လယ်ယာသုံးစက်ကိရိယာ ကိုင်တွယ်မောင်းနှင် ထိန်းသိမ်းမှု (အခြေခံ)သင်တန်း  ယင်းမာပင်၌ဖွင့်

ယင်းမာပင်    ၁၉   သြဂုတ်


လယ်ယာသုံး စက်ကိရိယာ ကိုင်တွယ်မောင်းနှင် ထိန်းသိမ်းမှု အခြေခံသင်တန်းကို ယနေ့ နံနက် ၉ နာရီက ယင်းမာပင်မြို့ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၁)စက်မှုလယ်ယာစခန်း သင်တန်းခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ယင်းမာပင်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် ခရိုင် စက်မှုလယ်ယာ ဦးစီးမှူး ဦးသန်းမြင့်တို့က အဖွင့်အမှာစကား ပြောကြားပြီး အမှတ်(၄၁) စက်မှုလယ်ယာစခန်းမှ မြို့နယ် ဦးစီးမှူး ဦးတင်မိုးက "ကျွန်တော်တို့ တောင်သူများအနေဖြင့် လက်မှုလယ်ယာကနေ စက်မှုလယ်ယာသို့ တစ်ဖြေးဖြေး ကူးပြောင်းလာတာနဲ့အညီ လယ်ယာသုံး စက်ကိရိယာများကို လက်တွေ့အသုံးပြု လုပ်ကိုင်ရာတွင် စနစ်တကျ မောင်းနှင်ကိုင်တွယ် အသုံးပြုတတ်စေရန်နှင့် စက်ပစ္စည်းများကို ထိန်းသိမ်း ပြုပြင်တတ်စေရန်အတွက် သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။


သင်တန်းတွင် လယ်ယာသုံး စက်ကိရိယာများဖြစ်သည့် လက်တွန်းထွန်စက်၊ ထွန်စက်ကြီး၊ ကောက်စိုက်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များနှင့် ပတ်သက်၍ လက်တွေ့ မောင်းနှင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်း နည်းစနစ်များကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း သိရသည်။ 


သင်တန်းသို့ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်တို့မှ သင်တန်းသား ၃၇ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဩဂုတ် ၁၉ ရက်မှ ဩဂုတ် ၃၀ ရက်အထိ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမှာဖြစ်ကြောင်း သိရသည်။


သန်းဌေးအောင်(ကနီ)