လူငယ်များ ထိတွေ့ဆက်ဆံသင်ယူနိုင်သည့်နေရာ လူငယ်စင်တာများ ပေါ်ပေါက်လာရေး

လူငယ်ဘဝကို အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြားအရွယ်ဟူ၍ သတ်မှတ်ထားသည်။ ယင်းအရွယ်သည် ကာယအား၊ ဉာဏအားတို့ ဖွံ့ဖြိုးတိုးတက်သည့်အရွယ်၊ စိတ်ကူးစိတ်သန်းအတွေးအခေါ်တို့ ဆန်းသစ်သည့် အရွယ်၊ အသိပညာ၊ အတတ်ပညာတို့ အလွယ်တကူ သင်ယူတတ်မြောက်နိုင်သည့် အရွယ်၊ တီထွင်ဖန်တီးတတ်သည့် အရွယ်၊ လောကကို အသစ်တစ်ဖန် ပြန်လည်တန်ဆာဆင်ကာ တော်လှန်ပြောင်းလဲလိုစိတ်တို့ ထက်သန်တက်ကြွနေတတ်သည့် အရွယ်လည်း ဖြစ်သည်။ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်ဘဝမှာပင် တဖြည်းဖြည်းရင့်ကျက်လာကာ ယင်းမှကျော်လွန်၍ လူရွယ်ဘဝသို့ ရောက်သောအခါ တည်ငြိမ်သွားတတ်သည်။

 

လူငယ်ဘဝတွင် ကျောင်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာ စသည်ဖြင့် တစ်ခုခုကိုသင်ယူကြကာ အနာဂတ်မျှော်လင့်ချက် အိပ်မက်များအတွက် ကြိုးပမ်းအကောင်အထည်ဖော် ကြရသည်။ ဝါသနာပါရာ တစ်ခုခုကို ထူးထူးချွန်ချွန်လုပ်ကိုင်ရင်း လူငယ်ဘဝမှာပင် အောင်မြင်မှု ရရှိသွားသူများရှိသလို စမ်းတဝါးဝါးနှင့် လမ်းပျောက်သွား ကြရသူများလည်း ရှိသည်။ မိမိတို့နိုင်ငံတွင် လူငယ်အများစုတို့သည် ဆင်းရဲနွမ်းပါးမှု၊ ကျား၊ မ တန်းတူ မညီမျှမှု၊ နိမ့်ကျသည့် ပညာရေး အဆင့်အတန်းနှင့် ပညာရေးလက်လှမ်းမမီမှု၊ နိမ့်ကျသောကျန်းမာရေး၊ လိင်မှတစ်ဆင့် ကူးစက်သောရောဂါနှင့် အိတ်ခ်ျအိုင်ဗွီအန္တရာယ်၊ အဆင်သင့်မဖြစ်မီ ကိုယ်ဝန်ဆောင်ရခြင်း၊ မသန်စွမ်းမှု၊ လုံခြုံမှုမရှိသော နေရာထိုင်ခင်း၊ အကြမ်းဖက်မှုများ၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ မူးယစ်ဆေးဝါးပြဿနာ၊ တန်းတူညီမျှမှု၊ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်မရရှိမှု စသည့်ပြဿနာ အခက်အခဲများနှင့် ရင်ဆိုင်နေကြ ရသည်။

 

