လူငယ်နှင့် ဒီမိုကရေစီ

နိုင်ငံ၏အနာဂတ်သည် လူငယ်တို့ လက်ထဲတွင်ရှိသည်၊ လူငယ်တို့၏ စွမ်းအား အားမာန်တို့ဖြင့်သာ ဟူသော ကြွေးကြော်သံများကို နှစ်ပေါင်းများစွာ ကြားနာခဲ့ရသော်လည်း လူငယ်တို့ကို အမှန်တကယ် အင်အားရှိအောင် ပျိုးထောင်သည့် အစီအမံများကိုဖြင့် ခိုင်ခိုင်မာမာ တွေ့ရခြင်းမရှိသေးသည်မှာ အမှန်။

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ဦးဆောင်မှုအခန်းကဏ္ဍ၌ လူငယ်လူရွယ်တို့၏ ပါဝင်အားထုတ်မှုကို ထင်ထင်ရှားရှားတွေ့ရပြီး ဖြစ်ထွန်းအောင်မြင်ခဲ့မှုများကလည်း မှတ်တိုင်ကြီးများ ဝင့်ဝင့်ကြွား စိုက်ထူထားသည်မှာ အထင်အရှားပါပေ။

သို့သော်၊ လွတ်လပ်ရေးရပြီး ကိုယ့်မင်းကိုယ်ချင်းရပ်တည် ရုန်းကန်ကာ နှစ်ရှည်လျားစွာ ဖြတ်သန်းခဲ့ပြီးသည့်နောက်တွင် နိုင်ငံရေး မတည်ငြိမ်မှု၊ အုပ်ချုပ်ရေးစနစ် အလွဲများကြောင့် ၂၁ ရာစု မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံး၊ အဆင်းရဲဆုံး နိုင်ငံတစ်ခုအဖြစ် ကမ္ဘာအလယ်တွင် ထင်ရှားကျော်ကြား လူသိများခဲ့ရပါသည်။

ထိုသို့သော စနစ်မှားများကြောင့် အဆင်းရဲဆုံးနိုင်ငံ၊ ဆင်းရဲလှသော ပြည်သူလူထု၊ မဖွံ့ဖြိုးမတိုးတက်မှု တို့နှင့်အတူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အစရှိသော နယ်ပယ်အသီးသီးတို့တွင်သာမက မျိုးဆက်သစ်တို့၏ အနာဂတ်ကိုပါ ဖျက်ဆီးချိုးနှိမ် ခံခဲ့ကြရပေသည်။

ဆန်းပြားလိုမှုများ၊ ခေတ်မီတိုးတက်လိုမှုများ၊ ကမ္ဘာကိုရင်ပေါင်တန်း လိုမှုများ၊ ဖန်တီးသစ်လွင်လိုမှုများ ဆီသို့ အရှိန်ယူ ခြေလှမ်းပြင်လာကြသော စာပေ၊ ဂီတ၊ ရုပ်ရှင်၊ အားကစား၊ နည်းပညာ၊ အတတ်ပညာ၊ အသိပညာ၊ စက်မှုလက်မှု စသည့်စသည့် နယ်ပယ်အသီးသီးမှ မျိုးဆက်သစ် လူငယ်များကို နည်းမျိုးစုံဖြင့် တစ်စတစ်စ ဟန့်တား၊ ပိတ်ပင်ကာဆီး လာခဲ့၏။

နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်တစ်ခုကို အတ္တနှင့် ကိုယ်ကျိုးစီးပွားပေါ် အခြေခံ၍လည်းကောင်း၊ အာဃာတများကို အခြေခံ၍လည်းကောင်း တည်ဆောက်ရန် ကြံစည်ခဲ့ခြင်း၏ အမှားများကြောင့်ဟု ဆန်းစစ်မိပါသည်။

တောင်တန်းမြေပြန့် ဒေသအသီးသီးသည်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးစု အားလုံးတို့သည် လည်းကောင်း၊ လူကြီး လူလတ် လူငယ် ကလေး မခွဲ၊ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရှိရှိသမျှသော အာဏာမဲ့ ပြည်သူတိုင်း ထိုထိုသောဒဏ်အပေါင်းကို နင့်နင့်သည်းသည်း ခံခဲ့ကြရလေသည်။

