လွယ်ဂျယ်၊ ပုသိမ်ကြီး၊ လောက်ကိုင်မြို့နယ်တို့တွင်  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ  

နေပြည်တော် ၁၀ ဇွန် 


    
မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၉ ရက် ည ၉ နာရီခန့်က မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ လွယ်ဂျယ်-မန်ကောင်းသွားကားလမ်းပေါ်တွင် လဆန်(ခ)မာခမ်းမောင်းနှင်ပြီး နော်ထွယ် လိုက်ပါလာသည့် TOYOTA IPSUM အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့် ရှာဖွေရာ ငွေကျပ်သိန်း ၁၃၃၄ တန်ဖိုးရှိ  ဘိန်းဖြူ ၁ ဒသမ ၂၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၇,ဝ၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလာတူ ယင်းနေ့ နံနက် ၅ နာရီက မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်ကျောက်ချောစစ်ဆေးရေး စခန်းတွင် ခရီးသည်တင် မော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ ခရီးသည် မဂျာဆိုင်းကိုင်နှင့် လထော်ဂွန်မန်ဒူ တို့ထံမှ ငွေကျပ်သိန်း ၁၁၈၁ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,ဝ၀ဝ ၊ ဘိန်းဖြူ ၃၃၀ ဂရမ်နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့ကိုသိမ်းဆည်းရမိခဲ့သည်။


    
ထို့အတူ မွန်းလွဲ ၁၂ နာရီခွဲတွင်    တပ်မတော်မှ လောက်ကိုင်မြို့နယ်၊ တာရွှေထန်ကျေးရွာအုပ်စု၊ ကြာစီရှုးကျေးရွာနေ ကျောက်လော်ဖာ၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ ခုတင်အောက်မှ စိတ်ကြွရူးသွပ် ဆေး ၁,၃၇၅ ပြား သိမ်းဆည်းရမိခဲ့ပြီး၊ အလားတူ  ကြာစီရှုးကျေးရွာအပြင်ဖက်ရှိ တောင်ယာတဲဟောင်းကို ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေး ပြား ၁,၇၂၅ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။  

 

(ကိုရဲ)