လူငယ်နှင့်ကျင့်ဝတ်

မိမိုးအေး(ဘားအံတက္ကသိုလ်)

 

လူငယ်ဆိုတဲ့ ဝေါဟာရကို ပါဠိစာပေတွေမှာတော့ “ယုဝ” လို့ ဆိုပါတယ်။ ပါဠိဝေါဟာရ “ယုဝ” ရဲ့ အဓိပ္ပာယ်ကို “ပျိုမျစ်နုနယ်သူ၊ ငယ်ရွယ်သူ၊ ပဌမအရွယ်၌တည်သူ၊ အရွယ်ရောက်၍ အားအစွမ်းနှင့် ပြည့်စုံသူ” လို့ ဖွင့်ဆို ထားကြပါတယ်။ ပဌမအရွယ်၌ တည်သူဆိုတာကို “၁၆ နှစ်မှ ၂ဝ နှစ်ရှိသူ”လို့ ဆိုပါတယ်။ အဋ္ဌကထာတွေ မှာတော့ ၁၆ နှစ်မှ ၃၃ နှစ်အထိ အသက်ရှိသူလို့ ဖွင့်ဆို ထားကြပါတယ်။ ဒီဖွင့်ဆိုချက်တွေထဲမှာ “အရွယ်ရောက်၍ အားအစွမ်းနှင့် ပြည့်စုံသူ” ဆိုတဲ့ ဖွင့်ဆိုချက်ကတော့ လူငယ်ရဲ့ အဓိပ္ပာယ်ကို ပိုပြီးပေါ်လွင်စေပါတယ်။

 

ကျွန်မရဲ့ လုပ်ငန်းသဘာဝအရ ပထမအရွယ်တွေဖြစ်တဲ့ ဒီလူငယ်တွေနဲ့ နေ့စဉ်နေ့တိုင်းမှာ ထိတွေ့ဆက်ဆံ နေရသူဖြစ်ပါတယ်။ ကျွန်မထိတွေ့နေရတဲ့သူတွေဟာ အရွယ်ရောက်ပြီး စွမ်းအားတွေနဲ့ ပြည့်စုံတဲ့သူတွေပါ။ နေ့စဉ်နဲ့အမျှ ထိတွေ့ဆက်ဆံရတဲ့အတွက် သူတို့တွေရဲ့ အားသာချက်၊ အားနည်းချက်တွေကိုလည်း စိတ်ဝင်တစား စောင့်ကြည့်လေ့ရှိပါတယ်။ အားသာချက်ရှိတဲ့သူကို ပိုပြီး တိုးတက်အောင်မြင်အောင် ပံ့ပိုးဆောင်ရွက်ပေးရသလို အားနည်းချက် ရှိတဲ့သူတွေကိုလည်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီး ဆွဲခေါ်ရပါတယ်။ သူတို့လုပ်နိုင်မယ့် အခြေအနေကောင်းတွေ၊ အခွင့်အရေး ကောင်းတွေကို ဖန်တီးပေးမယ်ဆိုရင် သူတို့လည်း အများနဲ့တန်းတူ ဖြစ်လာနိုင်ပါတယ်။

 

အနာဂတ်အတွက် လက်ရှိပစ္စုပ္ပန်အချိန်ဟာ သူတို့အတွက် အကောင်းဆုံး ကြိုးစားအားထုတ်ရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ငယ်ရွယ်တဲ့အလျောက် လက်တည့်စမ်းချင်တဲ့ ကိစ္စတွေကလည်း သူတို့မှာ ရှိနေကြမှာပါ။ အဲဒီအထဲမှာ သူတို့အတွက် ကောင်းတာတွေပါနိုင်သလို ဆိုးရွားတဲ့အခြေအနေတစ်ရပ်ကို ရောက်သွားနိုင်တဲ့ကိစ္စတွေလည်း ရှိနေမှာပါ။ လူငယ်တွေပီပီ အရာရာမှာ တက်ကြွတယ်။ ဖျတ်လတ်တယ်။ ရဲရင့်တယ်။ စူးစမ်းတတ်တယ်။ အတွေးအခေါ် ကောင်းတွေရှိတယ်။ ဖန်တီးနိုင်စွမ်း တွေရှိတယ်။ ထိုးဖောက်နိုင်တယ်။ လက်ရှိစီးပွားရေးလုပ်ငန်းနဲ့ အဖွဲ့အစည်းတော်တော်များများမှာ လူငယ်အများစု ဦးဆောင်နေတာက သာဓကပြစရာပါပဲ။ ဒါတွေဟာ သူတို့ရဲ့ အားသာချက်တွေပါပဲ။

