လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေး

၇ ဒီဇင်ဘာ

 

လူသားရင်းမြစ် (Human Resource) သည် မျက်မှောက်ကာလတွင် အလွန်အရေးပါသော အသိုက်အဝန်းတစ်ခု ဖြစ်လာသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းအောင်မြင်ရေးတွင် အရည်အချင်းပြည့်ဝသောလူသားရင်းမြစ် (HR) များ များများစားစား ပေါ်ထွန်းလာဖို့လိုအပ်သည်။ ထို့ကြောင့် လူသားရင်းမြစ် (HR) ကို နိုင်ငံတိုင်း၊ အဖွဲ့အစည်းတိုင်းက အလေးထားအကောင်အထည်ဖော်ကြသည်ကို တွေ့ရသည်။

လူသားရင်းမြစ်နှင့်စပ်လျဉ်း၍ “ နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်မှုဆိုတာဟာ လူသားရင်းမြစ် (Human Resource)  နဲ့ ဘယ်လောက်အထိ နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်နိုင်စွမ်းရှိသလဲအပေါ်မှာ မူတည်ပါတယ်၊ လူသားရင်းမြစ်တွေ တိုးတက်လာဖို့ အရည်အသွေးရှိသော ပညာရေးကို ခိုင်မာအောင် ကျွန်မတို့ တည်ဆောက်ကြရမှာဖြစ်ပြီး ဒီလိုအရည်အသွေးရှိတဲ့ ပညာရေးကို တည်ဆောက်နိုင်ဖို့ များစွာရင်းနှီးမြှုပ်နှံဖို့ လိုပါတယ်”  ဟု နေပြည်တော်တွင် ဒီဇင်ဘာလ ၄ ရက်နေ့က ကျင်းပခဲ့သည့် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ(အခြေခံပညာကဏ္ဍ)တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

လူသားရင်းမြစ်သည် လူသားအားလုံးကိုဖြင့် မဆိုနိုင်ချေ။ သက်ဆိုင်ရာနယ်ပယ်တွင် သတ်မှတ်ထားသည့် ရည်မှန်းချက်ပြည့်မီအောင် အကောင်အထည်ဖော် စွမ်းဆောင်နိုင်သူများကို ဆိုနိုင်သည်။ လူသားရင်းမြစ် နယ်ပယ်သည် အလွန်ကျယ်ဝန်းသည်။ နိုင်ငံတစ်နိုင်ငံနှင့်လွှမ်းခြုံ၍ အရည်အသွေးရှိသော လူသားရင်းမြစ်များ ဖော်ဆောင်ရာ၌ ပညာရေးသည် အခြေခံကျသော အဓိကမဏ္ဍိုင်ဖြစ်သည်။ ပညာသင်ကြားပြီး လုပ်ကိုင်ဆောင်ရွက်ကြသူများသည် လုပ်ငန်းနယ်ပယ်အလိုက် အရည်အသွေး၊ အရည်အချင်းပြည့်မီအောင် ဆောင်ရွက်နိုင်ဖို့လိုသည်။ အရည်အချင်းပြည့်မီသူများသာ လူသားရင်းမြစ်များဖြစ်၍ ၎င်းတို့ကို ပညာရေးမှစတင်ပြုစုပျိုးထောင် မွေးထုတ်ပေးရမည် ဖြစ်သည်။

အရည်အချင်းရှိသော လူသားရင်းမြစ်များ ပေါ်ထွန်းလာစေရန် အရည်အသွေးပြည့်ဝသော ပညာရေးစနစ်ကို ဖော်ဆောင်ပေးရမည်ဖြစ်သည်။ အရည်အသွေးပြည့်ဝသည့် ပညာရေးဖြစ်ပေါ်လာစေရန်အချိန်ကာလနှင့် ရင်းနှီးမြှုပ်နှံမှုများ များစွာပြုလုပ်ကြရသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ကျောင်းသား ကျောင်းသူ တစ်သန်းခန့်ကို လူသားရင်းမြစ်များဖြစ်လာနိုင်အောင် ပြုစုပျိုးထောင်ပေးလျက်ရှိသည်။ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုများလေ အရည်အသွေးရှိ လူသားရင်းမြစ်ပေါ်ထွက်လေ ဖြစ်သောကြောင့် ပညာရေးအသုံးစရိတ် အမြောက်အမြားအသုံးပြုရသည်။

၂၀၁၅ ခုနှစ် အမျိုးသားပညာရေးဥပဒေတွင် “နိုင်ငံတော်၏ ပညာရေးအသုံးစရိတ်ကို နိုင်ငံတော်အသုံးစရိတ်အားလုံး၏ ၂၀ ရာခိုင်နှုန်းအထိ ရောက်ရှိရေးအတွက် ရည်မှန်းချက်ထားပြီး ဆောင်ရွက်ရမည်”ဟု အတိအလင်းဖော်ပြထားသည်။ ထို့ကြောင့် နိုင်ငံတော်က ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဆောင်ရွက်နေသလို ပညာရေးအသုံးစရိတ်ကိုလည်း နှစ်စဉ်တိုးမြှင့်သုံးစွဲနေသည်ကို တွေ့ရသည်။ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများကလည်း အားပေးကူညီနေသည်။

၂၀၁၅ ခုနှစ်တွင် အမျိုးသားပညာရေးဥပဒေပြဋ္ဌာန်းပြီးနောက်၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အမျိုးသားပညာရေးမဟာဗျူဟာ ငါးနှစ်စီမံကိန်းကို အကောင်အထည်ဖော်နေသည်။ ဤစီမံကိန်းကို ငါးနှစ်တာကာလအတွင်း ရည်မှန်းချက်သို့ရောက်အောင် အကောင်အထည်ဖော်နိုင်လျှင်လူသားရင်းမြစ် အခြေခံအုတ်မြစ်ကို ချနိုင်ပြီဟု ဆိုရမည်။ ယခုနှစ်နှစ်ကျော်ကာလအတွင်း အခြေခံပညာအဆင့်တွင် ပြောင်းလဲဖော်ဆောင်နေသည်ကို တွေ့ရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အချိန်တိုအတွင်း ဖော်ဆောင်နိုင်ရန်မှာ မလွယ်ကူသော်လည်း ကျောင်းသား ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ၊ ဆရာ ဆရာမများ၊ ကျောင်းစီမံခန့်ခွဲသူများ၊ ပညာရေးတွင် ပူးပေါင်းဆောင်ရွက်သူများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြလျှင် လူသားရင်းမြစ် (HR) ပေါများသော ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်နိုင်သည်ဟု မျှော်လင့်ပါသည်။ ကြေးမုံ