လူသားတို့ရဲ့ အသိပညာ၊ အတတ်ပညာတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက်အဆင့်မြင့်ပညာတွေကို အစဉ်မပြတ် ဖြန့်ဝေပေးခဲ့တဲ့ အထင်ကရ ပညာ့ဗိမာန် ရန်ကုန်တက္ကသိုလ်ကြီးဟာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ နှစ်(၁၀၀)ပြည့်ပါပြီ

mdn

တာဝန်ခံပါမောက္ခချုပ်ဆရာကြီး ဒေါက်တာထွန်းခင်

ရန်ကုန်တက္ကသိုလ် (၂၀၀၆-၂၀၀၈)တွင် တာဝန်ခံပါမောက္ခချုပ်အဖြစ်   တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာကြီးဒေါက်တာထွန်းခင်နှင့် တွေ့ဆုံမေးမြန်းခြင်း 

တွေ့ဆုံမေးမြန်း - မွန်းဦးနဒီ

ရန်ကုန်တက္ကသိုလ်၌     ၂၀၀၆ ခုနှစ်မှ ၂၀၀၈  ခုနှစ်အထိ တာဝန်ခံ  ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာကြီးဒေါက်တာထွန်းခင်အား တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ဆရာကြီးရဲ့ မွေးဇာတိ၊      အခြေခံပညာ  
 သင်ကြားအောင်မြင်ခဲ့တဲ့ကျောင်းတွေနဲ့  တက္ကသိုလ်စတင်တက်ရောက်ခဲ့တာတွေနဲ့ပတ်သက်ပြီး  ပြောပြပေးစေလိုပါတယ် ဆရာကြီးရှင့်။ 
ဖြေ။ ။ ကျွန်တော့်ဇာတိက       ညောင်ဦးမြို့နယ် 
 သဲပြင်တောရွာ ဖြစ်ပါတယ်။ မိဘတွေက တော့ ဦးကံသာနဲ့ ဒေါ်စာတင်ပါ။ ကျွန်တော့်ကို ၁၉၄၆ ခုနှစ် မေလ ၂၅ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ကျွန်တော် မူလတန်းပညာကို ရွာက မူလတန်းကျောင်းမှာ သင်ယူခဲ့ ပါတယ်။ စတုတ္ထတန်းအတန်းတင်စာမေးပွဲနဲ့ ပညာသင် ဆု (Scholarship) စာမေးပွဲတွေကို   ၁၉၅၈  ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ်။ ကျွန်တော် အလယ်တန်းနဲ့ အထက် တန်းပညာကို ညောင်ဦးမြို့ အထက်တန်းကျောင်းမှာ သင်ယူခဲ့ပါတယ်။ သတ္တမတန်း အတန်းတင်စာမေးပွဲနဲ့ ပညာသင်ဆု(Scholarship) စာမေးပွဲတွေကို   ၁၉၆၁ ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ်။ 
ကျွန်တော်တက္ကသိုလ်ဝင်စာမေးပွဲကို  ရူပဗေဒ ဂုဏ်ထူးနဲ့ ၁၉၆၄ ခုနှစ်မှာ    အောင်မြင်ခဲ့ပါတယ်။ တက္ကသိုလ်ပညာရေးစနစ်သစ်ကို ၁၉၆၄-၆၅ ပညာသင် နှစ်မှာ စခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ကျွန်တော် မကွေးဥပစာ ကောလိပ်ကို ရူပဗေဒအဓိကနဲ့  ပထမနှစ် သိပ္ပံတန်း တက်ရောက်ခဲ့ပါတယ်။ ၁၉၆၅-၆၆ ပညာသင်နှစ် ဒုတိယ နှစ် သိပ္ပံတန်းတက်ရောက်နေစဉ်မှာ တက္ကသိုလ် လူရည် ချွန်အဖြစ် အရွေးခံရပါတယ်။ ကျွန်တော် ငပလီလူရည်ချွန် အပန်းဖြေစခန်းကို သွားခဲ့ရပါတယ်။ ကျွန်တော် ဒုတိယ နှစ်သိပ္ပံတန်း အောင်မြင်ပြီးတော့ မန္တလေးတက္ကသိုလ်မှာ တတိယနှစ်နဲ့ စတုတ္ထနှစ် သိပ္ပံတန်းတွေကို တက်ရောက်ခဲ့ ပါတယ်။ ၁၉၆၆-၆၇ နဲ့ ၁၉၆၇-၆၈ ပညာသင်နှစ်တွေမှာ ဖြစ်ပါတယ်။ 
