လွယ်ဂျယ်၊ ကောလင်းနှင့် မော်လမြိုင်မြို့တို့တွင်  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ    

နေပြည်တော် ၃၁ ဒီဇင်ဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃၀ ရက် ညပိုင်းက မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ လွယ်ဂျယ်-မန်ကောင်း ကျေးရွာသွားလမ်းတွင် ယော်ထုံ(ခ)မာယော် မောင်းနှင်ပြီး မဂျာငိုင်၊ ဖော်ယူးမွန်းအောင်တို့ လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၆,၅၉၀ ပြားနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကိုသိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ဒီဇင်ဘာ ၃ဝ ရက် နံနက် ၁ဝ နာရီခွဲက မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကောလင်းမြို့နယ်၊ ဆင်ကုန်းကျေးရွာအုပ်စု၊ ကညို့အင်း ကျေးရွာအနီး၊ ထီးချိုင့် - ကျောက်တန်းသွားလမ်းတွင် မောင်ကျိန် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၇,၁၂၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့မွန်းလွဲပိုင်းက  မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ မြိုင်ရတနာလေးထပ်ဈေး ဝင်ပေါက်ရှေ့တွင် တွေ့ရှိသူ ဇော်မျိုးနိုင် (ခ) ရွှေအ (ခ) ကားကားနှင့် မင်းသိန်းတို့အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၆၅၂ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မြိုင်ရတနာလေးထပ်ဈေးဝင်ပေါက်ရှိ လက်ဖက်ရည်ဆိုင်အနီးတွင် မမော်မော်စိုးအား တွေ့ရှိပြီး ၎င်းထံမှ မြန်မာငွေကျပ် ၃၂,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား