လယ်ယာလုပ်သားရှားပါးမှုနှင့် ရိုးစင်းသေးငယ်သော စက်ကိရိယာများ

၇ သြဂုတ်

တိုင်းပြည်လူဦးရေ၏ သုံးပုံနှစ်ပုံသည် လယ်ယာစိုက်ပျိုးရေးအပေါ် မှီခိုနေရသော ကျေးလက်ပြည်သူများ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်၏ အမျိုးသားရေး လိိုအပ်ချက် ဖြစ်ပါသည်။ ပစ္စုပ္ပန်ကာလ၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ အဓိကအခက်အခဲတစ်ရပ်မှာ လယ်ယာလုပ်သား ရှားပါးခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ လယ်ယာလုပ်သားရှားပါးခြင်း၏ အဓိကအကြောင်းရင်းမှာ လယ်ယာလုပ်သားတို့၏ ဝင်ငွေသည် ဘဝရပ်တည်ရေးအတွက် မလုံလောက်သောကြောင့် ဖြစ်ပါသည်။

တိုင်းပြည်၏ လယ်သမားအများစုဖြစ်သော လုပ်ကွက်ငယ်လယ်သမားတို့ အနေဖြင့် လယ်ယာလုပ်သားတို့၏ လုပ်အားခကို ယခုထက် သိသိသာသာ တိုးမြှင့်ပေးရန် အခက်အခဲရှိပါသည်။ လယ်ယာလုပ်သား ရှားပါးလာခြင်းနှင့်အတူ ကျွဲ၊ နွားများအလုံအလောက် ရရှိရန်ခက်ခဲမှုက ဤပြဿနာကို ဖြေရှင်းရန် ပိုမိုခက်ခဲစေပါသည်။ လေ့လာသုံးသပ်သူတို့၏ တင်ပြချက်အရ မြန်မာနိုင်ငံ၏ စပါးကျီဟု ပြောနိုင်သော ဧရာဝတီတိုင်းဒေသကြီး အပါအဝင် ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လယ်ယာ လုပ်သားများ ရှားပါးနေသကဲ့သို့ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း လယ်ယာလုပ်သားများ ရှားပါးလျက်ရှိပါသည်။

စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်မည်ဆိုပါက ဤလယ်ယာ လုပ်သားရှားပါးမှု ပြဿနာကို ကိုင်တွယ် ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။ သို့သော် ပစ္စုပ္ပန်ကာလ လယ်သမားတို့၏ ဝင်ငွေအဆင့်အတန်းနှင့် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးမှု အနေအထားတို့က စက်မှုလယ်ယာ ကူးပြောင်းရေးအား အပြည့်အဝဆောင်ရွက်ရန် အဟန့်အတားဖြစ်စေ လျက်ရှိပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တောင်သူ လယ်သမားတို့အနေဖြင့် လယ်ယာသုံးထွန်စက်ကြီးများ ဝယ်ယူနိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက်၍ အရစ်ကျ ဝယ်ယူရေးစနစ်တို့ကို ဖန်တီးပေးလျက်ရှိပါသည်။ သို့သော် လယ်ယာသုံးထွန်စက်ကြီးတို့၏ တန်ဖိုးသည် ကျပ်သိန်း ၂ဝဝ မှ ၃ဝဝ ဝန်းကျင်အထိ ရှိသည်ဖြစ်၍ လယ်သမားအများစုအနေဖြင့် အဆိုပါ လယ်ယာသုုံးထွန်စက်ကြီးတို့ ဝယ်ယူရန် မတတ်နိုင် ဖြစ်ကြရပါသည်။ ကောက်ရိတ်သိမ်းစက်ကြီးများနှင့် ခြွေလှေ့စက်ကြီးများ ဝယ်ယူနိုင်ရေး၌လည်း လယ်သမားအများစုအနေဖြင့် အလားတူပြဿနာကိုပင် ရင်ဆိုင်ကြရပါသည်။

ဖွံ့ဖြိုးမှုအဆင့်အတန်း၌ မြန်မာနိုင်ငံနှင့် မတိမ်းမယိမ်းရှိသော တချို့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လယ်ယာ လုပ်သားရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်ရန် နှစ်ဘီးတပ် လက်တွန်းထွန်စက်ငယ်တို့ကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါသည်။ နှစ်ဘီးတပ် လက်တွန်းထွန်စက်ငယ် တို့သည် စက်မှုပိုင်းဆိုင်ရာ တည်ဆောက်မှု၌ ရိုးစင်းသကဲ့သို့ တန်ဖိုး၌လည်း များစွာသက်သာပါသည်။ သို့ဖြစ်ပါ၍ လယ်သမားအများစုသည် နှစ်ဘီး တပ်လက်တွန်းထွန်စက်တို့ကို ဝယ်ယူနိုင်စွမ်းရှိကြပြီး ပြင်ဆင်ရန်လိုအပ် ပါကလည်း လေ့ကျင့်မှု အနည်းငယ်ပံ့ပိုးပေးရုံမျှဖြင့် ဤနှစ်ဘီးတပ် လက်တွန်းထွန်စက်ငယ်တို့ကို ကျေးလက်ဒေသ၌ပင် ပြင်ဆင်နိုင်ကြပါသည်။ အလားတူ သဘောတရားအပေါ် အခြေခံထုတ်လုပ်ထားသည့် ရိုးစင်းသေးငယ်သော ခြွေလှေ့စက်၊ ကောက်စိုက်စက်နှင့် ပေါင်းရှင်းစက်တို့သည်လည်း ကျယ်ပြန့်ကြီးမားသော ဖွံ့ဖြိုးမှုတို့ ဖြစ်ပေါ်စေရန် ပံ့ပိုးပေးကြပါသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့် တိုင်းပြည်၏ လယ်ယာလုပ်သား ရှားပါးမှုပြဿနာအား ဖြေရှင်းနိုင်ရေးအတွက် ရိုးစင်းသေးငယ်သော လယ်ယာသုံး စက်ကိရိယာများ သုံးစွဲနိုင်ရေးအပေါ် အလေးအနက် သုံးသပ်သင့်ပါကြောင်း လေးစားစွာအကြံပြု တင်ပြအပ်ပါသည်။ ။

(မြန်မာ့အလင်း)