လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)တွင် မြန်မာ့ယဉ်ကျေးမှုအက စိတ်ပါဝင်စားသူများအား သင်ကြားပေးမည်

မကွေး  ၁၃    ဒီဇင်ဘာ 

ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်မည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မကွေး) တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက  ပွဲတော်လာ ဧည့်ပရိသတ်များမှ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အက ကို စိတ်ပါဝင်စားသူများအား  သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

 

a

 

"လူငယ်ဘက်စုံပွဲတော်ကို လာရောက်ကြတဲ့သူတွေကို မြန်မာအက သင်ပေးဖို့ ပြင်ဆင်ထားပါတယ်။ လာရောက်တဲ့ပရိသတ်တွေထဲက မြန်မာအကသင်ချင်တယ်ဆိုရင် သင်ပေးမှာပါ။ ဒီလိုပွဲတွေ လုပ်ပေးခြင်း အားဖြင့် လူငယ်တွေကလည်း မြန်မာရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေအပေါ်မှာ စိတ်ဝင်စားမှုရှိလာပြီးတော့ တိုးတက်ပြန့်ပွားအောင်၊ ထိန်းသိမ်းလိုစိတ်ဖြစ်လာအောင် ဆောင်ရွက်တာဖြစ်ပါတယ်" ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြူကြူဝင်းက ပြောကြားသည်။

 

a

 

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအက ကပြခြင်း၊ ရုပ်သေးအက ကပြခြင်း၊ ပန်းချီပြခန်း၊ လက်အလှပန်းချီ၊ ရုပ်ပြောင်ပန်းချီနှင့် ပုံတူ ပန်းချီရေးဆွဲခြင်းများကို လက်တွေ့ပြုလုပ် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။  

ဝေလျှံ