လူလိမ်များ၏ စားကျက်ဖြစ်လာနေသော ဖေ့စ်ဘုတ်နှင့် ငွေကြေးလိမ်လည်မှုများ

၈ ဇွန်

 

ယခင်တစ်ပတ်ကဆောင်းပါးတွင် ဖေ့စ်ဘုတ်ပေါ်၌ MLM ကုမ္ပဏီများ လူဆွယ်နေမှုနှင့် ကုန်ပစ္စည်းများကို လိမ်လည်ကြော်ငြာ၍ ရောင်းချနေမှုများကို ဖော်ပြခဲ့ပါသည်။

 

ဆင်းကတ်များ ပေါများလာခြင်းနှင့်အတူ ဖေ့စ်ဘုတ်ကို မြန်မာနိုင်ငံတွင် လူအများအပြား သုံးစွဲလာခြင်းနှင့် ငွေလွှဲဝန်ဆောင်မှုများ ပေါ်လာခြင်းသည် ဖေ့စ်ဘုတ်နှင့်အွန်လိုင်းကိုအခြေခံသော ငွေကြေးလိမ်လည်မှုများကို ပို၍ဖြစ်လာစေလျက်ရှိသည်။ လိမ်သူများမှာ ဖေ့စ်ဘုတ်ကို ကြားခံအဖြစ်အသုံးပြု၍ ဖုန်းဘီလ် အနည်းငယ် မှစကာ ကျပ်သိန်းပေါင်းထောင်သောင်းချီသည်အထိလိမ်ကြသလို ဆက်လက်၍လည်း လိမ်နေကြဆဲဖြစ်သည်။ အချို့မှာ ဖေ့စ်ဘုတ်တွင် လူသိများအောင်လုပ်ပြီးမှ ပြင်ပတွင် လိမ်ခဲ့သည်လည်းရှိသည်။

 

ဖေ့စ်ဘုတ်ပေါ်တွင် လိမ်နည်းများ 


လက်ရှိအချိန်တွင် ဖေ့စ်ဘုတ်ပေါ်တွင် တွေ့နေရသော လိမ်နည်းအမျိုးမျိုးရှိသည်။ ဖော်ပြခဲ့ပြီးသော စုမဲလိမ်ခြင်း၊ ရှယ်ယာခေါ်၍လိမ်ခြင်းတို့မှာ ငွေပမာဏများပြားပြီး MLM မှာမူ ငွေအနည်းငယ်စီကို လူများ များဆီမှ မလှိမ့်တပတ်လုပ်၍ ယူခြင်းဖြစ်သည်။

 

အခြားလိမ်နည်းများအနက် ဖေ့စ်ဘုတ်တွင်တွေ့ရများသော လိမ်နည်းတစ်ခုမှာ အလုပ်ရှာလိုသော လူငယ်များအတွက် အလုပ်အကိုင်ရှာဖွေပေးမည်ဟုဆိုကာ မည်သူမဆို လျှောက်ရန်အဆင်ပြေသော အလုပ်အကိုင် အမျိုးအစားများကို ရေးထားပြီးနောက်ဝန်ဆောင်ခ ကျပ်သုံးထောင်မှ ငါးထောင်ခန့်ကို လိမ်ယူခြင်းဖြစ်သည်။ အလုပ်ရှာလိုသော လူငယ်များမှာ CV ဖောင်၊ အထောက်အထားများနှင့် ဝန်ဆောင်ခကို မျှော်လင့်ချက်များစွာဖြင့် ပေးလိုက်ပြီးသည့်နောက်တွင် ဘာမှဆက်ဖြစ်မလာတော့ပေ။ ထို့ကြောင့် လူငယ်များအနေဖြင့် အွန်လိုင်းတွင်တွေ့ရသော အလုပ်ခေါ်ကြော်ငြာများ၊ အေဂျင်စီဆိုသည်များကို မယုံသင့်ကြဘဲအမှန်တကယ် ဝန်ဆောင်မှုပေးနေခြင်းဟုတ် မဟုတ်လေ့လာသင့်ကြသည်။

 

နောက်ထပ် တွေ့ရများသော လိမ်နည်းတစ်ခုမှာ ငွေလဲခြင်းဖြစ်သည်။ ငွေလဲဝန်ဆောင်မှုတစ်ခုဖြစ်သော Wave account တွင် ငွေလိုသည်၊ ထိုငွေကို wave ဖြင့် လွှဲပေးသူအား အမြတ်အနည်းငယ်ပေး၍ ဘဏ်မှ တစ်ဆင့် ပြန်လွှဲမည်ဟုဆိုကာ လိမ်ခြင်းမျိုးဖြစ်သည်။

 

ထိုသို့လိမ်သည့် ဖေ့စ်ဘုတ်အကောင့်များသည် အချိန်ကြာမြင့်စွာကပင် ဖွင့်ထားခဲ့သော အကောင့်အတုများဖြစ်ကြပြီး ရုတ်တရက်ကြည့်လျှင် အကောင့်အစစ်များဟုပင် ထင်ရတတ်သည်ကိုလည်း တွေ့ရသည်။ နောက်တစ်မျိုးမှာ အွန်လိုင်းရှော့ပင်များ ဖြစ်သည်။

 