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရ မြန်မာနိုင်ငံရှိ လူဦးရေ စုစုပေါင်း ၅၁ ဒသမ ၄ သန်းရှိသည့်အနက် အသက် ၁၅ နှစ်မှ ၁၉ နှစ်အရွယ် ၉ ဒသမ ၂၀ ရာခိုင်နှုန်း၊ ၂၀ နှစ်မှ ၂၄ နှစ်အရွယ် ၈ ဒသမ ၆၀ ရာခိုင်နှုန်း၊ ၂၅ နှစ်မှ ၂၉ နှစ်အရွယ် ၈ ဒသမ ၂၅ ရာခိုင်နှုန်း အသက် ၃၀ နှစ်မှ ၃၄ နှစ်အရွယ် ၇ ဒသမ ၇၅ ရာခိုင်နှုန်း ရှိကြောင်း၊ “အလုပ်လုပ်နိုင်သောအရွယ်”ဖြစ်သည့် အသက် ၁၅ နှစ်မှ ၆၄ နှစ်အထိ လူဦးရေအချိုးအစားမှာ ၆၅ ဒသမ၆ ရာခိုင်နှုန်းရှိနေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် “လူဦးရေဆိုင်ရာ” ဆုလာဘ်ကို ရရှိထားခြင်းဖြစ်ပြီး ယင်းအချက်ကို အကျိုးရှိစွာ အသုံးချနိုင်ပါက ဆယ်စုနှစ် နှစ်ခုစာအတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း ပညာရှင်များ၏အဆိုရှိသည်။ တစ်ဖက်တွင်လည်း မိမိတို့နိုင်ငံအနေဖြင့် လူဦးရေဆိုင်ရာ ဆုလာဘ်ကို ရရှိထားသည်ဆိုစေကာမူ ယင်းလူသားအရင်းအမြစ်ကို တန်ဖိုးမြင့်သည့် လူသားအရင်းအမြစ် ဖြစ်လာစေရန် ပြုစုပျိုးထောင်မှုနှင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍတို့တွင် နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှုများကို ရှေးမဆွကပင် ပြုလုပ်ထားခဲ့မှသာ လက်ရှိအချိန်တွင် အသုံးတွင်မည်ဖြစ်ပြီး ယခုကာလ ရင်းနှီး မြှုပ်နှံမှုကမူ အနာဂတ်အတွက်ဖြစ်နိုင်မည်ဖြစ်သည်။

 

နိုင်ငံတော်အနေဖြင့် လူငယ်များကို နိုင်ငံတော်၏ အဖိုးတန် အရင်းအမြစ်များဖြစ်သည်ကို လည်းကောင်း၊ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးတွက် မျက်မှောက်ကာလတွင် ရင်းနှီးမြှုပ်နှံခြင်းပြုရန် အလွန် အရေးကြီးပြီး အခြေခံလည်းကျသည်ကိုလည်းကောင်း အသိအမှတ်ပြုကာ လူငယ်ရေးရာ မူဝါဒကိုရေးဆွဲ၍ ၂၀၀၇ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ပြဋ္ဌာန်းထားခဲ့ပြီး ဖြစ်သည်။ လူငယ်မူဝါဒအရ ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးနှင့် အခြားသော ဘေးဖြစ်စေတတ်သည့် အန္တရာယ်များ၊ အားကစားနှင့် အပန်းဖြေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း စီးပွားရေး၊ နိုင်ငံရေး၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှု၊ သုတေသန၊ သိပ္ပံနှင့် နည်းပညာ၊ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု၊ သယံဇာတ သုံးစွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေး ဘဝလုံခြုံရေး၊ ကျား၊ မညီမျှမှု၊ လူ့အခွင့်အရေး နိုင်ငံတကာဆက်ဆံရေး စသည့် အဓိကကဏ္ဍများတွင် အကောင်အထည်ဖော်သွားရန် ပြဋ္ဌာန်း ထားသည်ကို တွေ့ရသည်။

 

ယနေ့လူငယ်များသည် နိုင်ငံ့အနာဂတ်အတွက် အင်အားများဖြစ်သည့်အလျောက် ယနေ့ယခု ပြုစုပျိုးထောင်မှသာ အနာဂတ်တွင် အရည်အသွေးပြည့်ဝသော အင်အားများကို ရရှိနိုင်မည်ဖြစ်သည်။ လူငယ်များအတွက် သတင်းအချက်အလက်များရယူနိုင်သော၊ အနု ပညာ၊ အားကစားနှင့် လူငယ်ရေးရာများဆောင်ရွက်နိုင်သော၊ လူငယ်များအချင်းချင်း ထိတွေ့ဆက်ဆံသင်ယူနိုင်သော လူငယ်စင်တာများ မြို့ရွာအသီးသီးတွင် ပေါ်ပေါက်လာစေရေးသည် အခြေခံအကျဆုံး လိုအပ်ချက်ဟု ရှုမြင်မိပါကြောင်း။ ။

 

မြန်မာ့အလင်း