လူနာများ၏ ရပိုင်ခွင့်များ (မိမိ၏ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်နှင့် ပတ်သက်သည့် ရပိုင်ခွင့်)

၂၆ သြဂုတ်


ဖြစ်ရပ်နမူနာ (၁)


မောင်မောင်ဟာ ပန်ကရိယကင်ဆာဝေဒနာ ခံစားနေရသူဖြစ်ပါတယ်။ သူ့ရောဂါအခြေအနေဟာ အတော်လေး ဆိုးရွားနေပြီး လပိုင်းခန့်ပဲ အသက်ရှင်တော့မယ်လို့ ဆရာဝန်က ခန့်မှန်းထားပါတယ်။ ဒါပေမယ့် အဲဒီခန့်မှန်းချက်ကို မောင်မောင်ရဲ့ မိသားစုဝင်တွေပဲ သိရှိထားပြီး ကာယကံရှင်ဖြစ်သူ မောင်မောင်တစ်ယောက် လုံးဝမသိပါဘူး။ အခြေအနေဆိုးနေသည့်တိုင် မောင်မောင်ဟာ သူ့ရောဂါကို ပျောက်ကင်းအောင်ကုသနိုင်မယ်လို့ ယုံကြည်နေတုန်းပဲ ဖြစ်ပါတယ်။


ဖြစ်ရပ်နမူနာ (၂)


ဒေါ်ချိုဟာ ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးခြင်းကို သွားရောက်ပြုလုပ်ပါတယ်။ ကိစ္စတစ်ခုပေါ်လာလို့ ခရီးထွက်သွားတဲ့ ဒေါ်ချိုဟာ ဆေးရုံက ဆေးစစ်ချက်အဖြေတွေကို သူမနဲ့ ခင်မင်နေတဲ့ မချောကို လှမ်းပြောပေးဖို့ ဆေးရုံကို မှာခဲ့ပါတယ်။ ဒေါ်ချိုရဲ့ ညီမဖြစ်သူ ဒေါ်ပိုကတော့ ဆေးရုံကိုရောက်လာပြီး သူ့ကိုပဲဖွင့်ပြောဖို့ ပြောပါတယ်။


ဒီဥပမာတွေဟာ လူနာတွေရဲ့ ကျန်းမာရေးသတင်းအချက်အလက်ဆိုင်ရာကိစ္စတွေကို ကိုင်တွယ်ရာမှာ ကြုံတွေ့ရတဲ့ အငြင်းပွားစရာကိစ္စတွေကို ဖော်ပြထားခြင်းဖြစ်ပါတယ်။


အကယ်၍ အဲဒီဖြစ်ရပ်တွေမှာ သင်သာ လူနာအနေနဲ့ (သို့) လူနာရဲ့မိသားစုဝင်အနေနဲ့ (သို့) ကျန်းမာရေးစောင့်ရှောက်သူအနေနဲ့ ပါဝင်ကြုံတွေ့ရရင် ဘယ်လိုဆုံးဖြတ်မယ် ထင်ပါသလဲ။


လူနာတွေရဲ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်ရင် လိုက်နာရမယ့် နည်းလမ်း (သို့) စည်းမျဉ်း ရှိပါသလား။


ဒီအကြောင်းနဲ့ ပတ်သက်ရင်တော့ ၁၉၈၁၊ ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့မှာ ပြုလုပ်ခဲ့တဲ့ (၃၄) ကြိမ်မြောက် ကမ္ဘာ့ဆေးပညာဆိုင်ရာညီလာခံကနေ လူနာများရဲ့ ရပိုင်ခွင့် (သို့) အခွင့်အရေးနဲ့စပ်လျဉ်းတဲ့ ဆုံးဖြတ်ချက် တချို့ချမှတ်ခဲ့ပါတယ်။ ဒါကို လစ္စဘွန်းကြေငြာစာတမ်းလို့ သိကြပါတယ်။


အဲဒီကြေငြာစာတမ်းမှာ လူနာတွေရဲ့ ရပိုင်ခွင့် (၁၁) ချက်ကို ဖော်ပြထားပြီး သတင်းအချက်အလက်ဆိုင်ရာနဲ့ ပတ်သက်တဲ့ ဖော်ပြချက်တွေလည်း (၅) ချက် ပါဝင်ပါတယ်။