 

 

သို့သော်လည်းပဲ တချို့ တချို့သော လူငယ်တွေကတော့ သူတို့ရဲ့ စွမ်းအားတွေကို အသုံးမချတာတွေ ရှိသလို နေရာမှားပြီး အသုံးချနေတာတွေကိုလည်း ကျွန်မတို့ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရပါတယ်။ ဒီလိုလူငယ်တွေကိုလည်း ကျွန်မတို့က လျစ်လျူရှုထားလို့ မရပြန်ဘူး။ ဒီလူငယ်တွေအတွက် ကျွန်မတတ်နိုင်တဲ့ဘက်က လုပ်ပေးနိုင်တာကို လုပ်ပေးချင်မိပါတယ်။ အဲဒါကတော့ ဗုဒ္ဓရဲ့ အကြံပြုချက်၊ လမ်းညွှန်ချက်တွေထဲက တချို့ကို သူတို့အတွက် ပြောပြချင်ပါတယ်။ ဗုဒ္ဓဟောကြားခဲ့တဲ့ ဓမ္မပဒ ဂါထာထဲက ကျင့်ဝတ်တွေဟာ လူတိုင်းလိုက်နာပြီး လက်တွေ့ကျင့်သုံးရင် အကျိုးများလှပါတယ်။ ဒီနေရာမှာတော့ လူငယ်တွေအတွက် အထူးပြုချင်တာကြောင့် လူငယ်တွေနဲ့ သင့်တော်တာတွေကို ရွေးပြီး အကြံပြုချင်ပါတယ်။

 

စိတ်ပါလက်ပါ ပြုလုပ်ပါ

 

ဓမ္မပဒဂါထာ နံပါတ် ၁ မှာ ဗုဒ္ဓက “မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာမနောမယာ”လို့ လမ်းညွှန်ထားပါတယ်။ “စိတ်ကသာ အရာရာကို ဦးဆောင်တယ်။ စိတ်ကသာ အကြီးအမှူးဖြစ်တယ်။ စိတ်ကသာ အရာရာကို ပြီးမြောက် အောင်မြင်စေတယ်” လို့ ဆိုလိုတာဖြစ်ပါတယ်။ စိတ်ရဲ့ စွမ်းအားက အရာရာကို ခြယ်လှယ်စိုးမိုးနေတာပါ။ ကောင်းတာကို လုပ်တာရော၊ မကောင်းတာကို လုပ်တာရော စိတ်ကပဲစေခိုင်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မကောင်းမှုပြုလုပ်ဖို့ စေခိုင်းနေတဲ့စိတ်ကို အနိုင်ယူပြီး ကောင်းတာတွေကို လုပ်တဲ့အခါမှာ စိတ်ပါလက်ပါ ပြုလုပ်ဖို့ အရေးကြီးပါတယ်။ စိတ်ဝင်တစား လုပ်တဲ့အလုပ်က ရလဒ်ကောင်းကို ရမှာဖြစ်ပါတယ်။ ပညာသင်ကြားနေကြတဲ့ လူငယ်တွေအဖို့ လေ့လာသင်ယူနေတဲ့ ဘာသာရပ်တွေကို စိတ်ဝင်စားစွာ လေ့လာဆည်းပူးဖို့ လိုအပ်ပါတယ်။ ဒီလိုပဲ လက်တွေ့ဘဝထဲ ရောက်နေတဲ့ လူငယ်တွေကလည်း ကိုယ့်ဘဝတိုးတက်ဖို့ လုပ်ကိုင် ဆောင်ရွက်တဲ့အခါမှာ စိတ်ပါလက်ပါ ပြုလုပ်ရမှာပါ။

 

မထိခိုက်စေဘဲ ဆောင်ရွက်ပါ

 