မေး။ ။ ဆရာကြီး ရရှိခဲ့တဲ့ ဘွဲ့တွေနဲ့ပတ်သက်ပြီး  
 သိလိုပါတယ်ရှင့်။ 
ဖြေ။ ။  ကျွန်တော် B.Sc(Physics)ဘွဲ့ကို မန္တလေး 
 တက္ကသိုလ်က ၁၉၆၈ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ပညာသင်အဖြစ် ကျွန်တော် အင်္ဂလန် နိုင်ငံ ဆာရေးတက္ကသိုလ်(University of Surrey)မှာ  ၁၉၇၃ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ  ခြောက်နှစ်ခန့် ဘွဲ့လွန်ပညာ တွေ ဆည်းပူးခွင့်ရခဲ့ပါတယ်။ Colombo Plan အစီအစဉ် အရ British Council ရဲ့ အထောက်အပံ့နဲ့ သွားခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် အဲဒီတက္ကသိုလ်က ၁၉၇၄ ခုနှစ်မှာ M.Sc(Spectroscopy)ဘွဲ့နဲ့ ၁၉၇၉ ခုနှစ်မှာ Ph.D(Molecular Spectroscopy) ဘွဲ့ကို ရရှိခဲ့ပါတယ်။ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကပေးတဲ့ (Diploma in Education Management -DEM)ကို ၂၀၀၂ ခုနှစ်မှာ ရရှိပါတယ်။ 
မေး။ ။ ဆရာကြီး ဘယ်တက္ကသိုလ်တွေမှာ တာဝန် 
 ထမ်းဆောင်ခဲ့သလဲဆိုတာနဲ့    ရန်ကုန် တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ခဲ့ချိန်တွေကိုလည်း ပြောပြပေးပါဦးရှင့်။ 
ဖြေ။ ။ မကွေးဥပစာကောလိပ်      ရူပဗေဒဌာနမှာ 
 ၁၉၆၉ ခုနှစ် မေလ  ၂ ရက်နေ့ကစပြီး သရုပ်ပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆရာ့ ဘဝတစ်လျှောက်လုံး    မကွေးတက္ကသိုလ်နဲ့  ရန်ကုန် တက္ကသိုလ်တို့မှာပဲ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မကွေး တက္ကသိုလ်မှာ သရုပ်ပြနဲ့ ကထိကအဖြစ် ခြောက်နှစ်တာဝန် ထမ်းဆောင်ခဲ့ပြီး  ရန်ကုန်တက္ကသိုလ်မှာ  သရုပ်ပြမှ ပါမောက္ခအထိ ရာထူးအဆင့်ဆင့် ၂၂ နှစ်ကြာ  တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ 
မေး။ ။ ရန်ကုန်တက္ကသိုလ်မှာ တာဝန်ခံပါမောက္ခချုပ် 
 အဖြစ် ဘယ်အချိန်မှာ တာဝန်ထမ်းဆောင်ခဲ့ တာပါလဲရှင့်။ 
