လူသတ်မှု ကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်လာသူအား ရဲတပ်ဖွဲ့သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

ပဲခူး ၂၈ စက်တင်ဘာ

 

ယနေ့ နေ့လယ်ပိုင်းက ပဲခူးမြို့၊ ဥသာမြို့သစ်၊ အမှတ်(၈) ရပ်ကွက်၊ စာကလေးကွင်းကျေးရွာ၊ မြို့ရှောင်(၁၂)လမ်းရှိ ဆံသဆိုင်တွင် ရန်ကုန်တိုင်းဒေသကြီးမှ လူသတ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်လာသူ တရားခံပြေးတစ်ဦးအား ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ရကြောင်းသိရသည်။

 

အဆိုပါ တရားခံပြေးမှာ အေးမြင့်(ခ) သားချို (ခ)ပိုးဟပ်ဖြူ (၄၀)နှစ်၊ (၂၀)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူဖြစ်ကြောင်းသိရသည်။

 

၎င်းတရားခံပြေးရောက်ရှိနေကြောင်း သတင်းအရ ပဲခူးမြို့ အမှတ်(၃)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဆံသဆိုင်သို့သွားရောက်ပြီး ဖမ်းဆီးရာ ၄င်းတရားခံပြေးက ပြန်လည်ခုခံရန်ကြံရွယ်သဖြင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။ သို့သော်လည်း ၎င်းက ထပ်မံ၍ခုခံရန် ဒုတိယအကြိမ် ပစ်ခတ်ရာ ၄င်းနေရာတွင် လဲကျသွားခဲ့ပြီး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အခင်းဖြစ်ရပ်တွင် တရားခံပြေး အေးမြင့်(ခ)သားချို(ခ)ပိုးဟပ်ဖြူ၏ အနက်ရောင်လွယ်အိတ် အတွင်းမှ အရိုး/အသွား(၈)လက်မခန့်ရှိ ခေါက်ဓါး(၁)ချောင်းအား သိမ်းဆည်း ရမိခဲ့ကြောင်းနှင့် အဆိုပါ တရားခံအား ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့မရဲစခန်းသို့ လွှဲပြောင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)