လယ်ယာမြေဧက ၉၀ဝ ကျော် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း နှင့် တံတားလေးစင်း တည်ဆောက်

ပေါင်းတည်   ၉   မေ

 

ပဲခူးတိုင်းဒေသကြီး  ပြည်ခရိုင် ပေါင်းတည် မြို့နယ် အင်းကြီးကျေးရွာတွင် လယ်ယာမြေ ဧက ၉၀ဝ ကျော်မှ လယ်ယာထွက်ကုန်များ ဈေးကွက်သို့အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ ကျေးလက် ကုန်ထုတ်လမ်းနှင့် ယင်းကုန်ထုတ်လမ်းပေါ်တွင် တံတားလေးစင်း တည်ဆောက်နေကြောင်း ပေါင်းတည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

2780

 

အဆိုပါ ကုန်ထုတ်လမ်းနှင့် တံတားလေးစင်းမှာ အရှည် ၂ မိုင် အကျယ် ၁၈ ပေ ထု ၂ ပေမြေသား လမ်းခင်းခြင်း၊ ယင်းမြေသားလမ်းပေါ်တွင် အရှည် ၂ မိုင် အကျယ် ၁၂ ပေ ထု ၉ လက်မ မြေနီ ကျောက်စရစ်ခင်းခြင်း၊ အလျား ၂၄ ပေ အနံ ၄ ပေ ၉ လက်မ အမြင့် ၄ ပေ ၉ လက်မ တံတားနှစ်စင်း၊ အလျား ၁၂ ပေ အနံ ၁၄ပေ အမြင့် ၁၀ပေတံတားနှစ်စင်း တည်ဆောက် ခြင်းလုပ်ငန်းတို့ကို ယခုဘဏ္ဍာနှစ်၌ အင်းကြီး ကျေးရွာတွင် တင်ဒါအောင်မြင်သော အောင်ခေတ်သစ် ကုမ္ပဏီက မူလခွင့်ပြု ရန်ပုံငွေကျပ် ၁၂၄ ဒသမ ၁၁ သန်းဖြင့်  ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်ကစတင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခု ၇၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း ပေါင်းတည် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း ကပြောသည်။

 

အဆိုပါ အင်းကြီးကျေးရွာ ကုန်ထုတ်လမ်းနှင့် တံတားလေးစင်းဆောင်ရွက်ပြီးစီးပါက အိမ်ခြေ ၃၄၂၅ အိမ်မှ လူဦးရေ ၁၂၆၀၈ ဦး တို့၏လယ်ယာဧက ၉၄၂ ဧကမှ လယ်ယာ ထွက်ကုန်များဈေးကွက်သို့ အချိန်မီရောက်ရှိ မည်ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းသူ