လူရည်ချွန်မှသည် အနာဂတ်တိုင်းပြည်ဆီသို့

ဒေါက်တာစိုးဝင်း (စာရင်းအင်းပညာ)

နိုင်ငံတော်၏ လူမှုရေးဦးတည်ချက် တတိယအချက်တွင် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဟူ၍ ချမှတ်ထားရှိပြီး လူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာရေးနှင့် အဆင့်မြင့်ပညာရေးကဏ္ဍ နှစ်ရပ်စလုံးအတွက် ဗလငါးတန်တည်းဟူသော ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလတို့နှင့်ပြည့်စုံသော လူငယ်များပြုစုပျိုးထောင်ရေးကို အဓိကထားဆောင်ရွက်လျက်ရှိပြီး လူရည်ချွန်စီမံကိန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

လူရည်ချွန်စီမံကိန်းကို ၁၉၆၄ ခုနှစ်က စတင်အကောင်အထည်ဖော်ဆောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ နှစ်စဉ်ဆက်တိုက်အကောင်အထည်ဖော်ဆောင်ခဲ့ပါသည်။ ၁၉၈၉ မှစ၍ ယာယီရပ်နားထားခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် “လူရည်ချွန်”အမည်အစား “ဘက်စုံပညာထူးချွန်လူငယ်”စီမံကိန်းအဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် “လူရည်ချွန်” အမည်ဖြင့် ပြန်လည်သုံးနှုန်းအကောင်အထည်ဖော်ခဲ့ကြပါသည်။ သို့ရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပျံ့နှံ့မှုအရ ခေတ္တရပ်နားခဲ့ရပြန်၍ ၂၀၂၂-၂၃ ပညာသင်နှစ်တွင် ပြန်လည်အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

လူရည်ချွန်တစ်ဦးဖြစ်ရန်မှာ လွယ်ကူလှသည်တော့မဟုတ်ကြောင်း ကိုယ်တိုင်ဖြတ်သန်းခဲ့သော အတွေ့အကြုံများအရ သိရှိခဲ့ရပါသည်။ စီးပွားရေးတက္ကသိုလ်တွင် မိမိအနေဖြင့် စာရင်းအင်းပညာဘာသာရပ်များကို ကြိုးစားသင်ယူရင်း စာကြိုးစားမှု၏ရလဒ်အဖြစ် စတုတ္ထနှစ် လူရည်ချွန်ရွေးချယ်ရာတွင် ဝင်ရောက်ဖြေခွင့်ရခဲ့ပါသည်။ မြောက်မြားလှသော အထွေထွေဗဟုသုတမေးခွန်းများကို စုစုပေါင်း ၁၂ ယောက်တိတိ ရေးဖြေပါဝင်ယှဉ်ပြိုင်ကြရင်း ပထမအကြိမ်လူတွေ့စစ်မေးမှုအပြီး ဆန်ခါတင်သုံးဦးတွင် ပါဝင်ခဲ့ရပါသည်။ လူရည်ချွန်ဟူသည် စာတော်ရုံမျှမက ဉာဏဗလအနေဖြင့် ဉာဏ်ပညာစွမ်းအား ဗဟုသုတနှံ့စပ်ကျွမ်းကျင်ရန်လည်း လိုအပ်ကြောင်း မှတ်သားခဲ့ရပါသည်။ ကာယဗလကြံ့ခိုင်မှုအနေဖြင့် အပြေး (တာတို/တာလတ်)၊ အလျားခုန်၊ အိပ်ထမတင်၊ ဒိုက်ထိုး၊ ခါးရှေ့ကုန်းထိစသည်ဖြင့် အမယ်မျိုးစုံ ပါဝင်ယှဉ်ပြိုင်ရင်း ဒုတိယအကြိမ် လူတွေ့စစ်မေးမှုခံယူခဲ့ရပါသည်။ ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ခုဖြစ်သော အ-သုံးလုံးလုပ်အားပေးတွင် ပါဝင်ခဲ့မှုနှင့် နွေရာသီလုပ်အားပေးလုပ်ငန်းများတွင် ပါဝင်ခဲ့မှုများ ကလည်း မိတ္တဗလဖြစ်သော မိတ်ဆွေခင်ပွန်းများ ဖွဲ့စည်းနိုင်မှုစွမ်းအားချဲ့ထွင်နိုင်မှုအပြင် လူရည်ချွန် ဖြစ်လာရေးကို အထောက်အကူပြုခဲ့ပါသည်။ စိတ်ဓာတ်ပြင်းပြမှုနှင့်အတူ ကြိုးစားမှုအရ အမိစီးပွားရေး တက္ကသိုလ်၏ စတုတ္ထနှစ် လူရည်ချွန်အဖြစ် အရွေးချယ်ခံခဲ့ရပြီး ငပလီရွှေဝါချိုင်သို့ ၁၉၈၂ ခုနှစ်တွင် အပန်းဖြေရောက်ခဲ့ရပါသည်။ တက္ကသိုလ်အသီးသီးမှ ပါဝင်လာကြသူများနှင့် မိတ်ဆွေဖွဲ့ရင်း ဗဟုသုတရစရာ၊ မှတ်သားစရာ၊ လေ့လာသင်ယူမှုများနှင့်အတူ အတိတ်ကာလတစ်ခု၏ မြန်မာနှစ်ကူးလတန်ခူးတွင် ပျော်ရွှင်ခဲ့ရပါသည်။