ဖြေ။ ။ ကျွန်တော် ရန်ကုန်တက္ကသိုလ်မှာ ဒုတိယ  ပါမောက္ခချုပ်တာဝန်ကို ၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပါတယ်။ ဒီကြားထဲ တာဝန်ခံ ပါမောက္ခချုပ်အဖြစ် ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ  နှစ်နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်ဟာ ၂၀၀၆ ခုနှစ် မေလထဲမှာ  အငြိမ်းစား ယူရမှာပါ။ ပညာရေးဝန်ကြီးက တာဝန်ပေးလို့ အငြိမ်းစား မယူရဘဲ ကျွန်တော် တာဝန်ခံပါမောက္ခချုပ်အဖြစ် ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ  နှစ်နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ တာပါ။ ၂၀၀၉ ခုနှစ် မေလ ၂၆ ရက်နေ့မှာ ဒုတိယပါမောက္ခ ချုပ်ရာထူးနဲ့ အငြိမ်းစားယူခဲ့ပါတယ်။
မေး။ ။ ရန်ကုန်တက္ကသိုလ်မှာ တာဝန်ယူစဉ်အချိန်က 
 အမှတ်တရဖြစ်စဉ်တွေရှိရင် ပြောပြပေးပါ။
ဖြေ။ ။  ကျွန်တော့်အတွက်    ထူးခြားမှုရှိတဲ့ဖြစ်စဉ် 
 တွေကို အမှတ်တရဖြစ်စဉ်တွေအဖြစ် ပြောပြပါမယ်။ ပထမဖြစ်စဉ်ကတော့ ၂၀၀၆ ခုနှစ်က ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံသမ္မတကြီး     Dr. A.P.J Abdul Kalam မြန်မာနိုင်ငံကို   ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပါတယ်။
 ၂၀၀၆ ခုနှစ်  မတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်မှာ     ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက   အိန္ဒိယနိုင်ငံသမ္မတကြီးကို ရန်ကုန်တက္ကသိုလ်ရဲ့ အထူးဧည့်သည်တော်အဖြစ် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ကြိုဆိုဧည့်ခံပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်တွေက ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူအချို့ တက်ရောက်ခဲ့ပါတယ်။ သမ္မတကြီးက ပညာရပ်ဆိုင်ရာ ဟောပြောခြင်းပြုလုပ်ခဲ့ပါတယ်။ ဟောပြောပွဲအပြီးမှာ သမ္မတကြီးက ရန်ကုန်တက္ကသိုလ်ကို သိပ္ပံနဲ့ စီမံခန့်ခွဲမှု ဆိုင်ရာစာအုပ်တွေ လက်ဆောင်ပေးပါတယ်။ တာဝန်ခံ ပါမောက္ခချုပ် ကျွန်တော်က စာအုပ်တွေကို လက်ခံယူခဲ့ပါ တယ်။(သမ္မတကြီးကတော့ ၂၇-၇-၂၀၁၅ နေ့မှာ ကွယ်လွန်သွားခဲ့ပါပြီ။) 
ဒုတိယဖြစ်စဉ်ကတော့   ရန်ကုန်တက္ကသိုလ်ကို လာရောက်ပညာသင်ယူတဲ့ နိုင်ငံခြား ကျောင်းသူတစ်ဦး ကို ပါရဂူဘွဲ့အပ်နှင်းခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီကျောင်းသူ ဟာ တရုတ်နိုင်ငံက ကျောင်းသူ မစ္စရှီရင်း (Ms.Shi Yin)(ခေါ်) မယဉ်ယဉ်မေ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ဇူလိုင်လ  ၁၇ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ (၁၁၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ တာဝန်ခံ ပါမောက္ခချုပ် ကျွန်တော်က မစ္စရှီရင်း(Ms.Shi Yin)(ခေါ်) မယဉ်ယဉ်မေကို  သမိုင်းဘာသာရပ်မှာ ပါရဂူဘွဲ့အပ်နှင်း ခဲ့ပါတယ်။   