သည်ကာလအတွင်း မွေးဖွားခဲ့သော ကလေးငယ်များ လူငယ်များအဖို့ကား ၎င်းတို့၏ ဘဝတစ်သက်တာလုံး ခံစားခဲ့ကြရသည်ဟု ဆိုရပေမည်။ အင်အားအရှိဆုံး၊ စိတ်ကူးဉာဏ်များ ကွန့်မြူးဆန်းသစ်ဖို အကောင်းဆုံး၊ အလန်းဆန်းဆုံး အတက်ကြွဆုံး၊ ကိုယ်ကျိုးစီးပွားထက် အများအတွက် ဆိုသည်ကို ပိုမိုစိတ်အဝင်စားဆုံး အရွယ်များဖြစ်သည့် လူငယ်များသည် မလှုပ်သာ မလူးသာသော အမှောင်ထုထဲတွင်၊ ဆန်းသစ် ခွင့်မရနိုင်သော အမှောင်ထုထဲတွင်၊ သို့မဟုတ် မိမိတို့ သိဖူး ကြုံဖူးသလောက် အသိအတွေ့အကြုံပေါ် သက်သက်တွင် အခြေခံ၍ အသစ်ဖော်ထုတ်မှုကို ကာထား တွန်းထားလိုသည့် အစဉ်အလာသမားတို့၏ ပညာအမှောင်ထုထဲတွင်၊ သို့မဟုတ် လူငယ်တို့ ထွန်းပေါက်ဖြစ်မြောက်လာမည်ကို အမှန်ပင်အစိုးရိမ်ကြီး စိုးရိမ်နေကြသည့် အမိုးအကာအမှောင်ထုကြီးများ အောက်တွင် လူငယ်တို့ ကြုံလှီနေခဲ့ကြရသည်။

အချို့က လောင်းရိပ်ကြီးများအောက်ရောက်ရ၍၊ အချို့က အညွန့်ချိုး ခံရ၍၊ အချို့က ရေမရ နေမရ လေမရ၍၊ အချို့က အမြစ်ကနုတ် အပင် မျိုးဖြုတ် သုတ်သင်ခံကြရ၍။

ယခု... ပြောင်းလဲကြမည်၊ ပြောင်းလဲမှ ဖြစ်တော့မည်ဟူသည့် မူကို ယုံကြည်ကြသည်ဆိုလျှင် ထိုထိုဤသော နယ်ပယ်စုံ ဒေသစုံက လူငယ်များကို အားပေးကြမည်ဟူသည့် ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချမှတ်ကြဖို့လိုပါမည်။ ဆုံးဖြတ်ချက် ချမှတ်ထားသည့်အတိုင်း အမှန်တကယ် လိုက်နာ ကြိုးစားအားထုတ်ကြရန်လည်း လိုပါမည်။

လူငယ်များ နှစ်ပေါင်းများစွာ အညွန့်ချိုးခံခဲ့ရသည် ဆိုတာကို အမှန်အတိုင်း လက်ခံကြည့်မြင်ဖို့လိုပါမည်။ သည်လိုအခြေအနေကို ပြောင်းလဲတော်လှန်ကြရန် လိုအပ်သည်ဆိုခြင်းကိုလည်း မှန်မှန်ကန်ကန် သုံးသပ်ကြဖို့ လိုပါမည်။

လူငယ်များ မျိုးဆက်သစ်များဆိုသည်က အတွေ့အကြုံနုနယ်သည် ဆိုခြင်းမှာ မှန်ပါ၏။ သို့သော်လည်း အတွေ့အကြုံဆိုသည်မှာ သည်လိုပဲ ရင်ဆိုင်ရင်း အလုပ်လုပ်ရင်း ကျော်လွှားရင်း ရင့်ကျက်လာကြရသည် မဟုတ်ပါလား။

အရေးကြီးသည်က လူငယ်များကို နေရာပေးရေးသည် နိုင်ငံအတွက် အစစ်အမှန် လိုအပ်ချက်ဖြစ်သည် ဟုခံယူထားကြဖို့ပဲ ဖြစ်သည်ဟု ယူဆပါသည်။ ယနေ့ ဒီမိုကရေစီခေတ် လူကြီးများ သည်လိုပဲ ခံယူကြမည် ဟုလည်း မျှော်လင့်ပါသည်။ ဤသည်က နိုင်ငံရေး စီးပွားရေး ကဏ္ဍများသာမဟုတ်ဘဲ ယဉ်ကျေးမှု စာပေ ဂီတ ရုပ်ရှင် စသည့် သုခုမ အနုပညာ၊ နည်းပညာ၊ အတတ်ပညာ၊ စက်မှုလက်မှု အစစသော နယ်စုံပယ်စုံတွင် လူငယ်များကို မည်သို့မည်ပုံ တာဝန်ပေးကြမည်ဆိုသည်ကို အလေးအနက်ထား ပြင်ဆင်ကြရန် လိုအပ်သည်ဟု ယုံကြည်ပါကြောင်း တင်ပြလိုက် ရပါသည်။ ။