ကိုယ်လိုချင်တာ တစ်ခုရဖို့၊ ကိုယ်အောင်မြင်ဖို့အတွက် လုပ်ကိုင်တဲ့အခါမှာ သူများကို ထိခိုက်လို့မရပါဘူး။ ဒါကို သေသေချာချာ လိုက်နာဖို့ လိုအပ်ပါတယ်။ ဗုဒ္ဓက “ယထာပိ ဘမရော ပုပ္ဖံ၊ ဝဏ္ဏဂန္ဓမ ဟေဌယံ” လို့ ပျားပိတုန်းနဲ့ ဥပမာ ပေးထားပါတယ်။ ပြောချင်တာက ပျားဟာ ပန်းရဲ့ အလှ၊ ပန်းရဲ့ အဆင်းအနံ့ ဘာတစ်ခုမျှ မပျက်စီးစေဘဲ ပန်းဝတ်ရည်ကို စုပ်ယူလေ့ရှိပါတယ်။ ဒီလိုပဲ လူငယ်တွေလည်း ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခုမှာ ဘယ်သူ့ကိုမှ မနစ်နာစေဖို့ သတိပြုရပါမယ်။ ကိုယ်ထိပ်ဆုံးကို ရောက်ဖို့၊ ကိုယ်အောင်မြင်ဖို့အတွက် တခြားတစ်ယောက်ကို နင်းပြီး လုပ်တာမျိုးကို အထူးပဲ ရှောင်ရှားဖို့လိုပါတယ်။ ဆိုချင်တာကတော့ ကိုယ်ချင်းစာတတ်ဖို့ပါပဲ။ သူတစ်ပါးကို မထိခိုက်စေဘဲ လုပ်ကိုင်ဆောင်ရွက်တာဟာ ကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်ပါ အကျိုးရှိစေပါတယ်။

 

မိမိကိုယ်ကို ဆန်းစစ်ပါ

 

ကိုယ့်ကိုယ်ကို ဆန်းစစ်ဖို့ကလည်း လူငယ်တွေအတွက် အထူးလိုအပ်ပါတယ်။ ဒါကို ဗုဒ္ဓက “အတ္တနောဝ အဝေက္ခယျ၊ ကတာနိ အကတာနိ - မိမိ၏ ကောင်းမှု၊ မကောင်းမှု ပြုမပြုကိုသာ ဆင်ခြင်ရာ၏” လို့ ဆုံးမထား ပါတယ်။ သူများရဲ့ မလျော်ကန်တဲ့ အလုပ်တွေကို ကြည့်ပြီး ဝေဖန်နေစရာမလိုဘူး။ ကိုယ်ကိုယ်တိုင်က ကောင်းတာကို လုပ်နေသလား၊ မကောင်းတာကို လုပ်နေသလားဆိုတာကိုပဲ ဆန်းစစ်ဝေဖန်ရမှာ ဖြစ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ လုပ်သင့်တာ လုပ်နေသလား၊ မလုပ်သင့်တာ လုပ်နေသလားဆိုတာ ကိုယ်တိုင်ဆန်းစစ်ဖို့လိုပါတယ်။ မလုပ်သင့်တာကို လုပ်မိနေတယ်လို့ သိရင် မလုပ်မိဖို့ မိမိကိုယ်ကို စောင့်ထိန်း ရပါမယ်။ အများအားဖြင့် လူတွေက ကိုယ့်အကြောင်းထက် သူများအကြောင်းကို စိတ်ဝင်စားတတ်ကြတယ်။ ဒါကြောင့် ဗုဒ္ဓက “ မိမိရဲ့ ကောင်းမှု၊ မကောင်းမှု ပြု၊ မပြုကိုသာ ဆင်ခြင် ပါ”လို့ ဆုံးမခဲ့တာ ဖြစ်ပါတယ်။

 

မှတ်သားလိုက်နာကျင့်သုံးပါ

 

