လူကုန်ကူးမှုဖြစ်ပွားရခြင်းဇာစ်မြစ်များ

ပေါက်ပေါက်

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပေါ်ပေါက်လာပုံ

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ၁၉၉၇ ခုနှစ်မှစပြီး ဆောင်ရွက်လာခဲ့ပါသည်။ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က စတင်ပြဋ္ဌာန်းခဲ့ရာ ထိုနေ့ကို အစွဲပြု၍ နှစ်စဉ် စက်တင်ဘာလ ၁၃ ရက်နေ့ကို “မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့” အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါသည်။ ယခုဆိုလျှင် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ကျင်းပပြုလုပ်လာခဲ့သည်မှာ (၂၂) နှစ် ရှိလာ ပြီဖြစ်သည်။

လူကုန်ကူးမှု အဓိပ္ပာယ်ဖွင့်ဆိုချက်

လူတစ်ဦးတစ်ယောက်ကို အခြားသူတစ်ဦးကသော်လည်းကောင်း၊ တစ်ဦးထက်ပိုသောသူ (ဥပမာ လူကုန်ကူးအဖွဲ့/ လူဆိုးဂိုဏ်း)က သော်လည်းကောင်း၊ ကာယကံရှင်၏ သဘောတူညီသည်ဖြစ်စေ၊ မတူညီသည်ဖြစ်စေ စည်းရုံးခြင်း၊ သိမ်းသွင်းခြင်း၊ အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း စသည်ဖြင့် ခေါင်းပုံဖြတ်၊ အမြတ်ထုတ်သည့် နည်းအမျိုးမျိုးတို့ဖြင့် လူအချင်းချင်း အရောင်းအဝယ်ပြုလုပ်ကြ ခြင်းကို “လူကုန်ကူးခြင်း” ဟု ခေါ်သည်။

ပစ်မှတ်ထားခံရသူများ 

စားဝတ်နေရေးကျပ်တည်းသူများ၊ ကြွေးမြီနှောင်ဖွဲ့ခိုင်းစေခံရသူများ၊ ဝင်ငွေလစာများများရချင်သဖြင့် မိမိအရပ်ဒေသကိုစွန့်ခွာ၍ အခြားတစ်နေရာသို့ ရွှေ့ပြောင်းလုပ်ကိုင်ကြသူများ၊ အကြားအမြင် ဗဟုသုတနည်းပါးပြီး အယုံလွယ်သူများ၊ ငွေမက်ပြီး အန္တရာယ်ကိုမမြင်သူများ၊ တချို့ မိန်းကလေးများက ချစ်သူဟန်ဆောင်ခံရပြီး သွေးဆောင်ရာကို အလွယ်တကူ လိုက်ပါမိသူများ၊ မိသားစုနှင့် အဆင်မပြေသည့် ဆယ်ကျော်သက် အိမ်ပြေးလူငယ်များ၊ တို့ဆေး သို့မဟုတ် အိပ်ဆေး မိခံရသူများ၊ တချို့မိန်းကလေးများက ဆင်းရဲတွင်းမှ လွတ်ချင်၍ သို့မဟုတ် အကြွေးများဆပ်လို၍ စသည့် အခြေအနေတစ်မျိုးမျိုးဖြင့် လူကုန်ကူးခံရမည်ကို သိသော်လည်း (ဥပမာ တရုတ်ပြည်ကိုသွားပြီး တရုတ် နိုင်ငံသားနှင့် နှစ်နှစ်ခန့် အတူနေပေးလျှင် ငွေမည်ရွေ့မည်မျှရမည်ဟူသော စိတ်ကူးဖြင့်) လူကုန်ကူးခံ ကြရပါသည်။ ငွေကြေးအခက်အခဲကို ဖြတ်လမ်းနည်းဖြင့် ဖြေရှင်းချင်သောသူများလည်း လူကုန်ကူး ခံရတတ်ပါသည်။
လေ့လာကြည့်ရာ ကိုဗစ်-၁၉ မတိုင်ခင် ၂၀၁၉ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး လူကုန်ကူးမှု ၂၃၉ မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူဦးရေ ၃၅၈ ဦး အနက် အမျိုးသမီးက ၂၉၇ ဦး ရှိနေသည်ကို တွေ့ရ ပါသည်။ ထိုအမျိုးသမီးအားလုံးသည် နိုင်ငံဖြတ်ကျော်မှုခင်းအဖြစ် လူကုန်ကူးခံခဲ့ရပါသည်။ အမျိုးသမီးများသာမက အမျိုးသားများနှင့် ကလေးသူငယ်များလည်း လူကုန်ကူးခံရသည်။ အဆိုပါ လူဦးရေကိန်းဂဏန်းသည် ကိုဗစ်-၁၉ မတိုင်ခင်က အရေအတွက်မျှသာဖြစ်ပါသည်။ ယခုဆိုလျှင် ကပ်ရောဂါ ကိုဗစ်ဖြစ်လာသည်မှာ သုံးနှစ်ကြာမြင့် လာပြီဖြစ်သည့်အလျောက် အလုပ်အကိုင်အခွင့် အလမ်းနည်းပါးပြီး စားဝတ်နေရေးကျပ်တည်းနေကြသဖြင့် လူကုန်ကူးခံရမှုများမှာ ၂၀၁၉ ခုနှစ် ကထက် မှုခင်းပေါင်းနှစ်ဆကျော် တိုးလာဖွယ်ရှိကြောင်း လေ့လာသူပညာရှင်များက ခန့်မှန်း ထားကြပါသည်။ 

