လူရည်ချွန်တစ်ယောက်အနေနဲ့ ထားရှိရမယ့် စိတ်ဓာတ်က အများနဲ့ရောနှောတတ်ရမယ်၊ သည်းခံတတ်ရမယ်၊ ကိုယ့်ရဲ့ ထူးချွန်ထက်မြက်မှုကို နိုင်ငံအတွက် အသုံးချရမယ်လို့မြင်ပါတယ်

၁   မေ

 

ပုဂံလူရည်ချွန်အပန်းဖြေစခန်း၌ ဧပြီ ၂၉ ရက်မှ မေ ၅ ရက်အထိ ၂၀၁၈ ခုနှစ် အဋ္ဌမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူများ စခန်းဝင်ပြီး ပုဂံ၊ ပခုက္ကူနှင့် ပုပ္ပားဒေသရှိ အထင်ကရနေရာများ၊ လူမှုဘဝများ၊ ဒေသန္တရ စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများအား လှည့်လည်လေ့လာရန် ရောက်ရှိလျက်ရှိသည်။

 

အဆိုပါ အပန်းဖြေစခန်းသို့ ဧပြီ ၃၀ ရက် (ယနေ့)နံနက်ပိုင်းက ဟောပြောပွဲ လာရောက်ကျင်းပသည့် ၁၉၄၇ - ၁၉၈၈ လူရည်ချွန်ကြီးများနှင့် အုပ်ချုပ်သူ ဆရာအချို့၏ လူရည်ချွန် အပန်းဖြေစခန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်၊ လူရည်ချွန်များ ထားရှိရမည့် စိတ်ဓာတ်နှင့် ယခင်လူရည်ချွန်ကြီးများ၏ အတွေ့အကြုံများအား တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

 

ဒေါ်ညွန့်ယဉ်ဝင်း

 

အလုပ်အမှုဆောင်

 

၁၉၄၇ - ၁၉၈၈ လူရည်ချွန်ကြီးများအဖွဲ့ ကျွန်မက ၁၉၇၀ ပြည့်နှစ်က နတ်မောက် အထက(၁) နဝမတန်း လူရည်ချွန် ရရှိခဲ့တာပါ။ လောလောဆယ်တော့ ဒီဟိုတယ်မှာ ကလေးတွေ သက်သောင့်သက်သာနဲ့ အပန်းဖြေနိုင်ဖို့ ကူညီဆောင်ရွက်ပေးနေပါတယ်။ အန်တီတို့ လူရည်ချွန်ဖြစ်တုန်းကတော့ အခုခေတ်နဲ့တော့ ကွာတာပေါ့။ TE 11 ကားကြီးတွေနဲ့ သွားကြရတယ်။ အဲဒီတုန်းကတော့ အင်းလေးခေါင်တိုင်စခန်းကို သွားကြရတယ်။ အဲဒီမှာ သစ်သားခုတင်လေးတွေနဲ့ ကိုယ့်အထုပ်ကိုယ်သယ် ကိုယ့်အားကိုယ်ကိုးခဲ့ကြရတယ်။ ဒါပေမယ့် အဲဒီတုန်းကတော့ ရာသီဥတုကလည်းကောင်းတော့ တော်တော်လေး အဆင်ပြေပါတယ်။ အခုကတော့ ဒီပုဂံစခန်းမှာ ကလေးတွေက ရာသီဥတုမကောင်းတော့ တော်တော်လေးကို ပင်ပန်းနွမ်းနယ်ကြရတယ်။ အန်တီတို့ ဘက်ကတော့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးနေပါတယ်။
အခု မျိုးဆက်သစ်လူငယ်လေး တွေကို နိုင်ငံတော်က ရွေးချယ်ပြီးတော နိုင်ငံမှာ သူတို့အတွက် အဆင့်အတန်း တစ်ခုကို မြှင့်တင်လိုက်တာဖြစ်ပါတယ်။ အဲဒီတော့ ဒီကျေးဇူးတရားကိုလည်း သိတတ်တဲ့အနေနဲ့ တိုင်းပြည်အတွက် အမြဲတမ်း အဓိကထားပြီး စဉ်းစားတတ်တဲ့ ပုဂ္ဂိုလ်လေးတွေဖြစ်အောင် ကျွန်မကြုံတိုင်းလည်း ပြောပါတယ်။ ကျွန်မတို့ ၁၉၄၇ - ၁၉၈၈ လူရည်ချွန်ကြီးများအဖွဲ့ အနေနဲ့လည်း လှိုင်သာယာဘက်မှာ လူရည်ချွန်ဆေးခန်း ဖွင့်ပါတယ်။ လှိုင်သာယာမှာ တော်တော်လေး နွမ်းပါးတဲ့သူ တွေရှိပါတယ်။
အဲဒီအထဲက သင့်တော်တဲ့ကလေတွေကို ရွေးချယ်ပြီးတော့ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ လူရည်ချွန် အဖွဲ့က အဆင့်ဆင့်စစ်ဆေးပြီးတော့ ကျောင်းထားပေးတာတွေကို ဆောင်ရွက်နေပါတယ်။