မြန်မာနှစ်ကူးလတန်ခူးသည် နှစ်ဟောင်းကိုစွန့်ခွာ၍ နှစ်သစ်၏ပထမလဖြစ်သည်နှင့်အညီ အတိတ်ကို ရှုမြင်သုံးသပ်ရင်း အနာဂတ်အတွက်ရည်မျှော်လို့ ပစ္စုပ္ပန်ကို အကောင်းဆုံးဖြစ်အောင် အကောင်အထည် ဖော်ကြရပေမည်။ အနာဂတ်တိုင်းပြည်ကို အကောင်းဆုံးပုံဖော်ထုဆစ်မည့် ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်မည့်သူများအတွက် လက်ဆင့်ကမ်းပေးရမည့်နေရာ မိမိရောက်ခဲ့ပြီ။ ဧပြီလ ၂၆ ရက်တွင် စတင်မည့် ၂၀၂၄ လူရည်ချွန်စီမံကိန်းအတွက် တတ်စွမ်းသမျှပါဝင်ဆောင်ရွက်ရပေမည်။ ၂၀၂၄ အတွက် စုပေါင်းစခန်းသည် နေပြည်တော်ဖြစ်၍ နယ်စခန်းများမှာ ပုဂံလူရည်ချွန်စခန်း၊ တောင်ကြီး လူရည်ချွန်စခန်း၊ ငွေဆောင်လူရည်ချွန်စခန်းနှင့် ချောင်းသာလူရည်ချွန်စခန်းတို့ ဖြစ်ကြပါသည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ စုပေါင်းစခန်းဖြစ်သော နေပြည်တော်ဖွင့်ပွဲတွင် လူရည်ချွန်များအတွက် ဗဟုသုတရစရာ၊ ဂုဏ်ယူအားကျစရာ ပြခန်းပြကွက်များဖြင့် ပါဝင်ပြသကြမည်ဖြစ်ပါသည်။

ပညာရေးတွင် အခြေခံနှင့်အဆင့်မြင့်ဟူသော ကဏ္ဍနှစ်ရပ်စလုံးအတွက် လူရည်ချွန်များမွေးထုတ်ပေးခဲ့ရာတွင် အချို့သောလူရည်ချွန်များမှာ အခြေခံတွင် လူရည်ချွန်ဖြစ်ခဲ့ကြသလို အဆင့်မြင့်ပညာအထိလည်း ဆက်လက်ရွေးချယ်ခံခဲ့ရပါသည်။ ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ကဏ္ဍနှစ်ရပ်တွင် အရွေးချယ်ခံရသည့် လူရည်ချွန်အရေအတွက်ကို ကျား-မအလိုက် ပုံ(၁) တွင် တွေ့မြင်နိုင်ပါသည်။

အဆိုပါနှစ်များအတွင်း တစ်ကြိမ်ထက်မကရရှိသူများနှင့် နှစ်စဉ်ဆက်တိုက် (ထပ်ကွမ်း) လူရည်ချွန်များအပါအဝင် နှစ်အလိုက်ရရှိခဲ့သည့် လူရည်ချွန်ဦးရေကို စုပေါင်းရေတွက်ပါက ၇၉၀၈ ဦး ဖြစ်နေပြီး အမှန်တကယ်ရရှိသည့် လူရည်ချွန်အရေအတွက်မှာ ၅၁၆၈ ဦးဖြစ်ပါသည်။ အခြေခံနှင့်အဆင့်မြင့်ကဏ္ဍ နှစ်ရပ်စလုံးတွင် ရွေးချယ်ခံရသူလူရည်ချွန်အရေအတွက်မှာ ၂၂၆ ဦး (ကျား-၁၄၁ ဦး နှင့် မ-၈၅ ဦး) ရှိ၍ ၄.၃၇% ဖြစ်ပါသည်။ တစ်ကြိမ်ထက်မက အရွေးချယ်ခံရသည့် လူရည်ချွန်အရေအတွက်မှာ ၁၆၂၇ ဦးဖြစ်၍ ၎င်းတို့အနက် နှစ်စဉ်ဆက်တိုက် ထပ်ကွမ်းရရှိသူအရေအတွက်မှာ ၁၄၃၉ ဦး ဖြစ်ပြီး ၁၉၆၄-၈၈ လူရည်ချွန်ပေါင်း၏ ၂၇.၈၄% ရှိပါသည်။ အခြေခံနှင့်အဆင့်မြင့်ပညာကဏ္ဍအလိုက် ထပ်ကွမ်းလူရည်ချွန်အရေအတွက်ကို နှစ်စဉ်ဆက်တိုက်(ထပ်ကွမ်း)အရေအတွက်အလိုက် ပုံ(၂) တွင် တွေ့မြင်နိုင်ပါသည်။

