လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာအခန်းကဏ္ဍ မြှင့်တင်လုပ်ဆောင်စို့

ညွန့်ဝင်း(နတ်တလင်း)

 

လူကုန်ကူးမှုဆိုသည်မှာ “ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူများကို သိမ်းသွင်း စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံပေးခြင်းများကို ဆိုလိုကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ အခန်း-၁၊ ပုဒ်မ-၃ တွင် ဖွင့်ဆိုထားသည်။ ယောကျာ်း၊ မိန်းမ၊ ကလေး၊ လူကြီး တစ်ဦးတစ်ယောက်အား ပြည့်တန်ဆာပြုခြင်း၊ ကျေးကျွန်အဖြစ် လုပ်အားကို ခေါင်းပုံဖြတ်ခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့စေခိုင်းခြင်း၊ သူတစ်ပါး၏ ခန္ဓာကိုယ်အစိတ်အပိုင်းအား ထုတ်ယူခြင်း၊ ရောင်းချခြင်းတို့သည် လူကုန်ကူးမှု၏ လက္ခဏာများ ဖြစ်ပါသည်။

 

“ကုန်ကူး” ဟူသော ဝေါဟာရသည် ရှေးပဝေသဏီ ကပင် ပေါ်ပေါက်ခဲ့သော ဝေါဟာရဖြစ်သည်။ သက်မဲ့ ကုန်ပစ္စည်းများကို    တစ်နေရာမှ   တစ်နေရာသို့ သယ်ယူခြင်း၊  ရောင်းဝယ်ခြင်းဖြစ်သည်။  ထိုသို့ ကုန်ကူးရောင်းဝယ်ပေးခြင်းဖြင့် ရောင်းသူ ဝယ်သူတို့ ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သောကြောင့် နှစ်ဦးနှစ်ဖက်     ကောင်းမွန်အကျိုးရှိပေသည်။ နောက်ပိုင်းတွင် သက်ရှိတိရစ္ဆာန်များကိုပါ ကုန်ကူး ရောင်းဝယ်လာကြသည်။  သို့သော် လူအချင်းချင်း အမျိုးမျိုးလှည့်ဖြား   သိမ်းသွင်း၍   တစ်ဖက်မှ တစ်ဖက်သို့      လွှဲပြောင်းရောင်းဝယ်ကြသည့် လုပ်ငန်းမှာ အလွန်ဆိုးရွားလှပါသည်။  စက်ဆုပ် ရွံရှာဖွယ်လည်းဖြစ်သည်။ လူကို ကုန်ပစ္စည်းကဲ့သို့ သဘောထားကာ   ခေါင်းပုံဖြတ်၊   အမြတ်ထုတ် ရောင်းဝယ်ကြသည့်    “လူကုန်ကူးမှု”   ကိုကား လူတိုင်းက ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်ရပေမည်။

 