 

ဒေါ်နန်းမြင့်မြင့်လွင်

 

၁၉၆၅ ခုနှစ် လူရည်ချွန်

 

၁၉၄၇ - ၁၉၈၈ လူရည်ချွန်ကြီးများအဖွဲ့ ကျွန်မ လူရည်ချွန်ရခဲ့တာက ၁၉၆၅ ခုနှစ်က ရခဲ့တာပါ။ အဲဒီတုန်းကတော့ ငပလီ လူရည်ချွန်စခန်း ကိုသွားခဲ့ရတာပါ။ အခုနဲ့ ဘာကွာလဲ ဆိုတော့ ဆရာမတို့တုန်း ကတော့ တစ်လစခန်းဝင်ကြရတာ။ ရန်ကုန်စုရပ်မှာတင် တစ်ပတ်လောက်ကြာတယ်။ ကျန်တဲ့နေရာတွေမှာ သုံးပတ်လောက်ကြာတယ်။ အချိန်အတိုင်းအတာ အနေနဲ့ကတော့ အများကြီးရခဲ့တယ်။ အဲဒီတုန်းက အမှတ်တရကတော့ ပြည်တော်ညွန့် သင်္ဘောနဲ့သွားရတာ။ အဲဒီမှာ သုံးညလောက် သင်္ဘောပေါ် အိပ်ရတာ မနက်အိပ်ရာနိုးလို့ သင်္ဘောပေါ်ကနေ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ တစ်သက်လုံးအမှတ်ရနေမယ့် မြင်ကွင်းမျိုးပါ။ ပင်လယ်ပြာပြာ အုန်းပင်လေးတွေနဲ့ သင်္ဘောနားထိ မော်တော်ခုနစ်စင်းလာပြီး ကြိုကြတာ အဲဒီအမှတ်တရလေးကတော့ ဘယ်တော့မှ မမေ့ပါဘူး။
မျိုးဆက်သစ် လူရည်ချွန်လေးတွေကို မှာချင်တာကတော့ ကမ္ဘာ့အလယ်မှာ ဝံ့ကြွားနိုင်ဖို့ အင်္ဂလိပ်စာတော်အောင် ကြိုးစားကြပါလို့ အင်္ဂလိပ်စာဆရာမ တစ်ယောက်အနေနဲ့ တိုက်တွန်းချင်ပါတယ်။ လူရည်ချွန်ကြီးများအဖွဲ့ မန္တလေး အနေနဲ့ကတော့ ဆင်းရဲနွမ်းပါးတဲ့ လူငယ်လေးတွေအတွက် အင်္ဂလိပ်စာသင်တန်း အခမဲ့သင်ပေးနေပါတယ်။ ဘက်စုံထူးချွန်လူငယ်လေးတွေကလည်း ကူညီကြပါတယ်။ လူရည်ချွန်တစ်ယောက်အနေနဲ့ ထားရှိရမယ့် စိတ်ဓာတ်က အများနဲ့ ရောနှောတတ်ရမယ်။ သည်းခံတတ်ရမယ်။ ကိုယ့်ရဲ့ ထူးချွန်ထက်မြက်မှုကို နိုင်ငံအတွက် အသုံးချရမယ်လို့ မြင်ပါတယ်။

