လယ်ဧက (၁၀၀၀)ကျော် အကျိုးပြုမည့် အုတ်ဖိုကန်ကျေးရွာ ကုန်ထုတ်လမ်း

စလင်း၊ ၁၇ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အုန်ဖိုကန်ကျေးရွာ ကုန်ထုတ်လမ်းအား ကျေးလက်ဒေသများရှိ ထွက်ကုန်များ ရာသီမရွေး ဈေးကွက်သို့အချိန်မီ သယ်ပို့နိုင်ရေးအတွက် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငွေလုံးငွေရင်း ရန်ပုံငွေ ၂၈ ဒသမ ၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါကုန်ထုတ်လမ်းမှာ စလင်းမြို့နယ်၊ တောစိမ့်ကျေးရွာအုပ်စု၊ အုတ်ဖိုကန်ကျေးရွာမှ လယ်ကွင်းများဆီသို့ ဆက်သွယ်နေသောလမ်းဖြစ်ပြီး လမ်းအရှည် (၁)မိုင် (၂)ဖာလုံ၊  အောက်ခံကျောက်ရောမြေ (၁)ပေထု၊ မြေနီကျောက်စရစ် (၉)လက်မနှင့် (၁၂)ပေအကျယ်ဖြစ်ပြီး တော်ဝင်ထွန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ အောက်ခံကျောက်ရောမြေ (၁)ပေထု ခင်းပြီး ရေဖျန်းစက်ကြိတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ သတ်မှတ် CBR ပြည့်မီမှုရှိ/မရှိ စလင်းမြို့နယ်ကျေးလက်မှ ဦးစီးအရာရှိ (နည်းပညာ) ဒေါ်စုစန္ဒာနှင့် အင်ဂျင်နီယာအဖွဲ့က ဇန်နဝါရီ ၁၇ ရက်တွင် ကွင်းဆင်းတိုင်းတာခဲ့ကြောင်း သိရသည်။

 

"ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေနဲ့တော့ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေး၊ ကျေးလက်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး ဒေသထွက်ကုန်များ ဈေးကွက်သို့ အချိန်မီရောက်ရှိစေရေးအတွက် ဒေသလိုအပ်ချက်အလိုက် ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများကို ဦးစားပေးအစီအစဉ်အလိုက် လျာထားဆောင်ရွက်လျက်ရှိပါတယ်၊ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်မှာ စလင်းမြို့နယ်အတွင်း မူလရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း (၃)လမ်း၊ ကုန်ထုတ်တံတား (၁)စင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း (၁)လမ်းတို့ကို တင်ဒါစနစ်နဲ့ ဆောင်ရွက်နေပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးပါက လယ်ဧက (၂၀၀၀၀) ကျော်မှ ထွက်ရှိသော သီးနှံများ ရာသီမရွေး သယ်ပို့နိုင်မှာဖြစ်ပါတယ်” ဟု စလင်းမြို့နယ်ဦးစီးမှူး ဦးစိုးခိုင်က ပြောသည်။

 

နီလာ(DRD)