အနာဂတ်၏ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်အတွက် လူရည်ချွန်များကို မွေးထုတ်ပေးခဲ့ပါသည်။ ပြီးခဲ့သည့်စီမံကိန်းကာလ ၁၉၆၄-၈၈ ခုနှစ်ကိုကြည့်လျှင် နှစ်ပေါင်း ၃၆ နှစ်မှ ၆၀ နှစ် တိုင်ခဲ့ပေပြီ။ အဆိုပါနှစ်များအတွင်း ရွေးချယ်ခြင်းခံခဲ့ရသည့် လူရည်ချွန်မောင်မယ်များသည် အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့၌ နယ်ပယ်မျိုးစုံ၊ ကဏ္ဍမျိုးစုံတို့၌ပါဝင်ရင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာတာဝန်များကို ထမ်းဆောင်ခဲ့ကြသူများရှိခဲ့ကြသကဲ့သို့ ဗလငါးတန်ပြည့်စုံစွာဖြင့် တိုင်းပြည်နှင့်လူမျိုးအကျိုး၊ လူမှုအကျိုးတို့ကို ပံ့ပိုးဆောင်ရွက်လျက်ရှိသူများလည်း ပါဝင်ပါသည်။ အစိုးရကဏ္ဍကို ကြည့်လျှင် လူရည်ချွန်ရရှိခဲ့သူများအနေဖြင့် နိုင်ငံတာဝန်များကို ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့ပြီးသူများရှိသကဲ့သို့ တိုင်းပြည်တာဝန်ကို လက်ရှိထမ်းဆောင်လျက်ရှိသူများ လည်း ရှိကြပါသည်။ ဝန်ကြီးဌာနအသီးသီးမှ ရနိုင်သမျှစုစည်းရရှိသော အချက်အလက်များအရ ညွှန်ကြားရေးမှူး/ ပါမောက္ခအဆင့်နှင့်အထက် တာဝန်ထမ်းသူအရေအတွက် စုစုပေါင်းမှာ ၂၆၁ ဦးထက်မနည်းရှိခဲ့ပြီး ဘာသာရပ်ဆိုင်ရာ၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ပညာရှင်များမှသည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယသမ္မတရာထူးများအထိ ပါဝင်ခဲ့ကြပါသည်။ ထိုကာလအတွင်း မွေးထုတ်ခဲ့သည့် လူရည်ချွန်ဦးရေ၏ ၅.၀၅% ရှိပါသည်။ အစိုးရကဏ္ဍ၌ ညွှန်ကြားရေးမှူး/ပါမောက္ခအဆင့်နှင့်အထက် တာဝန်ထမ်းဆဲနှင့် တာဝန်ထမ်းခဲ့ကြသူ အရေအတွက်ကို ပုံ (၃) တွင် တွေ့မြင်နိုင်ပါသည်။

ပထမစီမံကိန်းကာလဟု သတ်မှတ်နိုင်သော လူရည်ချွန်စီမံကိန်း ၁၉၆၄-၈၈ တွင် လူရည်ချွန်အဖြစ် အရွေးခံရသူများသည် တိုင်းပြည်၏အနာဂတ်သာယာလှပစေရေး ကြိုးစားဆောင်ရွက်ကြသကဲ့သို့ ဒုတိယစီမံကိန်းကာလဟု သတ်မှတ်နိုင်သော လူရည်ချွန်စီမံကိန်း ၂၀၁၃ နောက်ပိုင်းသည်လည်း ဗလငါးတန်အခြေပြုလျက် လုပ်ငန်းခွင်အသီးသီးသို့ ချင်းနင်းဝင်ရောက်လာခဲ့ကြပေပြီ။ ထပ်ကွမ်းလူရည်ချွန်များသည်လည်း များစွာပေါ်ပေါက်လာခဲ့ပါသည်။ ပထမစီမံကိန်းကာလတွင် လူရည်ချွန်အရွေးချယ်ခံရသူ မိမိသည်ပင် ဒုတိယစီမံကိန်းကာလ လူငယ်ကဏ္ဍလေ့ကျင့်ပျိုးထောင်ရေး၏ လူရည်ချွန် စီမံကိန်းကို အောင်မြင်အောင် ပံ့ပိုးဆောင်ရွက်ရင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ လူရည်ချွန်အဟောင်းတို့၏နေရာတွင် လူရည်ချွန်အသစ်တို့ အစားထိုးဝင်ရောက်ရင်း အနာဂတ်တိုင်းပြည်လှပစေရေးအတွက် ယနေ့လူရည်ချွန်များကလည်း ကြိုးပမ်းဆောင်ရွက်ကြရပေဦးမည်ဖြစ်သည်ဟု ဖော်ပြလိုက်ရပါသည်။ ။