လူငယ်အင်အားကို ထိရောက်စွာအသုံးချ

mdn

နေပြည်တော် ၁၇ ဇူလိုင်

 

လူငယ်လူရွယ်ဆိုသည်မှာ ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအား အဖွံ့ဖြိုးဆုံး၊ အကောင်းဆုံးအရွယ် ဖြစ်သောကြောင့် လူငယ်လူရွယ်များ၏ စွမ်းပကားကိုထိရောက်စွာအသုံးချတတ်ဖို့လိုအပ်သလို လူငယ် လူရွယ်များကလည်း လူ့ဘောင်လောကနှင့် မိမိတို့ဘဝတိုးတက်အောင် နိုးကြားတက်ကြွစွာဖြင့် ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါသည်။

 

ယနေ့ ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ၇၇၀၀ ကျော်ရှိနေပြီး ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ သန်းပေါင်း ၈၅၀၀ ခန့်ရှိလာမည်ဟု ခန့်မှန်းထားသည်။ လူဦးရေတိုးပွားနှုန်းများသော နိုင်ငံများမှာ ဆင်းရဲနွမ်းပါးသော နိုင်ငံများဖြစ်ပြီး လူဦးရေတိုးပွားမှုနှင့်အတူ လူငယ်လူရွယ်ဦးရေ များပြားသည်။ ယင်းကို ထိရောက်စွာအသုံးချနိုင်သော နိုင်ငံများအဖို့ အလားအလာ ကောင်းများရှိနေပြီး အသုံးမချ နိုင်သောနိုင်ငံများအဖို့ လူဦးရေပေါက်ကွဲမှုနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။

 

လူဦးရေတိုးပွားနှုန်း အလွန်နည်းသောနိုင်ငံများမှာ ဖွံ့ဖြိုးပြီးနိုင်ငံအများစုဖြစ်ပြီး ယင်းနိုင်ငံများတွင် လူငယ်လူရွယ်ဦးရေနည်းပါး၍ သက်ကြီးရွယ်အိုဦးရေများပြားကာ ရေရှည်တွင် လုပ်သားအင်အား ရှားပါးမှု၊ လူမှုကာကွယ်စောင့်ရှောက်မှုဆိုင်ရာ  ငွေကြေးသုံးစွဲမှု စသည့်ပြဿနာများနှင့် ရင်ဆိုင်နေရ သောနိုင်ငံများကို တွေ့နိုင်သည်။ လူဦးရေတိုးပွားသောနိုင်ငံများတွင် ဖွံ့ဖြိုးမှုမရှိပါက ရွှေ့ပြောင်း သွားလာနေထိုင် အလုပ်လုပ်ကိုင်မှုများ မြင့်မားနေပြီး ယင်းတို့သည် လူငယ်လူရွယ်များ အများစုဖြစ် သည်ကိုတွေ့ရမည်ဖြစ်သည်။

 

၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၄ သန်းကျော်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် ၅၉ သန်းကျော်ရှိမည်ဟု ခန့်မှန်းထားသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏လူဦးရေ အသက်အပိုင်းအခြားမှာ အချိုးကျမျှတမှုရှိနေသော်လည်း အနာဂတ်တွင် သက်ကြီးရွယ်အို လူဦးရေများပြားလာမည်ဖြစ် သည့်အတွက် လူငယ်လူရွယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် အလေးထားပျိုးထောင် ပေးရမည်ဖြစ်သည်။

 

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် လူဦးရေဆုလာဘ် အလားအလာကောင်းရှိနေဆဲဖြစ်၍ လူငယ်လူရွယ်၊ လူကြီးများအင်အားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားကြိုးပမ်း အားထုတ်ကြရမည်ဖြစ်သည်။ အကယ်၍အားမထုတ်ပါက အနာဂတ်တွင် လူငယ်လူရွယ်များ ဘေးထွက်ယိုစီးပြီး သက်ကြီးရွယ်အိုများတိုးပွားကာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးသွားမည်ဖြစ်သည်။ နိုင်ငံတိုးတက်ရေးသည်လူငယ်လူရွယ်တို့လက်ထဲတွင်ရှိသည်ကို သတိ ချပ်ရမည်။

 

မြန်မာနိုင်ငံလွတ်လပ်ရေး၊ မြန်မာနိုင်ငံတည်ထောင်ရေးကို လူငယ်လူရွယ်များက အများဆုံး လက်တွေ့လုပ်ခဲ့ကြသည်။ လွတ်လပ်ရေးကြိုးပမ်း စဉ်ကာလ ၁၉၄၄ ခုနှစ် မတ်လ ၁၃ ရက်နေ့ မင်္ဂလာဒုံစစ်တက္ကသိုလ်ဒုတိယပတ် ဗိုလ်သင်တန်းဆင်းပွဲတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက လူငယ်ဗိုလ်လောင်းများအား “ဇာတိမာန်ကောင်းကောင်းထားတတ်ကြအောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကိုယ်ချစ်ပါ။ ကိုယ့်အမျိုးကိုယ်ချစ်ပါ။ ဗမာတွေဟာ လူဖျင်းတွေ၊ လူပျင်းတွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊ လူ့ခွစာတွေ၊ လူမတရားတွေ ဒီလို ကမ္ဘာက အထင်ခံရအောင်မလုပ်ပါနဲ့။ ဗမာတွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြပြီး ဂုဏ်ယူပါ”ဟု မှာကြားထားသည်။

 

သို့ဖြစ်ရာ ယနေ့လူငယ်လူရွယ်များအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ထားသကဲ့သို့ လူပျင်း၊ လူဖျင်း၊ လူညံ့၊ လူရိုင်းများမဖြစ်အောင်ကြိုးပမ်းအားထုတ်ကြပြီး မြန်မာဆိုလျှင် အထင်သေးသော နိုင်ငံများ အထင်ကြီးလာအောင်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတွင် လူငယ်အင်အားများကို ထိထိရောက်ရောက် ထည့်သွင်းအသုံးချနိုင်အောင်ဝိုင်းဝန်းကြိုးပမ်းအားထုတ်ရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