လူငယ်တွေအနေနဲ့ ကိုယ့်အကျိုးကို လိုလားတဲ့ မိဘ ဆရာသမားတွေရဲ့ ဆုံးမလမ်းညွှန်မှုတွေကို လိုက်နာကျင့်သုံးဖို့ကိုလည်း ဗုဒ္ဓက “သုဘာသိတာ ဝါစာ၊ အဖလာ ဟောတိ အကုဗ္ဗတော” ဆိုပြီး ပန်းတွေနဲ့ ဥပမာပေး လမ်းညွှန်ခဲ့ပါတယ်။ ကိုယ့်အကျိုးအတွက် လမ်းညွှန်မှုတွေကို လိုက်နာခြင်း၊ ကျင့်သုံးခြင်း မရှိတဲ့သူတွေဟာ အဆင်းပဲရှိပြီး အနံ့မရှိတဲ့ ပေါက်ပွင့်လိုဖြစ်ပြီး လူတွေရဲ့ နှစ်သက် မြတ်နိုးမှုကို မခံရဘူးလို့ ပြောချင်တာပါ။ လူကောင်း လူတော်များဖြစ်စေဖို့ မိဘဆရာသမားများက ဆုံးမသွန်သင်တာကို လက်ခံပြီး လိုက်နာကျင့်သုံးဖို့ အရေးကြီးပါတယ်။ လိုက်နာကျင့်သုံးတဲ့သူဟာ အဆင်းရောအချင်းပါ ပြည့်စုံတဲ့ နှင်းဆီ၊ စံပယ်စတဲ့ပန်းတွေနဲ့ တူပါတယ်။ လက်တွေ့ဘဝမှာ ကိုယ်တိုင်လှုပ်ရှား ရုန်းကန်ရတဲ့အခါမှာမှ ဆုံးမသွန်သင်မှုတွေရဲ့ တန်ဖိုးကိုသိလာမှာပါ။ ဒါကြောင့် ကြီးပွားတိုးတက်ဖို့ ကြိုးစားနေတဲ့ လူငယ်တိုင်း ဆုံးမပဲ့ပြင်သွန်သင်မှုကို လေးလေးစားစားလိုက်နာဖို့ အရေးကြီးပါတယ်။

 

အသေးငယ်ဆုံးအရာမှ စတင်ပါ

 

ဗုဒ္ဓက “ဥဒဗိန္ဒု နိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ - ရေစက် ရေပေါက် ကျဖန်များသဖြင့် ရေအိုးသည်လည်း ပြည့်ရ၏”လို့ ဆိုထားပါတယ်။ လူငယ်တွေအနေနဲ့ လုပ်ကိုင်ဆောင်ရွက်ကြရာမှာ ဘယ်အရာကိုပဲဖြစ်ဖြစ် သေးငယ်လွန်းပါတယ်။ ငါတို့ အထူးတလည် မှတ်သားစရာ မလိုဘူးလို့ မယူဆဖို့ အရေးကြီးပါတယ်။ “လေးစားအပ်သော မည်သည့်အလုပ်၌မဆို ရုတ်ခြည်း ပညာရှိလုပ်၍ မရချေ”လို့ ဆရာဇော်ဂျီက ဆိုခဲ့ပါတယ်။ ဘယ်ကိစ္စပဲဖြစ်ဖြစ် သေးငယ်တဲ့၊ အခြေခံကျတဲ့ အချက်တွေကို အလေးထား ဂရုပြုဖို့အရေးကြီးကြောင်း လမ်းညွှန်ထားတာ ဖြစ်ပါတယ်။ ဘယ်အလုပ်ပဲဖြစ်ဖြစ် အသေးငယ်ဆုံးကနေပဲ စတင်ကြရတာကြောင့် အနာဂတ်အတွက် ကြိုးစားနေတဲ့ လူငယ်တွေလည်း ဒီအချက်ကို သတိထားရမှာ ဖြစ်ပါတယ်။

 

မိမိကိုယ်ကို အားကိုးပါ

 

“အတ္တာဟိ အတ္တနော နာထော - မိမိသာလျှင် မိမိ၏ အားကိုးရာအစစ်” ဖြစ်တယ်လို့ ဆိုပါတယ်။ ဗုဒ္ဓက အောင်မြင်မှုဆိုတာ ကြိုးစားအားထုတ်နေသူတွေရဲ့ လက်ထဲမှာပဲရှိတယ်လို့ အတိအလင်း မိန့်ဆိုထား

 

ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးဖို့ ဖြစ်ပါတယ်။ ဒါဟာ “လူသာလျှင် ပဓာန”လို့ ဆိုလိုတာပဲဖြစ်ပါတယ်။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ကိုယ်တိုင်ကြိုးစား အားထုတ်ရမှာပါ။ သူများကိုမှီခိုပြီး အောင်မြင်မှုရခဲ့ရင်လည်း တာရှည်မခံနိုင်ပါဘူး။ ပညာဆည်းပူးနေကြတဲ့ လူငယ်တွေအနေနဲ့ ကိုယ်တိုင်ပဲ ကြိုးစားအားထုတ်ရမှာပါ။ ဆရာကတော့ သင်ပြပေးတာ၊ လမ်းညွှန်ပေးတာတွေပဲ လုပ်ပေးနိုင်မှာပါ။ “ငါလုပ်ရင် အောင်မြင်ရမယ်” ဆိုတဲ့ ယုံကြည်ချက်ရှိပြီး ကိုယ်ဆောင်ရွက်ရမယ့်ကိစ္စတွေကို ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။

