လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာလုပ်ငန်းအဖွဲ့  ၂/၂၀၁၉ အစည်းအဝေး ကျင်းပပြုလုပ်

နေပြည်တော် ၁၇ ဒီဇင်ဘာ

 

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဥပဒေရေးရာနှင့် တရားစွဲရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ /၂၀၁၉ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁၃:၀၀ နာရီအချိန်တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လုပ်ငန်းအဖွဲ့ ဥက္ကဌ ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်က အမှာစကားပြောကြားခဲ့ပါသည်။

 

ထိုသို့အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နှစ် စီမံကိန်းများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တတိယ နှစ် စီမံကိန်း ၂၀၁၇-၂၀၂၁ တတိယနှစ်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းလုပ်ငန်းစဉ်များတွင် ဥပဒေရေးရာနှင့် တရားစွဲရေးဆိုင်ရာ လုပ်ငန်းအဖွဲ့သည် လူကုန်ကူးမှု စုံစမ်းထောက်လှမ်းခြင်း၊ တရားစွဲတင်ခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းတို့နှင့် စပ်လျဉ်း၍ အချက်အလက်များ ထိန်းသိမ်းမှုစနစ် ပြည့်စုံစွာ ဆောင်ရွက်ရန် အကြံပြုချက်ကို အကောင်အထည်ဖော်ရန်နှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို ပြင်ဆင်ရေး အကြံပြုချက်နှင့်စပ်လျဉ်း၍ အကောင်အထည် ဖော်ဆောင်ရွက်ရန် စသည့် လုပ်ငန်းတာဝန် များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် လိင်ပိုင်းဆိုင်ရာနှင့် လုပ်သားလူကုန်ကူးခြင်း တို့တွင် ကြံရာပါများအဖြစ် ကျူးလွန်သူများကို ဖော်ထုတ်ခြင်း၊ တရားစွဲဆိုခြင်း၊ တစ်ဦးချင်းပြစ်ဒဏ် ချမှတ်ခြင်းနှင့် ထိရောက်သော ထောင်ဒဏ်ချမှတ်ခြင်း အပါအဝင် ထိရောက်စွာ အရေးယူခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ရန်၊ ဖမ်းမိတရားခံများနှင့် သံသယ ရှိသူများ ထွက်ပြေးလွတ်မြောက်မှုမရှိစေရေးအတွက် တားဆီးနှိမ်နင်းရေးနှင့် တရားစီရင်ရေး ကဏ္ဍတွင် ထိရောက်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာလုပ်ငန်းစဉ်များတွင် အဖွဲ့ဝင်များအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်း ဆောင်ရွက် နိုင်ရန်အတွက် မိမိတို့အခန်းကဏ္ဍအလိုက် ညှိနှိုင်းဆွေးနွေးတင်ပြ စေလိုကြောင်း ပြောကြားခဲ့ပါသည်။

 

အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းက လုပ်ငန်းအဖွဲ့၏ အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် အဖွဲ့ဝင်၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးသူစိုးက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပါသည်။ အစည်းအဝေးအား ၁၄:၃၀ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

 

အဆိုပါအစည်းအဝေးသို့ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

 

သတင်းစဉ်