လူငယ်စကားဝိုင်းဆီမှ အတွေးစတစ်မျှင်

လွန်းပိုးအိမ်

 

လူငယ်စကားဝိုင်း

 

 ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ရန်ကင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက် တန်းကျောင်း၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် နေ့က ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။

 

လူငယ်စကားဝိုင်းဆိုသည့် အသုံးအနှုန်းလေးကို စာရေးသူကြိုက်နှစ်သက်ခဲ့၏။ အနာဂတ်လူငယ်များသည် တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့်သူများဖြစ်ရာ အသိဉာဏ် ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို နိုင်ငံတစ်ဝန်း  ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။

 

လူထုအခြေပြုဗဟိုဌာနမှသည် လူငယ်စကားဝိုင်းများဆီသို့

 

ယနေ့အချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည်  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ခရိုင်နှင့် မြို့နယ်ရုံး စာကြည့် တိုက်များကို  ပြည်သူများ အမှန်တကယ်ရင်းနှီး ကျွမ်းဝင်ပြီး ဝင်ထွက်သွားလာနိုင်သည့်  နေရာများ အဖြစ်လည်းကောင်း၊ ပြည်သူများ အသိပညာ ဆည်းပူးရာနေရာ၊ သတင်းအချက်အလက်ရယူရာ နေရာများ အဖြစ်လည်းကောင်း ဖြစ်ထွန်းပေါ်ပေါက် လာစေရေးအတွက် လူထုအခြေပြုဗဟိုဌာနများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ဖွင့်လှစ်ပြီးသည့်  လူထုအခြေပြုဗဟိုဌာနများတွင် အသိပညာပေးလုပ်ငန်းများဖြစ်သည့် စာဖတ်ဝိုင်းများ၊  ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ ပြပွဲများ၊ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ  စသည်တို့ကို ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

 

လူငယ်များအတွက် စကားဝိုင်း

 

လူငယ်စကားဝိုင်းများသည် အနာဂတ်မျိုးဆက် လူငယ်များအတွက်  အခြေခံအခွင့်အလမ်းကောင်း များ၊ လူငယ်များ၏  အိပ်မက်များနှင့်  ၎င်းတို့ကြုံတွေ့ နေရသည့်  စိန်ခေါ်မှုများကို  အကောင်အထည်ဖော် ရင်ဆိုင်ကျော်လွှားနိုင်မည့် လမ်းစများ ဖွင့်လှစ်လုပ်ဆောင်နေခြင်းဟု ထင်မြင်ယူဆပါသည်။ လူငယ်စကားဝိုင်းများကျင်းပခဲ့မှုနှင့် ပတ်သက်၍  စေ့ငုကြည့်ခဲ့ရာ ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ လူငယ်နှင့်  အားကစား၊  လူငယ်နှင့်  ယဉ်ကျေးမှု၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ် နှင့် နည်းပညာ၊  လူငယ်နှင့်စာပေ  စသည့်ခေါင်းစဉ် များဖြင့် တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ တွင် လူငယ်စကားဝိုင်းများကို အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ခဲ့ကြောင်း မှတ်မိနေပါသည်။

 

တိုင်းပြည်အနာဂတ်

 

ယခုကဲ့သို့ လူငယ်များနှင့်ပတ်သက်သည့် လူငယ်စကားဝိုင်းများ ကျင်းပနေသည့်သတင်း မြင်ကွင်းများကို ကြားသိမြင်တွေ့ရသည့် ပြည်သူများနှင့် နိုင်ငံတစ်ဝန်းရှိ လူငယ်လူရွယ်များအနေဖြင့် လူငယ်စကားဝိုင်းမှ ထွက်ပေါ်လာသည့်စကားသံ များကို ကျေနပ်အားရလိမ့်မည်ဟု ယုံကြည်မိသည်။ လူငယ်စကားဝိုင်းမှ ထွက်ပေါ်လာသည့် ဆွေးနွေးချက်များ၊ သုံးသပ်ချက်များသည် လူငယ်ထု၏ အနာဂတ်ပုံရိပ်ကို ပိုမိုလှပတောက်ပြောင် လာအောင် ခြယ်မှုန်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

 

လူငယ်များသည် နိုင်ငံ၏အင်အား၊ နိုင်ငံ၏ စွမ်းအား၊ နိုင်ငံ၏အရင်းအမြစ်များပင်ဖြစ်သည်။ မိမိတို့၏နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ရန်ဆိုလျှင် လူငယ်များ၏အခန်းကဏ္ဍ၊ လူငယ်များ၏စွမ်းအား၊ လူငယ်များ၏စိတ်ဓာတ်နှင့် မှန်ကန်သည့်အတွေး အခေါ်များကို မြှင့်တင်ပေးကြရမည်ဖြစ်သည်။ တိုင်းပြည်၏အနာဂတ်သည် ယနေ့လူငယ်များ အပေါ်တွင် တည်မှီနေပေသည်။

 

မျိုးဆက်သစ်လူငယ်များသည် နိုင်ငံအတွက် ကြီးမားလှသည့် စွမ်းအားအရင်းအမြစ်များ ဖြစ်သည်သာမက မိမိတို့၏နိုင်ငံတော်၊ မိမိတို့၏ ပြည်ထောင်စုကို လူငယ်များက လက်ဆင့်ကမ်း လွှဲပြောင်းရယူကာ ဆက်လက်တည်ဆောက်သွား ကြရမည်ဖြစ်သည်။ ယနေ့ ၂၁ ရာစု အသိပညာခေတ် စိန်ခေါ်မှုများကို အသိပညာနှင့် ပြည့်စုံသော လူ့အဖွဲ့အစည်းနှင့် ရင်ဆိုင်ကျော်လွှားသွားကြရ မည်ဖြစ်သည်။ မျိုးဆက်သစ်လူငယ်များအနေဖြင့် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများအတွက် အဆင်သင့်ဖြစ်နေစေရန် တည်ဆောက်နေကြရမည် ဖြစ်သည်။