 

အခုပြောခဲ့တဲ့ ကျင့်ဝတ်တွေဟာ ဗုဒ္ဓလမ်းညွှန်ချက်တွေအများကြီးထဲက နည်းနည်းကိုပဲ ပြောထားတာပါ။ လူငယ်တွေအနေနဲ့ အောင်မြင်တိုးတက်ဖို့ ဆောင်ရွက်တဲ့အခါ လိုက်နာပြီး လက်တွေ့အသုံးချစေလိုပါတယ်။

 

လူငယ်တွေနဲ့ ကျွန်မတို့ လူကြီးတွေ ကြားမှာတော့ အမြင်မတူတာတွေ၊ သဘောထား ကွဲလွဲတာတွေဟာ အနည်းနဲ့အများရှိနေဦးမှာပါပဲ။ တကယ်တော့ သဘောထား မတိုက်ဆိုင်ကြတာဟာ လူငယ်နဲ့ လူကြီးကြားမှာမှ မဟုတ်ပါဘူး။ လူနှစ်ယောက်ကြားမှာလည်း ဖြစ်တတ်ပါတယ်။ အသက်အရွယ်၊ အတွေ့အကြုံ၊ ဖြတ်သန်းကြီးပြင်းခဲ့ရာ ကာလတွေမတူတာကြောင့် တချို့နေရာတွေမှာ အယူအဆချင်း တူညီနိုင်မှာ မဟုတ်ပါဘူး။

 

အထူးသဖြင့် လူငယ်လို့သတ်မှတ်ထားတဲ့ ဒီအရွယ်တွေနဲ့ နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့ ကျွန်မတို့လို ဆရာတွေ အကြားမှာ ဒါဟာကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။ ပညာသင်ကြားနေတဲ့ ရပ်ဝန်းမှာ ကျင့်ဝတ်မသိ၊ စည်းကမ်းမရှိ၊ ဘယ်လိုလုပ်ရပ်မျိုးဟာ ဂါရဝတရား ဖြစ်တယ်၊ ဘယ်လိုအပြုအမူမျိုးဟာ အဂါရဝတရား ဖြစ်တယ်။ လုပ်သင့်သလား၊ မလုပ်သင့်ဘူးလားဆိုတာကို ပညာနဲ့မခွဲခြားဘဲ စဉ်းစားဆင်ခြင်တုံတရား မရှိ ပြုမူပြောဆိုကြတဲ့ တချို့လူငယ်တွေကို တွေ့မြင်နေရတာ တော်တော်လေး ဝမ်းနည်းစရာကောင်းလှပါတယ်။

 

ဆရာနဲ့တပည့်ဖြစ်နေတဲ့အတွက် ဒီလိုလူငယ်တွေကို လွယ်လွယ်နဲ့ လျစ်လျူရှုလိုက်ဖို့ ကျွန်မတို့ရဲ့ဆရာဆိုတဲ့ စိတ်က ခွင့်မပြုပါဘူး။ ကျွန်မတို့ကမှ ဖယ်လိုက်ရင်၊ လျစ်လျူရှုလိုက်ရင် သူတို့အတွက် ခက်ခဲသွားမှာပါ။ လူငယ်တွေဘက်ကလည်း ကိုယ့်ရဲ့ အပြောအဆိုအပြုအမူ မှားလို့ ထောက်ပြလာရင် ပြုပြင်ဖို့လိုအပ်ပါတယ်။ တစ်ခါတလေမှာ သူတို့ဘက်ကလည်း မှန်တယ်ထင်တဲ့ ကိစ္စတွေကို ပြောလို့ရပါတယ်။ ပြောခွင့်လည်းရှိပါတယ်။ ဒါပေမယ့် ပြောနေတဲ့အချိန်မှာ ကိုယ့်ရဲ့ ကိုယ်အမူအရာ၊ လေသံ၊ စကားလုံးရွေးချယ်မှုတွေဟာ အတော်အရေးကြီးပါတယ်။ မယဉ်ကျေးတဲ့ ကိုယ်အမူအရာ၊ လေသံနဲ့ စကားလုံးတွေဟာ ကိစ္စတစ်ခုကို မပြေလည်စေတဲ့အပြင် အပျက်သဘော ဆောင်သွားနိုင်ပါတယ်။

