လူထုဒီမိုကရေစီ အရေးတော်ပုံကြီး၏ သန္နိဋ္ဌာန်

နေပြည်တော် ၈ သြဂုတ်

လူထုဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်း ၃၀ ရှိသွားပြီဖြစ်ပါသည်။ ဤလူထု ဒီမိုကရေစီ အရေးတော်ပုံကြီး၌ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲခဲ့သည်မှာ တစ်ခုတည်းသော သန္နိဋ္ဌာန်ကြောင့် ဖြစ်ပါသည်။ ဤတစ်ခုတည်းသော သန္နိဋ္ဌာန်မှာ တစ်ပါတီအာဏာရှင် စနစ်ဆိုးကို ဖျက်သိမ်း၍ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ရန် ဖြစ်ပါသည်။ ဤလူထု ဒီမိုကရေစီအရေးတော်ပုံကြီးသည် ပစ္စုပ္ပန်အပြောင်းအလဲတို့ကို ဖန်တီးပေးခဲ့သည် ဖြစ်သကဲ့သို့ အနာဂတ် အပြောင်းအလဲတို့ကို ဖန်တီးပေးမည်ဖြစ်သောကြောင့် အလေးအနက် သုံးသပ်ရန် လိုအပ်ပါသည်။

တစ်ပါတီ ဗဟိုချုပ်ကိုင်သော ဆိုရှယ်လစ်စနစ်သည် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒကို လျစ်လျူ ရှုခဲ့သောကြောင့် နိုင်ငံတော်ကို အာရှတိုက်၏ အလားအလာအကောင်းဆုံးသော နိုင်ငံတစ်နိုင်ငံဘဝမှ ကမ္ဘာ့အဆင်းရဲဆုံးသော နိုင်ငံတစ်နိုင်ငံဘဝသို့ ဆုတ်ယုတ်ကျဆင်းစေခဲ့ပါသည်။ ဤသမိုင်းဆိုးက တိုင်းရင်းသား ပြည်သူလူထု၏ ဆန္ဒကို ထင်ဟပ်နိုင်စွမ်းရှိသည့် ဒီမိုကရေစီစနစ်ကသာ နိုင်ငံတော်အတွက် အသင့်တော်ဆုံးဖြစ်သည်ကို ညွှန်ပြနေပါသည်။ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ တစ်ခုတည်းသော သန္နိဋ္ဌာန်ကြောင့် တိုင်းပြည်ကို နှစ်ပေါင်း ၂၆ နှစ်ကြာ ချုပ်ကိုင် အုပ်ချုပ်ခဲ့သည့် တစ်ပါတီဗဟိုချုပ်ကိုင်သော ဆိုရှယ်လစ်အစိုးရကို ရက်ပိုင်းအတွင်း ဖြုတ်ချနိုင်ခဲ့ခြင်းကလည်း တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုအင်အားကို ထင်ဟပ်ဖော်ပြနေပါသည်။

လူထုဒီမိုကရေစီအရေးတော်ပုံကြီးတွင် ပါဝင်ဆင်နွှဲခဲ့သော တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ ဒီမိုကရေစီရေး သန္နိဋ္ဌာန်ကြောင့် နိုင်ငံတော်သည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိနေပြီ ဖြစ်ပါသည်။ ပြည်နယ်များနှင့် တိုင်းဒေသကြီးများ အပါအဝင် ပြည်ထောင်စုကြီး တစ်ရပ်လုံးအတွက် လွှတ်တော်အသီးသီးကို တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး၏ ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်နိုင်ပြီ ဖြစ်ပါသည်။ အဆိုပါ လွှတ်တော်အသီးသီးကလည်း သက်ဆိုင်ရာ ကိုယ်စားပြု အစိုးရအသီးသီးကို ရွေးချယ်တင်မြှောက်နိုင်ပြီဖြစ်ပါသည်။

အရပ်ဘက်အဖွဲ့အစည်းတို့သည်လည်း သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် ဆိုင်ရာဆိုင်ရာ ပြည်သူ့အကျိုးပြု လုပ်ငန်းတို့ကို ဆောင်ရွက်နိုင်ခွင့် ရရှိနေပြီဖြစ်ပါသည်။ သတင်းမီဒီယာ လုပ်ငန်းတို့သည်လည်း လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ခွင့် ရရှိနေကြပြီ ဖြစ်ပါသည်။ သို့သော် နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ကို အပြည့်အဝ မငြှိမ်းသတ်နိုင်သေးသကဲ့သို့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးကိုလည်း အဆုံးတိုင်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါ။ ပြည်ထောင်စုကြီး၏ ဒီမိုကရေစီ အင်္ဂါရပ်များ ပြီးပြည့်စုံဖြစ်မြောက်လာရေးအတွက် ဆောင်ရွက်ရန်ကိစ္စရပ်များ ကျန်ရှိနေဆဲဖြစ်ပါသည်။ ဤကျန်ရှိနေသော အမျိုးသားရေး လိုအပ်ချက်တို့ကို ဖြည့်ဆည်းဆောင်ရွက်ရာ၌ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးသည် လူထုဒီမိုကရေစီ အရေးတော်ပုံကြီး၏ သန္နိဋ္ဌာန်ကို အလေးအနက် ခံယူကျင့်ကြံမည်ဆိုပါက ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးကို အောင်အောင်မြင်မြင် စွမ်းဆောင်နိုင်မည်ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

ကြေးမုံ