လိမ်မည့် အွန်လိုင်းရှော့ပင်များသည် ၄င်းတို့၏ Page များတွင် ပုံမှန်ထက်ပို၍ ဈေးသက်သာသော ကုန်ပစ္စည်းများကို ကြော်ငြာကာ ဝယ်မည့်သူက ငွေလွှဲပြီးသည့် နောက်တွင် အဆက်အသွယ်မလုပ်တော့ဘဲ Block ပစ်လိုက်တော့သည်။ ၄င်းတို့၏ အွန်လိုင်းရှော့ပင်က လိမ်ကြောင်းကို ဝယ်သူတစ်ဦးမှတစ်ဦး တစ်ဆင့် စကားဖြင့် သိသွားလျှင်လည်း လိမ်သူများက ထို Page ကိုဖျက်ကာ နောက်ထပ် Page အသစ်တစ်ခုဖြင့် ထပ်လိမ်တော့သည်။

 

ဖေ့စ်ဘုတ်ပေါ်မှာ ဘာကိုယုံသင့်သလဲ


ထိုမေးခွန်းအတွက် ဖေ့စ်ဘုတ်ပေါ်တွင် မြင်သမျှ ဘာကိုမှ လွယ်လွယ်မယုံသင့်ဟု ဖြေရမည်ဖြစ်သည်။လူပုံမပါ နာမည်မမှန်သော အကောင့်အတုများ၊ လူပုံပါသော်လည်း နာမည်အမှန် ဟုတ် မဟုတ် မသေချာ သော အပြင်တွင် လူချင်းမသိသော အကောင့်များ၊အပြင်တွင် ဘယ်မှာနေသည်ကို မသိသော အကောင့်များ၊ မှတ်ပုံတင်ကို ဓာတ်ပုံရိုက်ပြသော အကောင့်များ၊ Like များများရနေသော Page များ စသည်တို့ထဲမှ ဘယ်တစ်ခုကိုမှ လွယ်လွယ်မယုံသင့်သည့်အပြင် ပြင်ပတွင် ကုမ္ပဏီထောင်ထားသည်ဟု ကုမ္ပဏီမှတ်ပုံတင်ကိုပြ၍ ကုမ္ပဏီသို့ လာရောက်လေ့လာနိုင်ကြောင်း ပြောလျှင်ပင် အလွယ်တကူမယုံသင့်ကြောင်း သတိပြုရပါမည်။

 

နာမည်ကြီးခဲ့သော လိမ်လည်မှုဖြစ်စဉ်နှစ်ခုဖြစ်သည့် အသင်းဝင်၍ အွန်လိုင်းမှ ကြော်ငြာများကို ကလစ်နှိပ်ရုံဖြင့် အမြတ်များစွာရမည်ဟုလိမ်သည့် ကုမ္ပဏီတစ်ခုမှာပြေးခဲ့ပြီဖြစ်သလို ငွေကြေးကဲ့သို့သုံးစွဲနိုင်သော Coin များကို ရောင်းချမည်ဆိုသည့် ကုမ္ပဏီတစ်ခုမှာလည်းပြေးခဲ့ပြီးဖြစ်သည်။ ထိုကုမ္ပဏီနှစ်ခုစလုံးမှာ မလိမ်မီက ပြင်ပတွင် ရုံးခန်းများ တခမ်းတနားဖွင့်၍ တရားဝင်ကုမ္ပဏီမှတ်ပုံတင်ပြီးမှ ဖေ့စ်ဘုတ်တွင် လူသိများအောင်ကြော်ငြာကာ လိမ်သွားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍လည်း ကုမ္ပဏီမှတ်ပုံတင်ပြုလုပ်ထားပြီး လိမ်နိုင်သည့်လုပ်ငန်းအချို့ကို ဖေ့စ်ဘုတ်ပေါ်တွင်မြင်တွေ့နေရသေးသည်။ နိုင်ငံသားမှတ်ပုံတင်တစ်ခုသည် နိုင်ငံသားဖြစ်ကြောင်း အသိအမှတ်ပြုခြင်းသာဖြစ်ပြီး နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ကြောင်း ထောက်ခံထားခြင်းမဟုတ်သလို ကုမ္ပဏီမှတ်ပုံတင်မှာလည်း ကုမ္ပဏီတစ်ခုဖြစ်ကြောင်း အထောက်အထားသာဖြစ်ပြီး ကုမ္ပဏီကောင်းတစ်ခုဖြစ်ကြောင်း ထောက်ခံထားခြင်း မဟုတ်သည်ကို သတိပြုကြဖို့ လိုပါသည်။

 

သို့ဖြစ်၍ ဖေ့စ်ဘုတ်ပေါ်တွင် အလုပ်အကိုင်အခွင့်အလမ်းကောင်း ဆိုသည်များ၊ စီးပွားရေးအခွင့်အလမ်းကောင်း ဆိုသည်များ၊ ပေါက်ဈေးထက်တန်နေသော ကုန်ပစ္စည်းများ၊ အမြတ်ကြမ်းသောစုမဲများ စသည့် ကြော်ငြာတစ်ခုခုကို တွေ့ မြင်ရပြီး ထိုသို့ကြော်ငြာသူများက သင့်ထံမှ အကြောင်းတစ်ခုခုပြ၍ အွန်လိုင်းမှဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ ငွေတောင်းပြီဆိုပါက အယုံမလွယ်ကြဘဲ အထူးသတိပြုကြရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် လက်ရှိအချိန်တွင် လူလိမ်များသည် ၄င်းတို့အတွက် သားကောင်များရှာရန် စားကျက်တစ်ခုအဖြစ် ဖေ့စ်ဘုတ်ကို အသုံးချလျက်ရှိနေကြောင်း သတိပေးလိုက်ရပါသည်။

 

သူရဖြိုး