 

အနာဂတ်ကောင်းများတည်ဆောက်

 

ယနေ့အချိန်အခါတွင် နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးအတွက် မျိုးဆက်သစ်လူငယ်များသည် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်အသီးသီး တွင် တက်ကြွစွာကြိုးပမ်းဆောင်ရွက်သည်ကို ဝမ်းမြောက်ကြည်နူးစွာတွေ့မြင်ရပေသည်။ နိုင်ငံ၏ ကဏ္ဍပေါင်းစုံတွင် လူငယ်များ ပါဝင်နိုင်စေရန် နိုင်ငံတော်က လက်တွဲခေါ်၍ ပျိုးထောင်လျက်ရှိပေသည်။ အတွေးအခေါ်မှန်ကန်၍ အသိပညာ၊ အတတ် ပညာထူးချွန်သည့်လူငယ်များဖြင့် နိုင်ငံကို တည်ဆောက်ကြရမည်ဖြစ်သည်။ ယနေ့လူငယ် များသည် စွမ်းအားရှိသည်။ ရည်မှန်းချက်ရှိသည်။ ယုံကြည်ချက်ရှိသည်။ ယနေ့လူငယ် နောင်ဝယ် လူကြီးများပင်တည်း။ ထို့ကြောင့် လူကြီးများက လူငယ်များအတွက် အခြေအနေကောင်းများ၊ မိတ်ဆွေကောင်းများ၊ ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးတည်ဆောက်ပေးနေခြင်းဖြစ်သည်။ အထူးသဖြင့် လူငယ်များအတွက် ကြီးမားသည့်အနာဂတ် ကောင်းများရှိလာအောင် ဖော်ဆောင်ပေးနေခြင်းဖြစ်သည်။

 

ကမ္ဘာ့နိုင်ငံအသီးသီးကို ကြည့်မည်ဆိုပါက မိမိ တို့၏ အနာဂတ်လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးသာယာ လှပစေရေးအတွက် အနာဂတ်၏မျိုးဆက်သစ် များကို Social Capital ဟုခေါ်သည့် လူမှုအရင်း အမြစ်များနှင့် Intellectual Capital ဟုခေါ်သည့် ဉာဏအရင်းအမြစ်များကို အပြိုင်အဆိုင်စိုက်ထုတ် ကာ ပြုစုပျိုးထောင်နေသည်ကို တွေ့မြင်ရသည်။

 

စကားဝိုင်း၏အနှစ်သာရ

 

လူငယ်စကားဝိုင်းများ၏ ရည်ရွယ်ချက်နှင့် အနှစ်သာရမှာ အသိဉာဏ်ပညာဗဟုသုတများ ပိုမိုရရှိစေရန်၊ စကားပြော အတတ်ပညာကျွမ်းကျင် တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကား ပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့် တစ်ဦး အသိပညာများဖလှယ်ကြရာမှ အတွေ့အကြုံ သစ်များ ရရှိစေရန်၊ လူငယ်အချင်းချင်းရင်းနှီး ချစ်ကြည်မှုများ တိုးပွားပြီး လုပ်ငန်းများဆောင်ရွက် ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိတ်အားထက်သန်စွာ ကြိုးပမ်း ဆောင်ရွက်နိုင်ကြစေရန်တို့ပင်ဖြစ်သည်။

 

ကောင်းမွန်သည့်အနာဂတ်နှင့် လူငယ်ထု

 

ယနေ့လူငယ်များသည် ကံကောင်းကြပါသည်။ အခွင့်အလမ်းများ၊ ပွင့်လန်းနေကြပါပြီ။ လူငယ် စကားဝိုင်း ဆွေးနွေးပွဲများတွင် လူငယ်များ ပါဝင်တက်ရောက်ခွင့်၊ ပြောဆိုဆွေးနွေးခွင့်၊ တင်ပြခွင့်များ ရရှိလာပါပြီ။ လူငယ်များအနေဖြင့် နားထောင်၊ ဆွေးနွေး၊ ပြောဆို၊ တင်ပြရဲဖို့လိုပါသည်။ မိမိတို့ရှေ့တွင် ရောက်ရှိနေသော အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်ပိုင်ဆိုင်နိုင်ရန် ကြိုးစားကြရမည် ဖြစ်သည်။

 

ဆိုရပါလျှင် ယနေ့လူငယ်များအနေဖြင့် မိမိတို့ ၏မျှော်မှန်းချက်၊ မိမိတို့၏အနာဂတ်နှင့် မိမိတို့ လူငယ်ထုအတွင်း ကြုံတွေ့နေရသည့်ပြဿနာနှင့် စိန်ခေါ်မှုများကို လူငယ်စကားဝိုင်းမှတစ်ဆင့် နိုင်ငံတော်အစိုးရနှင့် ပြည်သူများသိရှိအောင် တင်ပြဆွေးနွေးပြောဆိုခြင်းဖြင့် နောင်ကာလတွင် လူငယ်များအတွက် ကောင်းမွန်လှပသည့် အနာဂတ်ကို မလွဲမသွေပိုင်ဆိုင်နိုင်ကြမည်ဟု တွေးမိရင်း တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ခွင့်ရသူ တစ်ဦးအနေဖြင့် နှစ်သက်ကြည်နူးနေမိပါတော့သည်။