Patient’s Right to Information အတွက်ကြေငြာချက်ကို ဖော်ပြရမယ်ဆိုရင်-


၁။ လူနာတစ်ဦးဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေ၊ ဆေးကုသမှုမှတ်တမ်း စတာတွေကို အပြည့်အဝသိရှိပိုင်ခွင့် ရှိရပါမယ်။ သူ့ရဲ့မှတ်တမ်းမှာ တခြားတတိယလူတစ်ဦးဦးရဲ့ အတွင်းရေး အချက်အလက်ပါ ပါဝင်ခဲ့မယ်ဆိုရင်တော့ တတိယလူရဲ့ သဘောတူညီချက်မပါဘဲ လူနာဟာ သိရှိခွင့်မရှိပါဘူး။


၂။ ခြွင်းချက်အနေနဲ့ လူနာကိုပေးသိမယ့် သတင်းအချက်အလက်ဟာ အဲဒီလူနာရဲ့ အသက်နဲ့ ကျန်းမာရေးအခြေအနေကို ဆိုးရွားစွာ ထိခိုက်သွားစေနိုင်ဖို့ အကြောင်းခိုင်လုံရင်တော့ ပေးမသိဘဲ ထားနိုင်ပါတယ်။


၃။ လူနာကို ဖွင့်ပြောပြမယ့် အချက်အလက်အကြောင်းအရာဟာ လူနာရဲ့ယဉ်ကျေးမှုဓလေ့နဲ့ သင့်တော်ကိုက်ညီပြီး လူနာကကောင်းစွာ လက်ခံနားလည်မယ့် နည်းလမ်းနဲ့ ဖွင့်ပြောခြင်း ဖြစ်ရပါမယ်။


၄။ သတင်းအချက်အလက်ဟာ တခြားလူပုဂ္ဂိုလ်တစ်ဦးဦးရဲ့ အသက်နဲ့ဆိုင်တဲ့ကိစ္စမဟုတ်ရင် လူနာအနေနဲ့ သူ့ကို ဖွင့်ဟမပြောပြဖို့ မေတ္တာရပ်ခံပိုင်ခွင့်ရှိပါတယ်။ တစ်နည်းပြောရရင် မသိလိုက မသိဘဲ နေနိုင်ပါတယ်။


၅။ လူနာဟာ သူ့ကိုယ်စား သတင်းအချက်အလက်တွေ လက်ခံဖို့ ဘယ်သူ့ကိုမဆို ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။


ဒါတွေကတော့ လူနာရဲ့ သတင်းအချက်အလက်ဆိုင်ရာ ရပိုင်ခွင့်တွေ ဖြစ်ပါတယ်။


အလွယ်ပြောရရင် လူနာဟာ မိမိကျန်းမာရေးနဲ့ ပတ်သက်ပြီး စစ်ဆေးမှုရလဒ်တွေ၊ ဆေးမှတ်တမ်းတွေ၊ ရောဂါတိုးတက်မှု ဆုတ်ယုတ်မှု အချက်အလက်တွေကို အလုံးစုံသိရှိပိုင်ခွင့်ရှိပါတယ်။ မသိချင်တဲ့ ဆန္ဒရှိရင်လည်း အဲဒီဆန္ဒကို လေးစားရမှာ ဖြစ်ပါတယ်။ သူ့ရဲ့အချက်အလက်တွေကို သူ့ကိုယ်စားတစ်ယောက်ယောက်ကို ဖွင့်ပြောဖို့ ဆန္ဒရှိရင်လည်း ဘယ်သူ့ကိုမဆို ဖွင့်ပြောပြရမှာ ဖြစ်ပါတယ်။


စဉ်းစားရမှာကတော့ လူနာဟာ သူသိရမယ့် အချက်အလက်ကို လက်ခံနိုင်ဖို့ အင်အားရှိရဲ့လား ဆိုတာပါပဲ။ လူနာရဲ့အချက်အလက်မှန်သမျှ လူနာကိုပဲ ပြောရမယ်လို့ တရားသေသဘော မဟုတ်ပါဘူး။


ခြုံပြောရရင် ဒီကြေငြာစာတမ်းဟာ လူနာရဲ့အကျိုးစီးပွားအတွက် ဦးစားပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။


အကယ်၍ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များနဲ့ ပတ်သက်တဲ့ လူနာများရဲ့ရပိုင်ခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ကိစ္စလေးတွေပေါ်လာရင် လစ္စဘွန်းကြေငြာစာတမ်းကို မိမိတို့ရဲ့ကာလံ ဒေသံအလိုက် ကိုးကား အသုံးပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်။


ရေးသားသူ - Dr. Thant Zin


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”