လူမှု စီးပွား မြင့်မားရေး ဝိုင်းဝန်းကြိုးပမ်း

နေပြည်တော် ၂၁ ဇူလိုင်

မြန်မာနိုင်ငံ၏ စီးပွားရေးသည် အရှိန်အဟုန်ဖြင့် မတိုးတက်သေးသော်လည်း တိုးတက်သင့်သလောက် တိုးတက်သည်ဟု ဆိုရမည်ဖြစ်သည်။ ယခုနှစ် မေလ ၁၈ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သော ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ၌ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) သည် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာကြောင်း အသိပေးထားသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) သည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ခန့်မှန်း ၅ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်မှလည်း မြန်မာ့စီးပွားရေးကို ထိုဘဏ္ဍာ နှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု အသိပေးထားသည်။

၂၀၁၈-၂၀၁၉ လာမည့်ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်းတွင် ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ)ကို ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်မည်ဟု မျှော်မှန်းထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် အလားအလာကောင်းများ ရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော် ပြင်ပလူမှုစီးပွားလောကတွင် မြန်မာ့စီးပွားရေး နှေးကွေးခြင်း၊ စိန်ခေါ်မှု အနေအထားများရှိနေခြင်းတို့ကို ပြောဆိုနေကြသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးလောကတွင် ဒေါ်လာ ဈေးတက်ခြင်းနှင့် အခြားအခက်အခဲနှင့် စိန်ခေါ်မှုများရှိနေသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး ဖြစ်ထွန်းမှုများအရ စိုးရိမ်ပူပန်မှု လွန်လွန်ကဲကဲ မဖြစ်သင့်ဘဲ လက်ရှိအနေအထားထက် ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်းြ ကရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားရေးမှာ အရှိန်အဟုန်ဖြင့် မတိုးတက်သေးသော်လည်း လယ်ယာထွက်ကုန်များ ပြည်ပသို့ပိုမိုတင်ပို့နိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထုတ်လုပ်မှုကဏ္ဍများသို့ စီးဝင်လာခြင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ ပို့ဆောင်ရေးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေးနှင့် အခြားဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်နေခြင်းကြောင့် စီးပွားရေးတိုးတက်မှုနှုန်း တစ်နှစ် ထက်တစ်နှစ် တိုးတက်ရရှိလာခြင်းဖြစ်သည်။

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသားစီမံကိန်း ကော်မရှင်အစည်းအဝေးတွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးခဲ့သည့် လူမှုစီးပွားရေးပုံစံကို နိုင်ငံတော်၏ မူဝါဒနှင့်အညီ ပိုမိုကောင်းမွန် ခိုင်မာအောင် ဆောင်ရွက်နိုင်ရေး၊ လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေး အခက်အခဲများကို ကုစားလျှော့ချနိုင်ရေး၊ ပကတိအခြေအနေနှင့် ညီညွတ်သည့် ဦးစားပေးလုပ်ငန်း၊ အကြောင်းအရာများကို ဖော်ထုတ်ချမှတ် ကျင့်သုံးနိုင်ရေးတို့အတွက် အလေးထားချိန်ညှိ ဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတက မှာကြားထားသည်။ ယခုဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာခြင်း၊ ငွေကြေးအရင်းအနှီးလိုအပ်သည့် စီးပွားရေးလုပ်ငန်းများသို့ နှစ်လတ် ချေးငွေများ ထုတ်ချေးခြင်း၊ ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ညှိနှိုင်းပေါင်းစပ်မှုများ ဆောင်ရွက်လျက်ရှိသောကြောင့် ပုဂ္ဂလိက အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်မည့် အလားအလာများ၊ နိုင်ငံပိုင်အပြင် ပုဂ္ဂလိကအပိုင်းတွင် အရင်းအနှီးနှင့် နည်းပညာများ စီးဝင်လာရေး အစီအမံများ စီစဉ်ထားခြင်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ အပိုင်းတွင် ဖွံ့ဖြိုးတိုးတက်နေခြင်းတို့ကြောင့် လာမည့်ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေး တိုးတက်လာမည်ဟု မျှော်လင့်ပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် အလား အလာကောင်းများ ရှိပြီးဖြစ်၍ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိရေးအတွက် စီးပွားရေးတိုးတက်မှု၊ မတိုးတက်မှုတို့ နှင့်ဆက်စပ်နေသော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ညီညွတ်ရေးတို့၌ ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြကာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်သောနိုင်ငံ ခိုင်မာစွာဖြစ်ထွန်းအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည်ဟု ကြေးမုံက ရှုမြင်ပါကြောင်း။

ကြေးမုံ