အများဆုံး လူကုန်ကူးခံရသောနိုင်ငံများ

တရုတ်၊ ထိုင်းနှင့် မလေးရှား ထိုသုံးနိုင်ငံသို့ လူကုန်ကူးမှုခံရလေ့ရှိပြီး တရုတ်နိုင်ငံက အများဆုံး၊ ထိုင်းနိုင်ငံက ဒုတိယအများဆုံးနှင့် မလေးရှားနိုင်ငံက တတိယအများဆုံးဖြစ်ပါသည်။ ခေတ် အဆက်ဆက် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ လမ်းကြောင်းမှတစ်ဆင့် တရုတ်ပြည်သို့လည်းကောင်း၊ မြဝတီမြို့လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့လမ်းကြောင်းမှတစ်ဆင့် မလေးရှားနိုင်ငံသို့လည်းကောင်း လူကုန်ကူးခံရကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုရှိသည့်အနက် လူဦးရေထူထပ်သော ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်က အများဆုံးလူကုန်ကူးခံရပြီး ဧရာဝတီတိုင်းဒေသကြီးက ဒုတိယအများဆုံးနှင့် ကချင်ပြည်နယ်က တတိယအများဆုံးဖြစ်သည်။ 

ကျား၊ မ (gender) လူကုန်ကူးခံရမှု အခြေအနေ 

လူကုန်ကူးခံရသူများကို အချိုးကျတွက်ကြည့်ရာ၌ အမျိုးသမီးဦးရေက ၄၈ ရာခိုင်နှုန်း၊ အမျိုးသားဦးရေက ၂၉ ရာခိုင်နှုန်းနှင့် ကလေး သူငယ်ဦးရေက ၂၃ ရာခိုင်နှုန်း တွေ့ရပါသည်။ မိန်းကလေးများက တရုတ်ပြည်သို့ အများဆုံးပို့ခံရသည်။ 

ထိုင်းနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများအတွက် မြန်မာအမျိုးသား၊ အမျိုးသမီးများကို လူကုန်ကူးကြသလ ိုငါးဖမ်းစက်လှေများအတွက် အမျိုးသားများကို လူကုန်ကူးကြသည်။ ထို့ပြင် ထိုင်းနိုင်ငံရှိ အနှိပ်ခန်း များ၊ ပြည့်တန်ဆာလုပ်ငန်းများမှာ လိင်လုပ်သားအဖြစ် မြန်မာမိန်းကလေးများကို လူကုန်ကူးကြသည်။ မလေးရှားနိုင်ငံသည် လောင်းကစားဝိုင်းများ၊ ဆီအုန်းစိုက်ခြံများအတွက် မြန်မာအမျိုးသားများကို လူကုန်ကူးကြသည်။ ကလေးသူငယ်များလည်း လူကုန်ကူးခံကြရရှာသည်။ မွေးစားရန်၊ ကလေး လုပ်သား၊ ကလေးသူတောင်းစား၊ ကလေးပြည့်တန်ဆာအဖြစ် လူကုန်ကူးခြင်းခံရသည်။ 