ကမ္ဘာတွင်  လူကုန်ကူးမှုသမိုင်းကို  ပြန်ကြည့် လျှင် ၁၈-ရာစုအထိ   မရှိသေးချေ။  ၁၉-ရာစု နှောင်းပိုင်းမှစ၍ အာဖရိကတိုက်တွင် လူမည်းများကို ဖမ်းဆီးရောင်းဝယ်ခဲ့ကြကာ   ကျွဲ၊   နွားများကဲ့သို့ နှိပ်စက်ညှဉ်းပန်း ခိုင်းစေခဲ့ကြသည်။ ၂၀-ရာစုတွင် လူဖြူများကိုလည်း    ကုန်ကူးရောင်းဝယ်လာကြ သည်။ လူကုန်ကူးမှုတွင် ဘယ်သူသေသေ ငတေမာ လျှင်    ပြီးရောဆိုသည့်  စိတ်ထား၊   လောဘနှင့် ရောင်းဝယ်ကြသူများနှင့် မသိနားမလည်မှု၊ အလွယ် ရယူလိုမှု   လောဘတို့ကို  တွေ့မြင်ကြရပေသည်။ လူကုန်ကူးမှုကို ထိရောက်သော ဥပဒေဖြင့် တိကျ ပြတ်သားစွာ အရေးမယူနိုင်လျှင် ဆက်လက်ရှင်သန် ကြီးထွားရန် အခွင့်အရေးပေးသကဲ့သို့ ဖြစ်နေပေလိမ့် မည်။ တစ်ဖန် အလုပ်အကိုင် အခွင့်အလမ်းနည်းပါး ခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ လုပ်ခနည်းခြင်းများ ကလည်း လူကုန်ကူးမှုဖြစ်မြောက်အောင်   တွန်းပို့ သလို   ဖြစ်စေသည်။ အားလုံးကို ခြုံကြည့်လျှင် ဆင်းရဲမွဲတေမှု၊ ကြွေးမြီ မဆပ်နိုင်မှု၊ စာပေမတတ်မှု၊ ပညာရေးအဆင့်အတန်း         နိမ့်ကျမှုတို့ကလည်း   လူကုန်ကူးမှုဖြစ်စေသည့်     စေ့ဆော်မှုများဖြစ် ကြောင်း တွေ့ရသည်။

 

တစ်ဖက်ရှုထောင့်မှကြည့်လျှင် ဖွံ့ဖြိုးပြီး နိုင်ငံ များ၌   အဆမတန်ကြီးထွားနေသည့်  စီးပွားရေး ပြိုင်ဆိုင်မှုဖိအားများကြောင့် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်ဘက်များကို   အနိုင်ရရန်  ဈေးပေါပေါနှင့် လုပ်ကိုင်မည့်   အလုပ်သမားများ   ရရှိအောင် (တစ်နည်းအားဖြင့်)    ဆင်းရဲသော   နိုင်ငံများမှ လုပ်သားများကို   ဖြတ်လမ်းနည်းဖြင့်  ရရှိအောင် ကြိုးပမ်းမှုများကို  ဖြစ်စေကြောင်း တွေ့ရသည်။ လူကုန်ကူးရောင်းဝယ်ခံရသူများသည်  အလုပ်ခွင် တွင် မသန့်ရှင်းသော၊ ညစ်ပတ်ပေရေသော အလုပ် များ၊ သိက္ခာကျသော၊ အရှက်ရစေသော အလုပ်များ၊ အသက်အန္တရာယ်ရှိသော အလုပ်များကို လုပ်ကိုင်ရ ပြီး ကျန်းမာရေး ထိခိုက်ခြင်း၊ ဘဝလုံခြုံမှုမရှိခြင်းတို့ နှင့် ရင်ဆိုင်ရသည်။

 

လူကုန်ကူးမှုပြဿနာသည်    အာရှနိုင်ငံများ၌ ကြီးထွားများပြားလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း လူကုန်ကူးမှုများ     ကြုံတွေ့ရသည်။   ယခုအခါ ပြည်တွင်းကူးသန်းရောင်းဝယ်မှုများ    ရှိသကဲ့သို့ အခြားနိုင်ငံများသို့လည်း ရောင်းဝယ်ပေးပို့စေခိုင်း မှုများ ရှိနေပါသည်။ ဖြစ်ပေါ်ခဲ့သော  လူကုန်ကူးမှု အမျိုးအစားများကို              ခွဲခြမ်းစိတ်ဖြာကြည့်လျှင် အဓမ္မထိမ်းမြားလက်ထပ်မှု၊          အဓမ္မစေခိုင်းမှု၊ ပြည့်တန်ဆာပြုမှု၊ ကလေးသူငယ် လူကုန်ကူးမှုဟူ၍ တွေ့ရသည်။

 