မယဉ်ယဉ်မေဟာ ရန်ကုန်တက္ကသိုလ်က အပ်နှင်းတဲ့ ပါရဂူဘွဲ့ကို လက်ခံရယူခဲ့တဲ့ ပထမဦးဆုံး နိုင်ငံခြား ကျောင်းသူဖြစ်ပါတယ်။ သူဟာ ရန်ကုန်တက္ကသိုလ်သမိုင်း ဌာနမှာ ၂၀၀၃ ခုနှစ်မှ စတင်ပြီး ပါရဂူဘွဲ့အတွက် သုတေသန တွေပြုလုပ်ခဲ့ပါတယ်။ ဒေါက်တာရှီရင်း   တင်သွင်းတဲ့ ပါရဂူဘွဲ့ယူ သုတေသနကျမ်းခေါင်းစဉ်မှာ “တရုတ်-မြန်မာယဉ်ကျေးမှု ဆက်ဆံရေး (၁၉၅၀-၂၀၀၆)” ဖြစ်ပါ တယ်။ သူ့ရဲ့ ပါရဂူဘွဲ့ကျမ်း ကြီးကြပ်သူတွေကတော့ ဆရာကြီး ပါမောက္ခ ဒေါက်တာခင်မောင်ညွန့်နဲ့ ဆရာမကြီး ပါမောက္ခ  ဒေါက်တာ မာဂရက်ဝေါင်းတို့ ဖြစ်ပါတယ်။   ရန်ကုန်တက္ကသိုလ်သမိုင်းဌာနမှာ သုတေသနကျောင်းသူမဖြစ်မီ ဒေါက်တာ ရှီရင်းဟာ ပေကျင်းတက္ကသိုလ်ကနေ မြန်မာစာနဲ့ ဘွဲ့ရရှိပြီး ယူနန် နော်မယ်တက္ကသိုလ်က သမိုင်းဘာသာရပ်နဲ့  မဟာဘွဲ့ ရရှိထားသူ ဖြစ်ပါတယ်။
တတိယဖြစ်စဉ်ကတော့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်၊ ၃ ရက်နေ့တွေမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ အပျက်အစီးတွေ ရှိတဲ့ အကြောင်းပါပဲ။ ဘွဲ့နှင်းသဘင်၊ စာသင်ဆောင်တွေ၊ ဝန်ထမ်းအိမ်ရာတွေရဲ့ ခေါင်မိုးတွေနဲ့ အကာအရံတွေ ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။ သက်တမ်းရင့်ကျွန်းပင်ကြီး တွေ၊ သစ်တိုပင်ကြီးတွေအပါအဝင် သစ်ပင်အရွယ်စုံ၊ အမျိုးစုံ ၂၀၀ ကျော် ပြိုလဲပါတယ်။ အဓိပတိဂိတ်အနီး ယူနီယံကွင်းထဲက တစ်ပင်တည်းသာရှိတဲ့ ရှားပါးအပင် ဖြစ်တဲ့ ကညင်ဖြူပင်ကြီးပါ ပြိုလဲပါတယ်။ အလွန်နှမြော မိပါတယ်။ လမ်းဘေးက သစ်ပင်ကြီး၊ သစ်ပင်ငယ်အမျိုးစုံ လမ်းပေါ်ကို ပြိုလဲကျလို့ အဓိပတိလမ်းကြီးပိတ်သွား ပါတယ်။ ကျောင်းထဲက ဝန်ထမ်းတွေ နေ့ရော၊ ညပါ ကြိုးစားရှင်းလင်းလို့ မုန်တိုင်းစဲပြီး တစ်ပတ်လောက် အကြာမှာ လမ်းပွင့်သွားပါတယ်။ အခက်အခဲတွေ အများကြီးရှိတဲ့ကြားထဲက တက္ကသိုလ်ဝင်စာမေးပွဲ အဖြေ စာအုပ်တွေကို သက်ဆိုင်ရာဘာသာရပ်ဆရာ ဆရာမတွေ က အချိန်မီပြီးစီးအောင် စစ်ဆေးပေးနိုင်ခဲ့ပါတယ်။ 