 

ဦးကျော်ကျော်မွန်

 

လက်ထောက်ညွှန်ကြားရေးမှူး (စီမံ)

 

မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး

 

အခုလိုလူရည်ချွန်တွေကို စခန်းသွင်းလေ့လာရေး ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်ကတော့ ဂုဏ်ပြုထိုက်သူတွေကို ဂုဏ်ပြုတာလည်း ပါပါတယ်။ လူရည်ချွန်တစ်ယောက်ဖြစ်ဖို့အတွက် ဆိုရင် ဘက်စုံထူးချွန်မှဖြစ်မှာပါ။ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုတဲ့ဗလငါးတန် ပြည့်စုံမှုကို ဦးတည်ပြီးတော့ ရွေးချယ်ထားတဲ့ကလေးတွေ ဖြစ်ပါတယ်။ စာတစ်ခုတည်းတော်လို့ မရပါဘူး။ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ စာရိတ္တပိုင်းပါ အကုန်လုံးစစ်ဆေးပြီးတော့ ရွေးချယ်ထားတဲ့ ကလေးတွေဖြစ်တဲ့အတွက် သူတို့ကို ဂုဏ်ပြုခြင်းလည်း ဖြစ်ပါတယ်။ နှစ်စဉ် ဒီလိုမျိုး နောင်တစ်ခေတ်အတွက် မျိုးဆက်သစ် အနာဂတ်ရဲ့ ခေါင်းဆောင်တွေ၊ တိုင်းပြည်ရဲ့ခေါင်းဆောင်တွေဖြစ်လာမယ့် သူတွေကို ချီးမြှောက်နေခြင်းဖြစ်ပါတယ်။

 

ဦးမောင်မောင်ဝင်း

 

ကျောင်းအုပ်ဆရာကြီး

 

အထက (၁)၊ ချမ်းအေးသာစံ

 

လူရည်ချွန်စခန်းတွေ ဖွင့်လှစ်ရတာကတော့ ဒီကလေးတွေကို နိုင်ငံတော်ကနေ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေ ဖြစ်အောင် ရည်ရွယ်ပြီးတော့ အများနဲ့စုပေါင်း နေထိုင်တတ်အောင်၊ အများအကျိုးကို ဆောင်ရွက်နိုင်အောင်၊ ကာယ၊ ဉာဏ၊ စာရိတ္တနဲ့ပြည့်စုံတဲ့ ကလေးတွေဖြစ်အောင် ရည်ရွယ်လေ့ကျင့်ပေးတာဖြစ်ပါတယ်။ အဲဒီလို လေ့ကျင့်ပေးတဲ့အတွက် ကလေးတွေအနေနဲ့ ဒေသန္တရဗဟုသုတတွေလည်း ရရှိသွားမယ်ဆိုရင် တိုင်းပြည်အတွက် အထောက်အကူတစ်ခု ဖြစ်လာမယ်။ အနာဂတ်မှာလည်း ဦးဆောင်နိုင်မယ့် နိုင်ငံ့ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာစေဖို့ အတွက်လည်း မျှော်လင့်ပါတယ်။ အုပ်ချုပ်မှု၊ ထောက်ပံ့မှုအနေနဲ့ကတော့ ကလေးတွေရဲ့ ကျန်းမာရေးအတွက် ကျန်းမာရေး ဆေးခန်းဖွင့်လှစ်ထားပါတယ်။ ဆရာဝန်တစ်ဦးနဲ့ သူနာပြုတွေက ၂၄ နာရီ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားပါတယ်။

 

တွေ့ဆုံမေးမြန်း- ဇင်ဦး (မြန်မာ့အလင်း)

 

ဓာတ်ပုံ - သီဟစည်သူ