ကမ္ဘာ့နိုင်ငံအသီးသီး၌         နယ်စပ်ဖြတ်ကျော် ပို့ဆောင်ကာ လူကုန်ကူးခံရသူ ရှစ်သိန်းခန့်ရှိသည်ဟု သိရသည်။  လူကုန်ကူးမှုခံရမှုမှာလည်း   ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့်   လူကုန်ကူးခံနေကြရသည်။ လူကုန်ကူးခံရသည့်  မြန်မာအမျိုးသမီး၊  အမျိုးသား တို့ကို တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီး ရှား၊ အိန္ဒိယ၊ ဂျပန်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် တွေ့ရသည်။ စေခိုင်းခံရသည့် အလုပ်သမားများမှာ ၎င်းနိုင်ငံရှိ    အနည်းဆုံးလုပ်ခရရှိသူ၏   လုပ်ခ တစ်ဝက်နှင့် တစ်ဝက်အောက်သာရရှိပြီး အလုပ်ချိန် မှာ   နားချိန်မရှိလောက်အောင်ပင်   ဖြစ်သည်။ ထို့ကြောင့်   လူကုန်ကူးခံရမှု၏   အနိဋ္ဌာရုံများကို လူတိုင်းသိရှိနားလည်ပြီး တားဆီးကာကွယ်နိုင်ရန် တစ်မျိုးသားလုံးက  ဝိုင်းဝန်းစုပေါင်း တိုက်ဖျက်ကြ ရပေမည်။

၂၀၂၂  ခုနှစ်   စက်တင်ဘာ  ၁၃  ရက် ကမ္ဘာ့ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့      ဆောင်ပုဒ်ကို “လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာ အခန်းကဏ္ဍ မြှင့်တင်လုပ်ဆောင်စို့”      (Use and Abuse of  Technology ) ဟု  သတ်မှတ်ထားပါသည်။ လူကုန် ကူးမှု တိုက်ဖျက်ရေး ရည်ရွယ်ချက် (၄) ရပ် (The Four Objectives) ကို -

(၁)       လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အဖြစ်  သတ်မှတ်၍  နိုင်ငံသားအားလုံးပူးပေါင်းဆောင်ရွက်ရန်၊

(၂)       လူကုန်ကူးမှုဆိုင်ရာ  အသိပညာများ  ပြည်သူ လူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊

(၃)       လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်း ဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်၊

(၄)       လူကုန်ကူးမှုတိုက်ဖျက်ရေး    လုပ်ငန်းစဉ်များ အားလုံးတွင်   ဌာနဆိုင်ရာများ၊  လူမှုရေးအဖွဲ့ အစည်းများ၊   ကုလသမဂ္ဂ  အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်သူလူထု  တစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဟူ၍ ထားရှိဆောင်ရွက်လျက်ရှိပါသည်။

 

ယခုအခါ    ကမ္ဘာ့နိုင်ငံများ၌    လူကုန်ကူးမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဇောက်ချ လုပ်ကိုင်လျက်ရှိ သည်။ မြန်မာနိုင်ငံတွင်လည်း ၁၉၉၇ ခုနှစ်မှစ၍  လူကုန်ကူးမှု   တိုက်ဖျက်ရေးကို အမျိုးသားရေး      တာဝန်တစ်ရပ်အဖြစ်   ချမှတ် ဆောင်ရွက်လျက်ရှိသည်။        ဆောင်ရွက်မှုများ  ထိရောက်အောင်မြင် စေရန် ကမ္ဘာ့နိုင်ငံသားအားလုံး၊ မြန်မာ့နိုင်ငံသားအားလုံး  ဝိုင်းဝန်း၍ အရှိန်အဟုန် မြှင့်ဆောင်ရွက်ရန် လိုအပ်ပါသည်။

 

