လူသတ္တဝါများအတွက် ရေအရင်းအမြစ်

နေပြည်တော် ၁၂ ဇူလိုင်

မြစ်ချောင်းများအတွင်းမှ ရေအရင်းအမြစ်သည် ပြည်သူများဘဝအတွက် အဘက်ဘက်တွင် အလွန်အရေးကြီးပါသည်။ နေ့စဉ်နှင့်အမျှ ရေနှင့်ဆက်နွှယ်နေသည့် ပြည်သူများအနေဖြင့် ကျန်းမာရေး၊ လူမှုဘဝရှင်သန်ရေး၊ ဘေးကင်းလုံခြုံရေးအတွက် အလွန်အရေးကြီးပါသည်။ မြစ်၊ ချောင်းများအတွင်းမှ ရေသံသရာသည် ပြည်သူများဘဝနှင့် ဆက်နွှယ်မှုရှိသဖြင့် မြစ်၊ချောင်းများ ကောင်းမွန်သန့်ရှင်းရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်ရ မည်ဖြစ်သည်။

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ရှေ့လုပ်ငန်းစဉ်ညှိနှိုင်း အစည်းအဝေး (၂/၂၀၁၉) ကို ဇူလိုင်လ ၉ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရေနှင့်ဆက်နွှယ်သည့် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရေအရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲရေး နှင့် အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ရေအရင်းအမြစ်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဝိုင်းဝန်း ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။

ရေအရင်းအမြစ်များကို စီမံခန့်ခွဲဆောင်ရွက်ရာတွင် မြစ်၊ချောင်းများ စီးဆင်းမှု ကောင်းမွန်ရေးနှင့် သန့်ရှင်းရေးသည် ပြည်သူများအတွက်များစွာ အကျိုးသက်ရောက်ပြီး ဆက်စပ်မှုရှိသည်။ ယခုကဲ့သို့ မိုးရာသီကာလများတွင် မြစ်ချောင်းများတွင် မိုးရေစီးဆင်းမှု ကောင်းမွန်ပါမှ ရေကြီးရေလျှံဖြစ်ပွားမှု လျော့နည်းသက်သာစေမည် ဖြစ်သည်။ ထို့အပြင် မြစ်၊ချောင်းများ သန့်ရှင်းကောင်းမွန်ပါမှ သောက်သုံးရေ၊ စိုက်ပျိုးရေများ ကို စိတ်ချလက်ချ အသုံးပြုနိုင်မည်ဖြစ်သည်

မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ကြီးသည် အဓိကပင်မအသက်သွေး ကြောကြီးသဖွယ်ဖြစ်ပြီး ထိုမြစ်ကြီးသည် မြန်မာပြည်သူများအတွက် အဓိက အသုံးဝင်သော မြစ်ကြီးဖြစ်သည်။ ယခုအခါ ဧရာဝတီမြစ်ကြီး မသန့်ရှင်းမှု၊ တိမ်ကောလာမှုများကြောင့် လူသတ္တဝါများ နစ်နာမှုရှိလာသည်ဟု ကြားသိရသည်။ စစ်တမ်းများအရ နေ့စဉ် ပလတ်စတစ်တန်ချိန် ၁၁၉ တန်ကို ဧရာဝတီမြစ်အတွင်း စွန့်ပစ်လျက်ရှိပြီး ၂၀၁၇ ခုနှစ် ကမ္ဘာ့အညစ်ညမ်းဆုံး မြစ်စာရင်းတွင် ဧရာဝတီမြစ်သည် အဆင့် (၉) ဖြစ်နေ ကြောင်း သိရသည်။

ဧရာဝတီမြစ်ကြီးတစ်လျှောက်လုံးတွင် ပလတ်စတစ်အမှိုက်စွန့်ပစ်မှုမှာ ထိုပမာဏမျှရှိနေပြီး ရန်ကုန်မြစ်အတွင်း၌ နေ့စဉ်အမှိုက် ၂၉ တန်စီးဝင်လျက်ရှိသည်။ မြစ်အတွင်း၌ ရေသန့်ဘူးကဲ့သို့ အမာပစ္စည်းများ၊ တစ်ခါသုံး ပလတ်စတစ်အိတ်ခွံများ၊ ပလတ်စတစ်ဖော့ဘူးများ အများဆုံး ပါဝင်လျက်ရှိသည်။ အဆိုပါ ပလတ်စတစ်နှင့် သက်ဆိုင်သောပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိတိရစ္ဆာန်တို့ကို ထိခိုက်ပျက်စီးမှုဖြစ်စေသည်။ မြစ်ချောင်းအတွင်း ကျင်လည်ကျက်စားလျက်ရှိသော ရေနေသတ္တဝါများ၊ ငှက်နှင့်နို့တိုက်သတ္တဝါများ အသက်ရှူမွန်းကျပ်မှု  ဖြစ်စေသည်။ ၎င်းအမှိုက်များသည် ဧရာဝတီမြစ်အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများနှင့် ကမ်းရိုးတန်းတစ်လျှောက်နှင့် အဏ္ဏဝါဂေဟစနစ်ကို ခြိမ်းခြောက်နေပြီဖြစ်သည်။

ထို့အပြင် ရေမှတစ်ဆင့် အစာကွင်းဆက်အတွင်းသို့ စုပ်ယူဝင်ရောက်လာသော ပလတ်စတစ်ညစ်ညမ်းမှုသည် ရေချိုနှင့် အဏ္ဏဝါအစားအစာများအပေါ်တွင် သက်ရောက်မှုရှိလာပြီး ယင်းညစ်ညမ်းမှုသည် လူသန်းပေါင်းများစွာအပေါ် ကျန်းမာရေးအရ ထိခိုက်မှုရှိမည်ဖြစ်သည်။ လက်ရှိတွင် အများပြည်သူကျန်းမာရေးအပေါ် ရေရှည်ထိခိုက်မှု ရှိ၊ မရှိ မသိနိုင်သေးသော်လည်း ပလတ်စတစ်နှင့် ဆက်စပ်လျက်ရှိသော ရေနှင့်အစား အစာများကို လူတို့နေ့စဉ်သုံးစွဲလျက်ရှိရာ ပလတ်စတစ်ဓာတ်ပြုမှုရှိသော ရေနှင့်အစားအစာများကို စားသုံးလျှင် လူတို့အတွက် ရေရှည်တွင် ကျန်းမာရေးထိခိုက်မှု ဖြစ်စေမည်မှာ အမှန်ဖြစ်သည်။

သို့ဖြစ်ရာ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွင် ပလတ်စတစ်နှင့်သက်ဆိုင်သည့် ထုပ်ပိုးပစ္စည်းများမှာ တွင်ကျယ်စွာနေရာယူထားပြီး ယင်းပစ္စည်းများ မြစ်ကြောင်းများ အတွင်း ဤမျှရောက်ရှိနေသည်မှာ အမှန်ဖြစ်၍ လူနှင့်သတ္တဝါများ ကျန်းမာရေးအတွက် ယင်းပြဿနာကိုအဖြေရှာ ဖြေရှင်းကြရတော့မည်ဖြစ်သည်။ အရင်းခံ ဇာစ်မြစ် ပလတ်စတစ် ထုပ်ပိုးပစ္စည်းများ သုံးစွဲမှုလျှော့ချရေးကို အဖြေရှာပြီး မြစ်၊ ချောင်းများ သန့်ရှင်းရေးကို ဝိုင်းဝန်းလက်တွဲကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ။

ကြေးမုံ