 

ကျင့်ဝတ်တွေကိုလိုက်နာဖို့ ကျွန်မတို့သင်ရိုးညွှန်းတမ်း တွေထဲမှာမပါဝင်ပေမယ့် သိပြီး ကျင့်သုံးရမှာဖြစ်ပါတယ်။ ကျင့်ဝတ်ကောင်းတွေကို အခြေခံကျောင်းတွေမှာကတည်း လေ့ကျင့်ပျိုးထောင်ပေးတာဟာ Hidden Education ဖြစ်တယ်လို့ ကျွန်မမှတ်သားဖူးပါတယ်။ လူငယ်တွေအနေနဲ့ အသက်ရှင်ရပ်တည် နေထိုင်နိုင်ဖို့အ တတ်ပညာတွေကို သင်ယူရင်း အမှားအမှန် ခွဲခြားနိုင်ဖို့၊ အသိပညာကိုလည်း လေ့ကျင့်ပျိုးထောင်ပေးဖို့လိုပါတယ်။ ကျင့်ဝတ်ကောင်းတွေ ရှိပါမှ စည်းကမ်းရှိတဲ့ လူ့အဖွဲ့အစည်း၊ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းဖြစ်လာမှာပါ။

 

ကျွန်မတို့နဲ့ အယူအဆမတူတိုင်း၊ အမြင်မတူတိုင်း သူတို့မှားနေတယ်လို့လည်း ပြောလို့မရပါဘူး။ မတူညီတဲ့အမြင်၊ မတူညီတဲ့သဘောထားတွေကို နှစ်ဦးနှစ်ဖက် ဖြေရှင်းရပါမယ်။ လူငယ်တွေအနေနဲ့ ဒီလိုဖြေရှင်းတဲ့အခါမှာ နည်းလမ်းမှန်ကန်ဖို့ အရေးကြီးပါတယ်။ ကိုယ်ပြောချင်တဲ့အကြောင်းအရာဟာ မှန်ကန်တိကျနေဖို့ လိုအပ်ပါတယ်။ ကိုယ်ပြောတဲ့လေသံ၊ ဟန်ပန်အမူအရာနဲ့ စကားလုံးက ပျော့ပျောင်းနေဖို့ အရေးကြီးပါတယ်။ ဒါမှလည်း အပြုသဘောဆောင်တဲ့ ရလဒ်ကောင်းကို ရရှိမှာ ဖြစ်ပါတယ်။

 

ကျွန်မတို့နိုင်ငံရဲ့ သမိုင်းတစ်လျှောက် ခေတ်အဆက်ဆက် အရေးကြီးတဲ့ အပြောင်းအလဲတွေမှာ အဲဒီခေတ်မှာရှိခဲ့တဲ့ လူငယ်တွေရဲ့ လှုပ်ရှားမှုတွေက အဓိကအခန်း ကဏ္ဍကနေ ပါဝင်ခဲ့ကြတာကလည်း အဖြစ်မှန်တွေပါပဲ။ ဒီနေ့ခေတ်လူငယ်တွေအနေနဲ့ အတိတ်ကဖြစ်ရပ်တွေကို သေသေချာချာ ဂဃနဏ သိထားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း အတိတ်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို အခြေခံပြီး ပစ္စုပ္ပန်မှာ အကောင်းဆုံး ဆောင်ရွက်နိုင်မှာပါ။ ပစ္စုပ္ပန်ကောင်းမှလည်း အနာဂတ်ဟာ လှပမှာပါ။ လူငယ် တစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကိုယ်သိဖို့၊ အဲဒီတာဝန်ကို ယူတတ်ဖို့၊ အောင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။

 

အရွယ်ရောက်ပြီး အားအစွမ်းနဲ့ ပြည့်စုံသူများ ဖြစ်ကြတဲ့ လူငယ်တွေအားလုံး ကျင့်ဝတ်ကောင်းတွေနဲ့ ပြည့်စုံပြီး အရာရာကိုချင့်ချိန်ကာ ဆင်ခြင်တုံတရားနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေ။

 

ကိုယ်ကျင့်တရားကောင်းမွန်ပြီး တတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်တဲ့ လူတော်လူကောင်းများ ဖြစ်ကြပါစေကြောင်း ချစ်ခင်စွာနဲ့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။