လူမှုစီးပွားဖွံ့ဖြိုးဖို့ သမဝါယမကိုအားပေးစို့

K ဇင်သစ်(မန်းတက္ကသိုလ်)

 

လူသားတို့၏ လိုအင်ဆန္ဒက မြားမြောင်လှပါသည်။ ယင်းလိုအင်ဆန္ဒများ ဖြည့်ဆည်းပေးရန် အသင်းအဖွဲ့၊ ကုမ္ပဏီ၊ ဌာန၊ အစိုးရများက တတ်စွမ်းသမျှ ဆောင်ကြဉ်းပေးနေကြသည်ကိုလည်း တွေ့နေကြရပါသည်။ တစ်ဦးနှင့်တစ်ဦး လိုချင်မှုအဖုံဖုံကလည်း အသွင်အမျိုးမျိုးဖြင့် ဆန်းပြားမှုအစုံစုံ ရှိနေနိုင်သည်က ငြင်းဖွယ်မရှိပါ။ အများပိုင်ကုမ္ပဏီများ၏ အများအကျိုး ဆောင်ရွက်ပေးမှုဖြင့် ယင်းတို့ထည့်ဝင်ထားသည့်ရှယ်ယာများအလိုက် တစ်ဦးချင်းစီက အကျိုးခံစားခွင့်ရနေကြသည်ကလည်း အများ၏ ယုံကြည်မှုကိုရရှိပြီး ဒီရေအလား တိုးတက် အောင်မြင်နေသည့် မြင်ကွင်းများကို မျက်ဝါးထင်ထင် တွေ့နေရပြန်သည်။ ဤတွင် Institution တစ်ခု ခိုင်မာကျယ်ပြန့်စွာ ဖွဲ့စည်းတည်ရှိမှုက အောင်မြင်မှုလားရာသို့ ဦးတည်နေသည်ဟု ယုံကြည်၍ ရနိုင်ပေမည်။ မြန်မာနိုင်ငံတွင် ခိုင်မာသော Institution များစွာရှိသည့်အနက် နှစ်ပေါင်း ၁၁၅ ကျော် ရပ်တည်နေသည့် သမဝါယမအဖွဲ့အစည်းသည်လည်း Institution အဖြစ် တည်ရှိနေသည်ကို ပြည်သူအများစု ခရေစေ့တွင်းကျသိရှိစေရန် ရှင်းလင်းတင်ပြလိုပါသည်။

 

သမဝါယမဟုဆိုလိုက်လျှင် ဆူကြုံနိမ့်မြင့် အသင်းသားပြည်သူများအကျိုး ရဲရဲဝံ့ဝံ့ရပ်တည်နေသည့် အစိုးရ အဖွဲ့က ထူထောင်ပေးထားသည့် အဆင့်ဆင့်သော ဦးစီးဌာနများ တည်ရှိသလို တစ်ဖက်တွင်လည်း သမဝါယမ အသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အများ၏ဆန္ဒဖြင့် လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နေသည့် ဗဟိုမှသည်အခြေခံကျေးလက်တောရွာများအထိ အသင်းအဆင့်ဆင့် ကလည်း ပြည်သူအကျိုး ဦးတည်ကာ ဆင်းရဲ-ချမ်းသာ၊ ကျား-မ၊ ဘာသာ-လူမျိုး မခွဲခြားဘဲ ပူးပေါင်းပါဝင်လို စိတ်ရှိသူများကို စည်းရုံးကာ ထုတ်လုပ်- ဝန်ဆောင်၊ ကုန်သွယ်ဟူ၍ အသင်းအမျိုးအစား စုံလင်စွာဖြင့် ဖွဲ့စည်းထားရှိမှုကလည်း နိုင်ငံအဝန်း ထင်ရှားတည်ရှိ နေပါသည်။ ၄ ဒသမ ၂ သန်းခန့်ရှိသည့် သမဝါယမ အသင်းသားအများစုမှာ အခြေခံပြည်သူများ ပါဝင်နေ သည်ကို တွေ့ရပါသည်။ အိမ်ထောင်စု၏ မိသားစုကို ကိုယ်စားပြုသည့် အသင်းသားပြည်သူများ၏ ပါဝင်မှု အားကောင်းစွာရပ်တည်နေသည့် နိုင်ငံအဝန်းနေရာ ဒေသမရွေး ဇနပုဒ်ငယ်လေးများအထိ ကွန်ရက်ချိတ်ကာ ဖွဲ့စည်းထားသည့် Cooperative Network ကြီးက အုတ်မြစ်ခိုင်မာပြီး ထုထည်ကြီးမားလှပေသည်။ ဦးစီး ဌာနနှင့် အသင်းအဆင့်ဆင့်တည်ရှိမှုကို ဖော်ပြပါအတိုင်း တွေ့သိရပါသည် -