မြန်မာနိုင်ငံနှင့် လူကုန်ကူးခံရမှု အခြေအနေ

လူကုန်ကူးမှုပြဿနာကို အချက်သုံးချက် စံနှုန်းထား၍ နိုင်ငံတကာက ခွဲခြားသတ်မှတ်လေ့ ရှိပါသည်။ ၎င်းတို့မှာ (၁) မူလဇာစ်မြစ်နိုင်ငံ၊ (၂) ဆိုက်ရောက်နိုင်ငံ၊ (၃) ကြားခံနိုင်ငံဟူ၍ သတ်မှတ်သည်။ မူလဇာစ်မြစ်နိုင်ငံဆိုသည်မှာ လူကုန်ကူးမှုဖြစ်ပွားသည့် မူလအရင်းအမြစ် စတည်ရာနေရာ တစ်ခုဖြစ်ပါသည်။ ဆိုက်ရောက်နိုင်ငံဆိုသည်မှာ ရောင်းစားရန် ပို့ဆောင်ခံရသည့် နိုင်ငံဖြစ်ပါသည်။ ကြားခံနိုင်ငံဆိုသည်မှာ သတ်မှတ်ထားသော နိုင်ငံမရောက်ခင် ကြားနေရာတစ်ခု၌ အခိုက်အတန့်အား ဖြင့် ပုန်းလျှိုးကွယ်လျှိုးထားသည့်နေရာဖြစ်ပါသည်။ 

မြန်မာနိုင်ငံက နံပါတ်(၁) အုပ်စုဖြစ်သည့် လူကုန်ကူးမှု မူလအရင်းအမြစ် စတည်ရာနေရာ တစ်ခုဖြစ်နေပါသည်။ 
အဓိကအားဖြင့် အစိုးရအဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပြည်သူလူထုအတွက် (က) ဘေးကင်းလုံခြုံသော အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ (ခ) ထိုက်သင့်သော လုပ်ခလစာရရှိရေးအတွက်  ညှိနှိုင်းပေးခြင်း၊ (ဂ) အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်ပေးခြင်းနှင့် ၎င်းတို့အတွက် ထိရောက်သောဥပဒေ တစ်ရပ်ဖြစ်တည်ရေးတို့ လိုအပ်ပါသည်။ 

နောက်တစ်ချက်အနေဖြင့် သတိထားရမည်မှာ မြန်မာနိုင်ငံသည် “လူကုန်ကူးမှုအဆိုးရွားဆုံး နိုင်ငံ အဆင့်သတ်မှတ်ချက် (၃) Tier-3 ” အဖြစ် သတ်မှတ်ခံရသည်မှာ ယခုနှစ်အပါအဝင် ငါးနှစ် ဆက်တိုက်ရှိသွားပြီဖြစ်သည်။ မှုခင်းဖြစ်စဉ်များ လျော့ပါးသွားစေရန်အတွက် နိုင်ငံတော်နှင့် ပြည်သူ လူထုတို့က ဟန်ချက်ညီညီပူးပေါင်းပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် လုပ်ဆောင်ကြဖို့လိုပါသည်။ 

နိုင်ငံတော်က ၂၀၂၂ ခုနှစ်အတွက် လူကုန်ကူးမှုတိုက်ဖျက်ရေးရည်ရွယ်ချက် (၄) ရပ်ကို ပြဋ္ဌာန်း ဖော်ဆောင်နေသည်ကို တွေ့ရပါသည်။ ၎င်းတို့မှာ (၁) လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အဖြစ်သတ်မှတ်၍ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ (၂) လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ (၃) လူကုန်ကူးခံရသူများအား စာနာ နားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်ရန်၊ (၄) လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဆိုသော ရည်ရွယ်ချက်များ ဖြစ်ပါသည်။ 

အချုပ်အားဖြင့်ဆိုသော် လူကုန်ကူးမှုဆိုသည်မှာ လူသားမျိုးနွယ်စုတစ်ခုလုံးနှင့် သက်ဆိုင်သော ရာဇဝတ်မှု ဖြစ်ပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှု လည်းဖြစ်သလို နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်နေလေ့ရှိသဖြင့် အင်မတန်ရှုပ်ထွေး ပွေလီသော နိုင်ငံဖြတ်ကျော်မှုခင်းများဖြစ်ပါသည်။ လူအချင်းချင်း ရောင်းဝယ်ဖောက်ကားခြင်းကို မည်သို့သောအကြောင်းကြောင့်မျှ မလုပ်သင့်၊ မလုပ် အပ်ဘဲ အပါယ်လားစေသည့် “မိစ္ဆာအာဇီဝ” ဖြစ်ကြောင်း ရှင်တော်မြတ်ဘုရားက မိန့်ကြားတော် မူထားပါသည်။ သို့ပါ၍ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာအခန်းကဏ္ဍ မြှင့်တင်လုပ်ဆောင်စို့” ဟူသော နှိုးဆော်ချက်နှင့်အညီ လူထုအားလုံး ရှုထောင့်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတို့ ဖြင့် ချိတ်ဆက်ဖြေရှင်းပေးကြပါ၊ ဖြေရှင်းနိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။  ။