လူကုန်ကူးမှုတိုက်ဖျက်ရေးတွင်  ကြိုတင် တားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များသည် အလွန်အရေးပါသည်။ ကြိုတင်တားဆီး ကာကွယ်ရာ၌ လူကုန်ကူးမှုအန္တရာယ် အသိပညာ ပေးဟောပြောပွဲများကို   နေရာဒေသအသီးသီး၌ ကျယ်ကျယ်ပြန့်ပြန့်   ပြုလုပ်၍   အသိပညာများ ဖြန့်ဝေပေးရန် လိုသည်။ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊  မြို့နယ်အသီးသီး၌ လူကုန်ကူးမှု တိုက်ဖျက် ရေး ပညာပေးကာတွန်း၊ ပန်းချီ၊ ဆောင်းပါး၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲပြုလုပ်ပေးခြင်းဖြင့် တိုက်ဖျက်ရေး နည်းပညာကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန် လိုပါ သည်။ စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင်အနုပညာရှင်များ ကလည်း  ဟောပြောခြင်း၊  ရေးသားခြင်း၊  အငြိမ့်၊ ပြဇာတ်၊ တေးသီချင်းများဖြင့် သရုပ်ဖော်တင်ဆက် ပညာပေးခြင်း၊   ရုပ်သံလွှင့်ဌာနများမှ   ပညာပေး ဇာတ်လမ်းများ  ရိုက်ကူးထုတ်လွှင့်ခြင်း  စသော နည်းပညာများဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြ ရပါမည်။     လူကုန်ကူးမှုဖြစ်ပွားလျှင်   အသိပေး တိုင်ကြားနိုင်မည့်         တယ်လီဖုန်းနံပါတ်များကို  စာနယ်ဇင်း၊ ပိုစတာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့က တစ်ဆင့် ပြည်သူလူထုသိရှိ ဆက်သွယ်နိုင်အောင် ဖြန့်ဝေပေးရန် လိုသည်။

 

လူကုန်ကူးမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်အတူ လူကုန်ကူးခံရသူများကို စာနာနားလည် ခြင်းဖြင့် ကာကွယ်စောင့်ရှောက်ရေး၊ ဖေးမကူညီရေး သည်လည်း   အရေးကြီးသော  လုပ်ဆောင်ချက်ဖြစ် သည်။ အသိမှန် အမြင်မှန်များဖြင့် ဘဝခွန်အားများ ပြန်လည်ရရှိအောင် ကူညီစောင့်ရှောက်၍ မိဘရပ်ထံ ပြန်လည်ပို့ဆောင်ရေး    ဆောင်ရွက်ကြရပါသည်။ ထို့ပြင်   ၎င်းတို့  အသက်မွေးဝမ်းကျောင်းပြုလုပ် နိုင်ရန်၊        အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးနိုင်ရန်တို့ကို           နောက်ဆက်တွဲ စောင့်ရှောက်မှုများအဖြစ် ဆောင်ရွက်ပေးရန်လည်း လိုအပ်ပါသည်။

 

လူကုန်ကူးမှုကို တိုက်ဖျက်ကြရာ၌ နိုင်ငံတော် အစိုးရကချည်း   ဆောင်ရွက်နေရုံနှင့်    မပြီးပါ။ လွယ်ကူပြည့်စုံ မည်လည်း မဟုတ်ပါ။ လူကုန်ကူးမှု ဆိုင်ရာ   အသိပညာများကို  ပြည်သူတစ်ရပ်လုံးသို့ စိမ့်ဝင်ပျံ့နှံ့စေရန် နည်းပညာအခန်းကဏ္ဍ မြှင့်တင် ဆောင်ရွက်မှုများနှင့်အတူ  လူကုန်ကူးမှု တိုက်ဖျက် ရေးလုပ်ငန်းစဉ်များတွင် ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများ၊    ကုလသမဂ္ဂ  အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ    ပြည်သူ တစ်ရပ်လုံးက တစ်ခဲနက် ပူးပေါင်းပါဝင်ဆောင်ရွက် ကြမှသာ  အောင်မြင်မှုများများပိုင်ပိုင်  ရရှိမည်ဖြစ် ကြောင်း တင်ပြလိုက်ရပေသည်။       ။