 

လွတ်လပ်ပွင့်လင်းခြင်းမှ ရေရှည်တည်တံ့ခြင်းသို့

 

တည်ဆဲသမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများကို စေငုကြည့်လျှင်လည်း အများအကျိုးသယ်ပိုးလိုသူများ၊ လူမှုရေးလုပ်ငန်းကို ရှေ့တန်းတင်ပြီး အသင်း၏စီးပွားရေး လုပ်ငန်းကို လွတ်လပ်ပွင့်လင်းစွာ လုပ်ကိုင်ခွင့်ရှိနေခြင်း ကလည်း ရေရှည်တည်တံ့ခိုင်မြဲခြင်းဆီသို့ ဦးတည်နေခြင်းဟု ယုံကြည်မိပါသည်။ တစ်ချိန်တုန်းကလို အမိန့်ပေးစနစ်ပုံစံမျိုးမဟုတ်တော့ဘဲ အများဆန္ဒနှင့်အညီ ကိုယ်တိုင်စီမံ ခန့်ခွဲပိုင်ခွင့်ရှိနေသည့် BOD များကိုလည်း ဒီမိုကရေစီစံနှုန်း များဖြင့် ရွေးချယ်တာဝန်ပေးနေသည့် သမဝါယမအသင်း များ၏ ခေါင်းဆောင်မှု-ဦးဆောင်ဦးရွက်ပြုသူများ ရွေးချယ်မှုကလည်း လွတ်လပ်ပွင့်လင်းမြင်သာမှု ရှိနေသည်မှာ ခေတ်စနစ်နှင့် လိုက်လျောညီထွေရှိနေသည်ကို သတိထားမိပါသည်။ အချို့သောဌာနဝန်ထမ်း၊ အသင်းဝန်ထမ်းနှင့် BOD များကြောင့် သမဝါယမပုံရိပ်အနည်းငယ် ထိခိုက်နေ မှုမှလွဲ၍ နိုင်ငံအဝန်း မြန်မာကျပ်ငွေ ၆၀၀ ဘီလီယံကျော်ကို ကျေးလက်နေ ပြည်သူများအတွက် လုပ်ငန်းအရင်းအနှီး ချေးငွေများအား ထုတ်ချေးထောက်ပံ့ပေးနေခြင်းက အခြေခံပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ အထောက်အကူပြုနေသည် ကလည်း လက်တွေ့ကျနေသည်ဟု ဆိုချင်ပါသည်။

 