မုန်တိုင်းပြင်းထန်ပေမယ့် သစ်ပုပ်ပင်ကြီးကတော့ ဘာမှမဖြစ်ပါဘူး။ အဲဒါဟာ အဆိုးထဲက အကောင်းတစ်ခု ပါပဲ။ အဲဒီတုန်းက သစ်ပုပ်ပင်ကြီးရဲ့ အခြေအနေကို သိချင်လို့ လာကြည့်တဲ့လူတွေ အများကြီးပါပဲ။ တစ်လ လောက်ကြာတဲ့အထိ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာကြည့်ကြတာ တွေ့ရပါတယ်။ သစ်ပုပ်ပင်ကြီး အကောင်းပကတိရှိတာကို တွေ့ရလို့ လာကြည့်တဲ့လူတိုင်းဟာ ဝမ်းသာပီတိဖြစ်နေ တာကို တွေ့ရပါတယ်။ ကျွန်တော်လည်း သူတို့လို ကြည်နူးမိပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ပတ်သက်ဖူးသူတိုင်း၊  အဓိပတိလမ်းကို လျှောက်ဖူးသူတိုင်း သစ်ပုပ်ပင် ကြီးကို သံယောဇဉ်ရှိကြပါတယ်။ အဲဒီထူးခြားဖြစ်စဉ် သုံးခုကတော့ ကျွန်တော့်အတွက် အမှတ်တရ ဖြစ်စဉ် တွေပါပဲ။
မေး။ ။ ရန်ကုန်တက္ကသိုလ်ရဲ့     ရာပြည့်သဘင် 
 အတွက် အမှတ်တရစကား  ပြောကြား ပေးပါရှင့်။
ဖြေ။ ။ ရန်ကုန်တက္ကသိုလ်ကို ကံ့ကော်တောလို့  ချစ်စနိုးခေါ်ကြသလို တက္ကသီလာ မြကျွန်း သာလို့လည်း အမြတ်တနိုးခေါ်ကြတယ်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ  ၁ ရက်နေ့မှာ စတင်ပေါက်ဖွားခဲ့တဲ့ ရန်ကုန် တက္ကသိုလ်ကြီးဟာ    သမိုင်းအစဉ်အလာကြီးမားပြီး အမိနိုင်ငံအတွက်   ထူးချွန်ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေ မွေးထုတ်ပေးခဲ့ပါတယ်။ လူသားတို့ရဲ့ အသိပညာ၊ အတတ် ပညာတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဆင့်မြင့်ပညာတွေကို အစဉ်မပြတ် ဖြန့်ဝေပေးခဲ့တဲ့ အထင်ကရ  ပညာ့ဗိမာန် ရန်ကုန်တက္ကသိုလ်ကြီးဟာ ၂၀၂၀ ပြည့်နှစ်  ဒီဇင်ဘာလ  ၁ ရက်နေ့မှာ   နှစ်(၁၀၀)ပြည့်ပါပြီ။   ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် ဂုဏ်ပြုကျင်းပရေးကော်မတီအသီးသီးကလည်း စာပေ၊ ဂီတ၊ အနုပညာ စသည့် သက်ဆိုင်ရာကဏ္ဍ အလိုက် အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက် နေပါတယ်။ 
ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲအနေနဲ့ မြန်မာ့ရုပ်မြင် သံကြားနဲ့ မြဝတီရုပ်မြင်သံကြားက တက္ကသိုလ်ရနံ့တွေ သင်းနေတဲ့ တေးသီချင်းတွေထုတ်လွှင့်ပေးပါတယ်။ အငြိမ့်ပွဲ တွေနဲ့လည်း ဖျော်ဖြေပါတယ်။ နေ့စဉ်ထုတ်သတင်းစာတွေ ကလည်း တက္ကသိုလ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို  ဆောင်းပါးတွေ၊ အင်တာဗျူးတွေနဲ့ ဝေဝေဆာဆာ ဖော်ပြပြီး ဂုဏ်ပြုပါတယ်။ ဂုဏ်ပြုသဘင်ပွဲအတွက် စီစဉ်သူများ၊ စာပေပညာရှင်တွေ၊ အနုပညာရှင်တွေ၊ ဂီတပညာရှင်တွေ၊ ရုပ်မြင်သံကြားဌာနများမှ စီစဉ်ရိုက်ကူးထုတ်လွှင့်သူတွေနဲ့ ကိုယ်တိုင်ပါဝင်ဆောင်ရွက်သူ အားလုံးကို တက္ကသိုလ်ကြီး ရဲ့ကိုယ်စား ကျွန်တော်ဝမ်းမြောက်ဝမ်းသာနဲ့ ကျေးဇူးတင် ဂုဏ်ယူမိပါတယ်။ တက္ကသိုလ်ကြီးနဲ့ ပတ်သက်ဖူးသူတိုင်း လည်း အတိတ်ကအိပ်မက်တွေနဲ့ လွမ်းတသသဖြစ်မယ်။ ဂုဏ်ယူဝမ်းသာပီတိ ဖြစ်မယ်ဆိုတာ  ယုံကြည်ပါတယ်။ ကိုဗစ်ကပ်ဘေးကြောင့် လူအများ ပါဝင်ခွင့်မရပေမယ့် ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင် ဂုဏ်ပြုပွဲကို ကဏ္ဍ အလိုက် အောင်မြင်အောင် ဆောင်ရွက်နိုင်ကြလို့ ဂုဏ်ယူ ဝမ်းသာပီတိဖြစ်မိပါတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ ဆရာကြီး အခြားဖြည့်စွက်ပြောကြားလိုတာ
 တွေရှိရင်လည်း ပြောကြားစေလိုပါတယ်။
ဖြေ။ ။  ရန်ကုန်တက္ကသိုလ်ကြီးဟာ ကမ္ဘာ့အဆင့်မီ 
 တက္ကသိုလ်မဖြစ်သေးပါဘူး။ ဒါပေမဲ့  သိပ္ပံဘာသာရပ်အချို့မှာ ပြုလုပ်နေတဲ့ သုတေသန လုပ်ငန်းအချို့ဟာ ကမ္ဘာ့အဆင့်မီတယ်လို့ ပြောနိုင်ပါ တယ်။ အဲဒီသုတေသနတွေက ရရှိတဲ့ တွေ့ရှိချက်တွေကို  နိုင်ငံတကာအဆင့်မီ သုတေသနဂျာနယ်တွေမှာ ထည့်သွင်း ဖော်ပြပေးလို့ ကမ္ဘာ့အဆင့်မီတယ်လို့ ပြောတာဖြစ်ပါ တယ်။ ရန်ကုန်တက္ကသိုလ်က ဘွဲ့ရပြီး ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်နေကြတဲ့ ထူးချွန်ပညာရှင်တွေ ရှိပါတယ်။ ဥပမာအနေနဲ့ ပြောရရင်  ရန်ကုန်တက္ကသိုလ်က  ရူပဗေဒ ဘာသာနဲ့ ဘွဲ့ရခဲ့ကြတဲ့ ဒေါက်တာ ပဒေသာတင်က အမေရိကန်နိုင်ငံ အမျိုးသားလေကြောင်းနဲ့ အာကာသ အုပ်ချုပ်ရေးအဖွဲ့(နာဆာ)မှာ  သုတေသနပညာရှင်၊   ဒေါက်တာ ခင်မောင်မောင်က University of Southern Mississippi မှာ ရူပဗေဒပါမောက္ခ၊ ဒေါက်တာ စောဝေလှ က Ohio University မှာ ရူပဗေဒပါမောက္ခ အသီးသီး တာဝန်ထမ်းဆောင်နေပါတယ်။ ထူးချွန်သူတွေ ဖြစ်ပါ တယ်။ မြန်မာ့ဂုဏ်ဆောင်တဲ့ အဲဒီပညာရှင်တွေကို ကျွန်တော် ဂုဏ်ယူချီးကျူးပါတယ်။ ရန်ကုန် တက္ကသိုလ် ဘာသာရပ်အသီးသီးက ဆရာ ဆရာမတွေကလည်း နိုင်ငံအကျိုးပြုသုတေသနတွေနဲ့ ဘာသာရပ်ဖွံ့ဖြိုး တိုးတက်မှုအတွက်သုတေသနတွေ  ယခုထက်ပိုပြီး ဆောင်ရွက်ကြပါလို့ မေတ္တာရပ်ခံတိုက်တွန်းပါတယ်။ 
နောက်ဆုံးအနေနဲ့ သမိုင်းအစဉ်အလာကြီးမားတဲ့ ရန်ကုန်တက္ကသိုလ်ကြီး ရှေ့ဆက်နှစ်ပေါင်းများစွာ အဓွန့် ရှည်တည်တံ့ပါစေ၊   နိုင်ငံအကျိုးကို   သယ်ပိုးနိုင်မယ့် ထူးချွန်ထက်မြက်တဲ့  အသိပညာရှင်တွေ၊ အတတ်ပညာ ရှင်တွေ ဆက်လက်မွေးထုတ်ပေးနိုင်ပါစေ၊ ပညာပန်းတွေ အရောင်စုံအောင်၊ ရနံ့စုံအောင် ဖူးပွင့်ပေးနိုင်တဲ့ ကမ္ဘာ့ အဆင့်မီ တက္ကသိုလ်ကြီး မကြာမီ ဖြစ်ပါစေလို့ ဆုမွန် ကောင်းတောင်းလိုက်ပါတယ်။ 
အားလုံးကျန်းမာပျော်ရွှင်နိုင်ကြပါစေ။ ။