာတ်လမ်းမှာတော့ မှုခင်းတစ်ခုကို အခြေခံပြီးရိုက်မှာပါ။ ဘယ်သူက ဘာလဲဆိုတာကို စိတ်ဝင်စားစရာဖြစ်အောင် ပြသသွားမှာဖြစ်ပါတယ်”ဟု ပြောသည်။