သမဝါယမအသင်းများ၏ ငွေကြေးများအလွဲသုံးစား လုပ်သဖြင့် ရုံးရောက်၊ ဂါတ်ရောက်အခြေအနေများ ကြားသိ နေရခြင်းက စာရင်း- ဇယားကိန်းဂဏန်းဖြင့် လက်တွေ့မြေပြင်တွင်ရှိနေသည့် အခြေအနေမှန်ကို အသေးစိတ်စိစစ် ဖော်ထုတ်နိုင်ခဲ့ခြင်းကြောင့် တွေ့ရှိလာရခြင်းဖြစ်သည်ဟု သုံးသပ်မိပါသည်။ ကိုယ်ကျိုးအလွဲသုံးစားမှုများ မပေါ်ပေါက် ရေးနှင့် သမဝါယမစာရင်းအင်းများ ခိုင်မာရေးအတွက်လည်း ဦးစီးဌာနမှ အမြဲဆိုသလို စစ်ဆေးနေမှုကလည်း Monito- ring ကြီးကြပ်မှုကို ဆောင်ကြဉ်းပေးနေခြင်းပင် မဟုတ်ပါ လော။ သတင်းမီဒီယာ လွတ်လပ်ခွင့်ရှိသည့် ယနေ့ခေတ် တွင် မည်သည့်သမဝါယမအသင်းကမှ ကိုယ်ကျိုးရှာ အတ္တဆန်မှုမျိုး လုပ်ဆောင်၍ရတော့မည်လည်း မဟုတ်ပါ။ သမဝါယမနှင့်ပတ်သက်၍ လွှတ်တော်အတွင်း ရှင်းလင်း ဆွေးနွေးမှုတွေကလည်း တည်ဆဲဥပဒေ- နည်းဥပဒေများနှင့် ညီညွတ်မှုရှိနေကြောင်း သက်သေထူနေသည်ပင် မဟုတ် ပါလော။ အသက်မွေးဝမ်းကျောင်း ပညာဆည်းပူးခွင့် နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် သမဝါယမစီမံခန့်ခွဲမှု၊ စာရင်းအင်းပညာ၊ Accounting၊ Management စသည်တို့ကို လေ့ကျင့်သင်ကြားပေးနေသည့် သမဝါယမတက္ကသိုလ် နှစ်ခု၊ ကောလိပ်နှစ်ခု၊ သင်တန်း ကျောင်းလေးကျောင်း၊ ကူးသန်းကျောင်း သုံးကျောင်းတို့ ဖွင့်လှစ်ထူထောင်ထားခြင်းကြောင့် သမဝါယမအဖွဲ့အစည်း Institution ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုတွင် အထောက်အကူပြုနေမှုများကို တွေ့ရမည်ဖြစ်ပေသည်။

 

အရိုးပေါ်အရွက်မဖုံးဘဲ ခေတ်အဆက်ဆက် ရှင်သန် ရပ်တည်နေခဲ့သည့် သမဝါယမ အဖွဲ့အစည်းကို လက်ရှိအနေ အထားထက် စည်းစနစ်ကျသော အသွင်သဏ္ဌာန်၊ ဘဏ္ဍာရေး အရင်းအမြစ်၊ လိုအပ်သည့် အထောက်အပံ့တို့ကိုသာ ဖြည့်ဆည်းဆောင်ရွက်ပေးလိုက်မည်ဆိုပါက အခြေခံ ပြည်သူများအတွက် လိုအပ်သည့်လိုအင်များကို တတ်စွမ်း သမျှ ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု အစဉ်ယုံကြည်နေ မိပါသည်။ မှတ်မိနေပါသေးသည်- ၂၀၁၉ ခုနှစ် နွေစပါးပေါ်ချိန်တွင် အခြေခံစပါးဈေးနှုန်းတင်း ၁၀၀ လျှင် ငွေကျပ် ငါးသိန်းနှုန်း နိုင်ငံတော်က သတ်မှတ်ထားပေမယ့် ထိုအချိန်က ငွေကျပ် ၄ ဒသမ ၃ သိန်းခန့်အထိ ကျဆင်းသွားခဲ့၍ သမဝါယမအသင်းစု၊ စုချုပ်များချိတ်ဆက်ပြီး ငွေကျပ် ငါးသိန်းနှုန်းဖြင့် ဝင်ရောက်ဝယ်ယူခဲ့ခြင်းကြောင့် ပြင်ပဈေးကွက်တွင် သမဝါယမက စပါးဝယ်နေပြီဟု သတင်း ထွက်ပေါ်လာပြီးနောက် တောင်သူများအတွက် ငွေကျပ် ငါးသိန်းဈေးရရှိခဲ့ခြင်းက မေ့လို့မရနိုင်သေးပါ။ ယခုနှစ် COVID-19 ကာလအတွင်း လမ်းပန်းဆက်သွယ်မှုများ ခက်ခဲ၊ ပြတ်တောက်ခဲ့သည့်အတွက် ရှမ်းပြည်နယ် ပင်လောင်းနှင့် ပင်းတယနယ်ထွက် ဂေါ်ဖီထုပ်များကို သမဝါယမကွန်ရက်ဖြင့် ချိတ်ဆက်မှုကောင်းစွာဆောင်ကြဉ်း ပေးခဲ့သည့်အတွက် ဂေါ်ဖီစိုက်တောင်သူတို့ ပီတိဖုံးခဲ့သည်ကို လက်တွေ့မြင်နေရပေသည်။

