လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်တိုးမြှင့်ထုတ်လုပ်ရေး ကြိုးပမ်းဆောင်ရွက်

နေပြည်တော် မတ် ၄

စိုက်ပျိုးရေးလုပ်ငန်းတွင် သီးနှံလေလွင့်ဆုံးရှုံးမှု လျော့ပါးစေရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ် ၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဘက်စုံသီးနှံ ကာကွယ်ရေးစနစ်ကို အခြေခံဆောင်ရွက်၍ အပြည်ပြည်ဆိုင်ရာ သီးနှံကာကွယ်ရေး စံချိန်စံညွှန်းများနှင့်အညီ စိုက်ပျိုးရေး ထွက်ကုန်များအား တင်ပို့တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းများအလိုက် စိစစ်ကြပ်မတ် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်များအတွက် သက်ဆိုင်ရာ နိုင်ငံများနှင့် သဘောတူညီချက် စံနှုန်းများနှင့် အညီဖြစ်စေရေး၊ ပိုးသတ်ဆေး တင်သွင်းထုပ်ပိုး ဖြန့်ဖြူးခြင်း လုပ်ငန်းများအပေါ် တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြီးကြပ်ထိန်းသိမ်းရေး၊ သီးနှံပိုးမွှားရောဂါ ကင်းရှင်းကြောင်း လက်မှတ်များထုတ်ပေးရာ တွင်လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ  ဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ သားငါးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် လုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်သွားရန်ကိစ္စ၊ နည်းပညာနှင့် အရင်းအနှီးများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ပြည်ပသွင်းကုန်အစားထိုး ကုန်ချောထုတ်လုပ်ရေး၊ ပြည်တွင်းနှင့် နိုင်ငံတကာ စျေးကွက်များ တိုးတက်ရရှိရေးဆိုင်ရာများ၊ တိရစ္ဆာန်ရောဂါနှင့် ဓာတုဆေးဝါး ဓာတ်ကြွင်းကင်းစင်ပြီး အဟာရပြည့်ဝသည့် နိုင်ငံတကာ စံချိန်စံညွှန်းမီ မွေးမြူထုတ်လုပ်နိုင်ရေး၊ ရေသတ္တဝါများနှင့် အသားကဏ္ဍ ထုတ်ကုန်များတွင် ရောဂါကူးစက်ပျံ့နှံ့ခြင်း ဖြစ်ပွားပါက အရေးပေါ်အစီအမံများ ဆောင်ရွက်နိုင်ရေး၊ ပြည်ပပို့ကုန်များအား သက်ဆိုင်ရာနိုင်ငံများ၏ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေး စီမံဆောင်ရွက်သွားနိုင်ရေး  ဆွေးနွေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေယမှုံအင်တာနေရှင်နယ်လီမိတက်၏ အေးခဲပုဇွန်များပြုလုပ်၍ ပြည်ပသို့တင်ပို့ရန် ပြင်ဆင်ထားရှိမှု၊ တန်ဖိုးမြင့် ကုန်ချောအဖြစ် ပြုပြင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး အားပေးသည်။

သတင်းစဉ်