 

‘‘ တောင်သူကိုကူ-ပြည်သူကိုမေတ္တာလှူ’’ ဆိုသည့်မူကို လက်ကိုင်ထားပြီး သမဝါယမကွန်ရက်ချိတ်ဆက်မှုက အားကောင်းလာသည်ကို တွေ့ရပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် သမဝါယမများသည် No profit ၊ No loss စံနှုန်းကို အခြေခံ၍ လယ်ယာထွက်ကုန်သီးနှံများကို ဈေးကွက်သို့ချိတ်ဆက်ပေးခြင်းနှင့် အခြေခံပြည်သူများ ပစ္စည်းမှန်-ဈေးနှုန်းမှန် ဝယ်ယူသုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများက ပြည်သူ့အတွက် သမဝါယမများက အစဉ်ရပ်တည် နေခြင်းဟု ဆိုချင်ပါသည်။ ကျေးလက်နေတောင်သူ ဦးကြီးများ၏ စိုက်ပျိုးရေးထွက်ကုန်သီးနှံများကို လက်ဝါးကြီးအုပ်ဈေးနှိမ်၍ ခြယ်လှယ်လိုသူတစ်စု၏ မျက်မှောင်ကြုတ်မှုကိုတော့ ခံနိုင်ရည်ရှိရှိကျော်လွှားရဦးမည် ဖြစ်ပေသည်။

 

စီးပွားရေးဖွံ့ဖြိုးဖို့ တစ်ထောင့်တစ်နေရာမှကူညီ

 

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု နှစ်စဉ်တိုးတက်ခဲ့သော်လည်း တောင်သူများ၏ ဝင်ငွေနည်းပါးနေမှုကို သမဝါယမကဏ္ဍက အစွမ်းရှိသမျှ ကူညီဖြည့်ဆည်းပေး နေခြင်းမှသည် နိုင်ငံစီးပွားဖွံ့ဖြိုးရေးကို တစ်ထောင့် တစ်နေရာမှ သယ်ပိုးထမ်းရွက်နေခြင်းလည်း ရောက်ပါသည်။ ကျေးလက်ဒေသများရှိ စိုက်ပျိုး-မွေးမြူရေး သမဝါယမအသင်းတွင် အသင်းသားအဖြစ် ပါဝင်နေသည့် တောင်သူလယ်သမား ဦးကြီးများအနေဖြင့် မိမိတို့၏ စိုက်ပျိုး-မွေးမြူရေးထွက်ကုန်များကို သမဝါယမအသင်းများသို့ ဈေးကွက်ချိတ်ဆက်ပေးနိုင်ရေး တင်ပြတောင်းခံ ခြင်းဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်စေရေးနှင့် ဈေးကွက်မှန် ရရှိရေးကို ‘‘ ကျွဲကူးရေပါ’’ ဆိုသကဲ့သို့ လုပ်ဆောင်နိုင်မည် ဖြစ်ပေသည်။ နည်းပညာများ ကြွယ်ဝသည့်ယနေ့ခေတ်တွင် ပြည်တွင်းနှင့် နိုင်ငံတကာချိတ်ဆက်ကာ စိုက်ပျိုးရေး ထွက်ကုန်သီးနှံများ ဈေးကွက်ခိုင်မာကောင်းမွန်စေရေး နိုင်ငံတော်အစိုးရပိုင်းကလည်း သမဝါယမကဏ္ဍအပေါ် ဘတ်ဂျက်များ တိုးမြှင့်သုံးစွဲခွင့်ပြုခြင်းအားဖြင့် နိုင်ငံတော် ၏ စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည် နေမည်ဟု ထင်မိပါသည်။ သမဝါယမအသင်းပိုင် စက်ရုံ၊ အလုပ်ရုံများ၊ ရိုးရာဓလေ့လက်မှုလုပ်ငန်းများ၊ သမဝါယမ အသင်းဆိုင်၊ စတိုး၊ Mini Market များ၊ သမဝါယမ ဆေးပေးခန်း၊ ဆေးရုံများ နိုင်ငံအဝန်း တည်ရှိနေခြင်းကြောင့် ဆက်စပ်ကဏ္ဍများနှင့် ဟန်ချက်ညီညီ လက်တွဲ မည်ဆိုပါက သမဝါယမ၏ကွန်ရက်ကား အံ့မခန်းတွေ့နိုင် မည်ဖြစ်ပေသည်။

 

နိဂုံးဆိုရသော် ဤမျှထုထည်ခိုင်မာပြီး ကျယ်ပြန့်စွာ ဖွဲ့စည်းထားသည့် သမဝါယမအဖွဲ့အစည်းကြီး ပိုမို ရှင်သန်ဖွံ့ဖြိုးလာနိုင်ရေး တာဝန်ရှိသူတို့က မိမိတို့၏ တတ်စွမ်းသမျှ ကူညီထောက်ပံ့မှုကို အနည်းငယ် ဖြည့်ဆည်းပေးလိုက်ရုံဖြင့် တစ်ဟုန်ထိုးတိုးတက်လာ မည်က မြေကြီးလက်ခတ်မလွဲပါ။ ပြည်သူအများစု၏ မှီခိုအားထားရာ အဖွဲ့အစည်းကြီးတစ်ခုအဖြစ် ပေါ်ထွန်း လာပြီး ယင်းအဖွဲ့အစည်း၏ အကျိုးဆက်ကိုလည်း အသင်းဝင်ပြည်သူများပင် ခံစားကြရမည်ဖြစ်ကာ နိုင်ငံတော်အတွက်လည်း အခြေခံပြည်သူများအတွက် စားဝတ်နေရေး သက်သာချောင်ချိရေးတို့ကို သွယ်ဝိုက်ထောက်ပံ့ပေးနေသည့်သဘောဟု တွေ့လာနိုင်မည် ဖြစ်ပေသည်။ ပွင့်လင်းမြင်သာမှုနှင့် အားလုံးပါဝင်လာနိုင် ရေးရှေးရှုပြီး လူမှုစီးပွားရေးလုပ်ငန်းများကို အများဆန္ဒ ဖြင့် စီမံခန့်ခွဲလုပ်ဆောင်နိုင်ရန် ခိုင်မာသည့်ဥပဒေကလည်း ပြဋ္ဌာန်းပြီးသားဖြစ်၍ သမဝါယမ အင်စတီကျူးရှင်းကို ‘‘ ကမ်းလက်ကူ၍၊ ပြည်သူဆီသို့’’ ခွန်အားစိုက်ထည့် ကြပါစို့ဟူ၍။ ။